Unordered List

Tuesday, May 21, 2013

တစ္ဆေခြောက်သောနေ့ရက်များ


နင် ရူးနေပြီ မြသွေး တဲ့။ ထိုစကားတစ်ခွန်းက နားထဲသို့ခပ်ပြင်းပြင်းတိုးဝင်လာ၏။ မြသွေး ရူးနေပြီတဲ့။
 မြသွေး ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ကြည့်မိ၏။ ဟုတ်သည်..။ သူတို့ပြောသလို မြသွေး ရူးနေခဲ့ပြီ။ မြသွေး
သူ့ကို အရမ်းသတိရ နေသည်။ အရမ်းလည်း ချစ်မြတ်နိုးသည်။ ထိုသို့ဖြစ်နေခြင်းက မြသွေးကို အရူး
တစ်ယောက်ဖြစ်မှန်းမသိဖြစ်ခဲ့ခြင်းပင်။ နှလုံးသားကိုရစ်နွယ်လာသည့်ကြိုးဆိုတာက အချည်လွယ်သ
လောက်အဖြတ်ခက်သည်မဟုတ်လား။ ထိုကြိုးကိုမဖြတ် နိုင်သရွေ့ မြသွေး ရူးနေရဦးမည်။ အခုချိန်အထိ
လည်း မိုက်မဲစွာ ရူးသွပ်နေဆဲပင်ဖြစ်လေသည်။


(၁)


အချစ်ဆိုတာ ပင်လယ်ရေလို သောက်လေသောက်လေငတ်မပြေနိုင်ဘူးတဲ့။ အချစ်က နူးညံ့သိမ်မွေ့သည်။
ဝိုင်တစ်ခွက်လိုလည်း ယစ်မူးစွာဖျားယောင်းတတ်သည်။ အချစ်နှင့်တွေ့လျှင် မာကျောနေသည့်နှလုံးသားက
နူးညံ့ သွားတတ်သည်တဲ့။ သူငယ်ချင်းတွေပြောသည့် အချစ်၏ဒဿနတွေအကြား မြသွေး၏ ဟားတိုက်ရယ်
မောသံများက အက်ကြောင်းထပ်ခဲ့ဖူး၏။ သူတို့ပြောသော အချစ်အကြောင်းသည် မြသွေးအတွက် ရယ်စရာ
ပြက်လုံးတစ်ခုထက်မပိုခဲ့ပါ။ အချစ်ဆိုတာများ ဖြူသလား မည်းသလား မြသွေး မသိပါ။ စိတ်ဝင်တစားလည်း
 မတွေးကြည့်ဖူးခဲ့ပါ။ မဟာသိပ္ပံဘွဲ့အတွက် စာတွေနှင့်လုံးပန်းနေရသည့် မြသွေးခေါင်းထဲတွင် စာမှလွဲ၍
အချစ်နှင့်ပတ်သက်သည့်အရာဟူသမျှ ရှိမနေခဲ့ပါ။


လက်ချင်းချိတ်၍တွဲသွားနေသည့်ချစ်သူစုံတွဲများအား အရူးတွေဟူ၍ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခဲ့ဖူးသည်။ သူငယ်
ချင်းတွေ ချစ်သူရသွားလျှင်လည်း အပူရှာကြသူတွေဟု မှတ်ချက်ပေးခဲ့ဖူးသည်။ “နင်တစ်နေ့တော့သိလာမှာပါ
မြသွေး”  ဟူသောသူငယ်ချင်းတွေ၏စကားကိုလည်း ပြက်ရယ်ပြုခဲ့သည်မှာလည်း အကြိမ်ကြိမ်။ တစ်ယောက်
တည်းနေ၍မှ ခန္ဓာ ငါးပါးနှင့်ပူလောင်နေရသည့်အထဲ အချစ်ကိုအကြောင်းပြုပြီးနှစ်ယောက်တစ်ဘဝသာဖြစ်
လာခဲ့လျှင် ခန္ဓာဆယ်ပါးနှင့် ဘယ်လောက်များပူလောင်လိမ့်မလဲ။ အချစ်ဆိုတာ ကြာလာတော့ အပြစ်တွေဖြစ်
မလာဘူးလို့ ဘယ်သူပြောနိုင်လဲ။ ကိုယ့်တစ်တွေး ကိုယ့်အယူအဆနှင့် ပြတ်သားစွာနေလာခဲ့သည့် မြသွေးပါ။


 ငြိမ်သက်နေသည့်ကန်ရေပြင်ကို ခဲတစ်လုံးပစ်ချလိုက်၍ ဂယက်ထသလိုမျိုးလား။ လေပြည်ညင်းတွေဆော့
ကစားသည့်အခါ သစ်ရွက်ကလေးတွေ ရှက်သွေးဖြာသွားသလိုမျိုးလား။ ပင်လယ်ပြင်တွင် ငွေလှိုင်းဖြူများ
ရင်ခုန်မြူးထူးစွာ ကခုန်နေသလိုမျိုးလား။ မြသွေး မတွေးတတ်ပေမယ့် သူနှင့်တွေ့သည့်နေ့က မြသွေး ထိုသို့
ဖြစ်ခဲ့ပါသည်။


နွေရာသီ၏ပူပြင်းသည့်နေ့လည်တွင် အအေးဆိုင်တစ်ဆိုင်၌ သူနှင့်ဆုံခဲ့ပါသည်။ မြသွေး၏မျက်နှာချင်းဆိုင်ဝိုင်း
တွင် ထိုင်နေသောသူ့ကို မြသွေး သတိလက်လွတ်ကြည့်နေမိခဲ့၏။ သူနှင့်အကြည့်ချင်းဆုံတော့ မြသွေး ရင်ခုန်
သွားမိသည်မှာ တားချိန်မရလိုက်ပါ။


သူက မြသွေးထက်အသက်ကြီးမည်ထင်ရ၏။ သူ့အကြည့်တွေက မကြာမကြာ မြသွေးဆီရောက်လာ၏။ မြသွေး
 ရင်ထဲမှာလည်း မြင်းရိုင်းတစ်ကောင်လို ခုန်ပေါက်ပြေးလွှားလို့။ သူ့ရှေ့တွင် ရှက်ကိုးရှက်ကန်းနှင့် မနေတတ်
အောင်ဖြစ်မိ၏။ သူက မြသွေးအဖြစ်ကို သဘောကျသလိုပြုံး၏။ သူ့အပြုံးတွင် မြသွေး တဒင်္ဂနစ်မျောသွားခဲ့ရ
သည်။သူငယ်ချင်းတွေရှေ့တွင် ဟန်မပြက်နေခဲ့ပေမယ့် နှလုံးသားတစ်ခုအရောင်ပြောင်းလုလုဖြစ်နေခဲ့၏။
အကြည့်တစ်ချက်နှင့် မူးမူးမိုက်မိုက်ဖြစ်ခဲ့ရတာ အချစ်များလား။  မြသွေး အရင်ကပြောခဲ့သလို မြသွေး ရူးနေ
ပြီထင်သည်။ ဟုတ်သည်။ သူ့ကြောင့် မြသွေး အချစ်ရူး တစ်ယောက်ဖြစ်ခဲ့ရလေပြီ။


(၂)


နောက်တစ်ခါ သူနှင့်ထပ်တွေ့ရသောအခါ မြသွေး အနားတွင် သူငယ်ချင်းတွေမရှိ။ မှတ်တိုင်တွင်ဘတ်စ်ကား
စောင့်နေစဉ် အရိပ်တခုကျလာသဖြင့်ကြည့်လိုက်သောအခါ သူ ဖြစ်နေ၏။ သူ့အပြုံးက မြသွေး အပေါ်တွင်
 ဖော်ရွေရင်းနှီး လွန်းနေခဲ့၏။


“ ကိုယ် မင်းနဲ့ခဏလောက်စကားပြောချင်တယ်၊ ခွင့်ပြုမလား ” 


မြသွေး ခေါင်းညိတ်လိုက်မိတာ မှားသွားလား။ တစ်ခါသာမြင်ဖူးသည့်ယောကျာ်းတစ်ယောက်၏စကားကို
လွယ်လင့်တကူလက်ခံလိုက်သည့်အတွက် မြသွေး မှားသွားမှန်းသိ၏။ သို့သော် ကိုယ့်နှလုံးသားကိုတော့
ကိုယ် မညာရက်နိုင်တော့။ နှလုံးသားတွင် တိတ်တခိုးစူးဝင်နေသည့်မြှားတစ်ချောင်းကို မြသွေး လျစ်လျူ
မရှုနိုင်အောင်ဖြစ်မိ၏။ အနီးတွင်ရှိသည့် အအေးဆိုင်ထဲတွင် သူနှင့်ဝင်ထိုင်ဖြစ်ခဲ့၏။


“ ကိုယ် မြသွေးကိုမေ့လို့မရဘူးဖြစ်နေတယ်၊ ဒါကြောင့် မြသွေးနောက်ကိုအရိပ်လိုလိုက်နေခဲ့တာ၊ ကိုယ့်
အချစ်ကို လက်ခံနိုင်မလားဟင် ” 


ရင်ခုန်သံကိုထိန်းချုပ်ရင်း မြသွေး နှုတ်ဆိတ်နေမိ၏။ အိုင်တီခေတ်တွင် မြသွေးနာမည်ကို သူသိနေသည်က
 အထူးအဆန်းတစ်ခုလို့မထင်မိတော့။ သူ့စကားလုံးများက ကျွန်မနားထဲဖျောက်ရခက်နေ၏။ ကျွန်မ အချစ်
ရူးရူးနေခဲ့  သည်မှာ ဆိုင်ထဲအထိလိုက်ပြီးရည်းစားစကားပြောခံရသည်ဟုလည်း ရှက်ရကောင်းမှန်းမသိ။
 အခုမှတွေ့သည့် လူ တစ်ယောက်ကို ယုံသင့်မယုံသင့်ဆိုတာလည်း ချင့်ချိန်နိုင်စွမ်းမရှိ။ နှလုံးသား၏ကွက်
လပ်တစ်ခုကို ဖြည့်စွက်ရန် အသင့်ဖြစ်နေခဲ့၏။


“ ကိုယ့်အချစ်ကိုလက်ခံပေးပါလား မြသွေးရယ် ” 


ဒီတစ်ခါခေါင်းညိတ်လိုက်မိသည်က နှလုံးသား၏ဆန္ဒအတွက် မြသွေး လိုလိုလားလားလက်ခံခဲ့ခြင်းဖြစ်၏။
မိန်းကလေးသဘာဝ ရှက်တာလေးရှိပေမယ့် နှလုံးသားကိုထိန်းချုပ်နိုင်စွမ်းမရှိခဲ့။ အညှာလွယ်လွန်းသည်ဟု
လည်း မမြင်မိတော့။ ချစ်တာကို ချစ်တာဟု ရိုးရိုးလေးပင်ခံစားခဲ့၏။ ပျော်ရွှင်သွားသည့် သူ့မျက်နှာပေါ်တွင်
 မြသွေး အား အထင်သေးရိပ်တို့ရှိမနေပါ။ လမ်းတစ်ခုမှာတွေ့ပြီး ရည်းစားတွေဖြစ်သွားကြသည်မှာ ရှေးရှေး
တုန်းကရိုးရိုးပုံပြင်လေး တစ်ပုဒ် ဖြစ်ချင်ဖြစ်မည်။ မြသွေး အတွက်တော့ ဆန်းကြယ်သည့်အိပ်မက်တစ်ခု
မက်ခွင့်ရခဲ့လေသည်။


ထိုနေ့က သူနှင့်ဘတ်စ်ကားအတူစီးရသည်မှာ ပို၍အဓိပ္ပါယ်ရှိသည်ဟုထင်မိ၏။ သူငယ်ချင်းများနှင့်သာ
 ရောက်ဖူးသည့်ပန်းခြံကိုလည်း သူနှင့်အတူသွားခဲ့၏။ သူက မြသွေးထက် လေးနှစ်ကြီးသည်မို့ မြသွေးကို
 သည်းသည်းလှုပ်ချစ်၏။ မြသွေးလည်း သူ့အပေါ်အားကိုးတွယ်တာလွန်းခဲ့၏။


မြသွေးတို့၏ ချစ်သူသက်တမ်းနည်းနည်းကြာမြင့်လာသောအခါ သူ့အပေါ် ချစ်စိတ်သာမက မြတ်နိုးတန်ဖိုး
ထား မှုတို့လည်းတိုးလာရ၏။ အရင်ကလို တစ်ကိုယ်တော် ဗယ်လင်တိုင်းလည်းလုပ်စရာမလိုတော့ပါ။
ချစ်သူများနေ့တွင် သူနှင့်အတူဖြတ်သန်းရသည်ကပင် အဓိပ္ပါယ်တချို့ပျော်ဝင်နေခဲ့ရသည်။ သူ အလုပ်
ကိစ္စနှင့် ခရီးထွက်သည့်အခါတိုင်း မြသွေး ပြင်းပြစွာလွမ်းဆွတ်တတ်ခဲ့သည်။ ချစ်မိတော့လည်း ခဏ
လေးတောင် မဝေးချင်မိတော့ပါ။ နေရာတိုင်းတွင် သူ့ပုံရိပ်တို့ကိုသာ မြင်ယောင်တမ်းတနေမိသည်ကို
ပိုလွန်းသည်ဟုလည်းမထင်ချင်တော့ပေ။ သူ ခရီးသွားသည့်အခါတိုင်း စာကျက်၍လည်းမရခဲ့။ သူ့
အကြောင်းတွေသာ တွေးမိ လာသည်နှင့်အမျှ တချို့သောကိစ္စများကို လျစ်လျူရှုချင်လာမိခဲ့သည်။


အတန်းပျက်သည့်အချိန်တွင် သူငယ်ချင်းများကို လိမ်တတ်လာသလို အိမ်ပြန်နောက်ကျသည့်အချိန်တွင်
မိဘတွေ ကို အကြောင်းပြချက်မျိုးစုံပြတတ်လာသည်။ အချစ်ကြောင့် လိမ်ညာရသည်ကိုပင် တစ်မျိုးခံစား
၍ကောင်းသည်ဟု မြသွေး ထင်မိခဲ့သေး၏။အရင်က စာနှင့်သာလုံးချာလိုက်နေခဲ့သောဦးနှောက်ထဲတွင်
သူ့အကြောင်းတွေ ခပ်စိပ်စိပ်လေးစိုးမိုးလာခဲ့သည်။ အတန်းထဲတွင်ထိပ်ဆုံးကရပ်တည်နိုင်ခဲ့သောပညာ
ရေးကတဖြည်းဖြည်းဆုတ်နစ်လာသည်ကိုတော့ အချစ်ကြောင့်ဟု ခေါင်းစဉ်မတပ်ချင်မိပေ။ အချစ်ကြောင့်
ရူးသွပ်နေကြသူများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်နေသည်ကိုပင် မြသွေး လိုလိုလားလားလက်ခံ
တတ်ခဲ့ပြီဖြစ်သည်။


(၃)


ဒီနေ့လည်း မြသွေး အတန်းလစ်ခဲ့ပြန်သည်။ သူငယ်ချင်းတွေကိုတော့ နေမကောင်းချင်၍ဟုသာ ဆင်ခြေ
ပေးခဲ့ရသည်။ သို့သော် သူငယ်ချင်းတွေက ယုံကြည်ဟန်တော့မပြ။ မြသွေး ခြေလှမ်းပျက်နေသည်ကို ရိပ်မိ
ချင်သလိုလို ဖြစ်နေကြပြီထင်သည်။ သူ ခရီးသွားရာက ပြန်ရောက်လာခဲ့ပြီ။ သူနှင့်မတွေ့ဖြစ်သည့်နေ့ရက်
များတွင် မြသွေး ပြင်းပြစွာ သတိရတမ်းတနေမိခဲ့ကြောင်း သူ့ကိုပြောပြချင်သည်။ သူ့ရင်ခွင်နွေးနွေးထဲတွင်
ခိုဝင်အလွမ်းဖြေချင်သည်။


သူနှင့်မြသွေး ပန်းခြံထဲတွင် လက်ချင်းချိတ်ကာ တွဲလျှောက်လာခဲ့သည်။ တစ်ချို့သော စုံတွဲများ၏ မဖွယ်
မရာ ပြုမှုကိုမြင်ရတော့ မြသွေး မျက်နှာပင်လွှဲလိုက်မိ၏။ ရဲတင်းလှချည်ရဲ့ဟုတွေးမိသလို စိတ်ထဲမှလည်
း ကဲ့ရဲ့ရှုံ့ချသွားမိသည်။ ဤသို့သောနေရာများက မြသွေးနှင့် စိမ်းသက်လှပါသည်။ သူနှင့် ပန်းခြံသို့ရောက်
လာခဲ့သည်မှာလည်း ပထမဆုံးအကြိမ်ဖြစ် သည်။ နေရာတိုင်းတွင် စုံတွဲများရှိနေခဲ့သည်။ အေးဆေးစွာ
စကားပြောခြင်းထက် အမြင်ရိုင်းသောအပြုအမူမျိုးကိုမြင်ရသည့် အတွက် မြသွေး ပန်းခြံထဲမှပင်ထွက်ပြေး
ချင်စိတ်ပေါက်လာခဲ့သည်။


သစ်ပင်ကြီးတစ်ပင်အောက်ရှိ ခုံတန်းလေးပေါ်တွင် သူနှင့်မြသွေး ဝင်ထိုင်လိုက်သည်။ သူက ခရီးသွားသည့်
အချိန်တွင် မြသွေးကို ဘယ်လောက်သတိရကြောင်းပြောနေခဲ့သည်။ သို့သော် မြသွေးသည် သူ့စကားတို့ကို
 နားထဲတွင် မကြားတစ်ချက် ကြားတစ်ချက်ဖြစ်နေခဲ့၏။ မြသွေးတို့ကို ဘယ်သူတွေက ဘယ်လိုထင်သွားကြ
မလဲဟု စိုးရိမ်စွာတွေးမိတော့ သူနှင့်ခပ်ခွာခွာလေးထိုင်မိခဲ့၏။ သို့သော် သူက မြသွေး အနားသို့တိုးလာကာ
လှမ်းပြော၏။


“ မြသွေးကို အရမ်းလွမ်းတာပဲကွာ၊ မြသွေးနဲ့ နီးချင်လှပြီ ” 


လှိုက်မောတုန်ရီနေသည့်စကားသံအဆုံး သူ့လက်တွေက မြသွေး ပခုံးပေါ်ခပ်ဖွဖွလေးရောက်လာခဲ့သည်။
 ပြီးနောက် တင်းကြပ်သောချည်နှောင်မှုမျိုးဖြင့် သူ ပွေ့ဖက်လာခဲ့သည်။ သူ့မျက်နှာသည် တဖြည်းဖြည်းနှင်
့ မြသွေး မျက်နှာဆီသို့ပူးကပ် လာခဲ့သည်။ မြသွေး ခေါင်းထဲတွင် အချက်ပေးသံတို့ဆူညံစွာ မြည်ဟည်း
လာခဲ့သည်။ မျက်လုံးထဲတွင်လည်း တခြားသော စုံတွဲများကိုမြင်ယောင်မိရင်း ရှက်စိတ်တို့တရိပ်ရိပ်တက်
လာခဲ့သည်။


“ ကို .. မြသွေးတို့စကားပြောကြရအောင်နော် ” 


နီးကပ်လာသည့်သူ့မျက်နှာကိုရှောင်ရှားလိုက်ရင်း မြသွေး စကားစလိုက်မိသည်။ မြသွေး စိတ်ထင်၍လား
 မပြောတတ်ပေ။ သူ့မျက်နှာပျက်သွားသလိုထင်လိုက်ရသည်။ သူမျက်နှာမကောင်းတော့လည်း မြသွေး
လှုပ်လှုပ် ရှားရှားဖြစ်သွားရပြန်သည်။


“ ပြောလေ မြသွေး၊ ကိုယ်ကတော့ မြသွေးကိုပဲတစိမ့်စိမ့်ထိုင်ကြည့်နေချင်တယ် ” 


သူက မြသွေးလက်လေးကိုကိုင်၍ လှမ်းပြော၏။ ဒီတစ်ခါတော့ မြသွေး မရုန်းမိတော့ပါ။ လက်ကလေး
ကိုင်ရုံ လောက်တော့ မြသွေး ခွင့်ပြုနိုင်ပါသည်။ သို့သော် သူသည် လက်ကိုင်ရုံမျှဖြင့် ရောင့်ရဲကျေနပ်
မသွားခဲ့ပေ။ မြသွေးကို သူ့ရင်ခွင်ထဲဆွဲပွေ့ခဲ့ပြန်သည်။ မြသွေး ရုန်းလိုက်မိသော်လည်း သူက တင်းကြပ်
စွာပွေ့ဖက်ထားဆဲပင်။ ရှက်ရွံ့စိတ်သည် မြသွေးတစ်ကိုယ်လုံးသို့ စီးဝင်ပျံ့နှံ့လာခဲ့သည်။


“ အဲလိုမလုပ်ပါနဲ့ ကို၊ မြသွေးကိုလွှတ်ပါ ” 


သူ့ရင်ခွင်ထဲကနေ မြသွေး အတင်းရုန်းထွက်လိုက်မိသည်။ မြသွေး မျက်နှာပေါ်တွင် ရှက်စိတ်ကြောင့်
နီမြန်းနေခဲ့ သလို သူ့မျက်နှာပေါ်တွင်လည်း အလိုမကျရိပ်တို့ယှက်သန်းလာခဲ့သည်။ မြသွေးက မြန်မာ
မိန်းကလေးမို့ ထိန်းသိန်းရမည့် သိက္ခာကိုနားလည်တတ်ဖိုးထား၏။ သူ့ကို မြသွေး အရမ်းချစ်ရပါသည်။
သို့သော် အချစ်နှင့် ဘ၀အကြား ကွဲပြားမှုမရှိစေရန်  မြသွေး ဂရုစိုက်ဆင်ခြင်ရပေမည်။


“ ကို .. မြသွေးတို့ပြန်ကြရအောင်နော် ” 


မြသွေး စကားအဆုံး သူ့မျက်နှာပျက်သွားခဲ့သည်။ သူမျက်နှာပျက်သွားလျှင် မြသွေး စိတ်မကောင်းဖြစ်ရ
ပါသည်။ ၀မ်းလည်းနည်းရသည်။ ဒီတစ်ခါ သူနှင့် မြသွေးတို့ ပထမဆုံး သဘောထားကွဲလွဲခဲ့ခြင်းဖြစ်သည်။
သူက မြသွေးကို စိတ်ဆိုး နေဟန်တူသည်။ စကားလည်းကောင်းကောင်းမပြောတော့ပေ။ ထိုနေ့က သူနှင့်
တွေ့ဆုံခြင်းက မြသွေးအတွက် မွန်းကြပ်မှု တစ်ချို့အစားဝင်ရောက်ခဲ့ရလေသည်။


(၄)


ခေါင်းကိုအသေခါရမ်းကာ လက်မခံသည့် မြသွေးကို သူငယ်ချင်းတွေကစိတ်ပျက်သလိုကြည့်၏။ မြသွေး
လုံးဝ လက်မခံနိုင်သည့်ကိစ္စတစ်ခုကို လွယ်လင့်တကူခေါင်းမညိတ်ချင်ပါ။ သူက သူငယ်ချင်းတွေထင်
သလို လူစားမျိုး မဖြစ်နိုင် ပါဟု မြသွေး လုံးဝတစ်ထစ်ချယုံကြည်၏။


“ နင့်ကို မယုံလည်းနေပေါ့လို့ ဖြစ်သလိုမထားခဲ့နိုင်တာ ငါတို့က နင့်ရဲ့သူငယ်ချင်းဖြစ်နေလို့ပဲ မြသွေး၊
သူငယ်ချင်း ဆိုတာ လိုရင်လာ မလိုရင်သွားဆိုတဲ့လူစားမျိုးမဟုတ်ဘူး၊ နင်လည်း ဦးနှောက်ရှိတဲ့
လူသားတစ်ယောက်ပဲ၊ စဉ်းစားပေါ့ ” 


မယုံဘူးဆိုပြီးခေါင်းခါနေသည့် မြသွေးရင်ထဲဘယ်လောက်ဗြောင်းဆန်နေပြီလဲဆိုတာ မြသွေး အသိဆုံး။
မယုံနိုင်ခြင်းထက် မယုံရဲခြင်းက ပို၍အလေးသာနေ၏။ အခုတလော သူနှင့်မတွေ့ရသည်မှာ ဆယ်ရက်
လောက်ရှိခဲ့ပြီ။ မြသွေးနှင့် ပန်းခြံတွင် ဆုံခဲ့ပြီးသည့်နောက်ပိုင်း သူက မြသွေးကို ရှောင်နေခဲ့၏။ သူ့စိတ်ထဲ
တွင် မြသွေးကို မည်သို့ သဘောထားသည်မသိ။ သူ့အလိုကိုမလိုက်ခြင်းအတွက် မြသွေးကို စိတ်ခုနေခြင်း
လည်းဖြစ်နိုင်၏။ သို့သော် မြသွေးကတော့ သူ့ကိုချစ်နေမိဆဲဖြစ်သည်။ သူ့အကြောင်းတွေ ပြောလာခဲ့
သည့်တိုင် မြသွေး သူ့အတွက် ကာကွယ်ပေးမိနေ ဆဲဖြစ်သည်။


“ ကိုကအဲဒီလိုလူစားမျိုးမဟုတ်ဘူး နှင်း၊ ကိုက ငါ့ကိုအရမ်းချစ်တာ ” 


“ နင်ရူးနေပြီ မြသွေး၊ နင် အဲဒီလိုမိုက်တွင်းနက်လိုက်ရင် ဆုံးရှုံးရမှာက နင့်ဘဝတစ်ခုတည်းမဟုတ်ဘူး ” 


မြသွေး ရူးနေပြီတဲ့။ တကယ်လည်း မြသွေး ရူးသွားချင်ခဲ့သည်။ အချစ်ကလွဲပြီး ဘာတစ်ခုမှမမြင်နိုင်အောင်
 မြသွေး ရူးသွပ်နေခဲ့ပြီ။ မျက်ကန်းတစ္ဆေမကြောက်ဆိုတဲ့စကားအတိုင်း မြသွေး မျက်လုံးအစုံကန်းသွားခဲ့
လျှင် အကောင်း သား။ ပိုးဖလံလို မီးကိုတိုးဖို့အသင့်ရှိနေခဲ့သည့် မြသွေးကိုကြည့်ပြီး သူငယ်ချင်းတွေက
မချင့်မရဲ့အံကြိတ်၏။


“ နင် အဲဒီလိုလုပ်နေလို့မဖြစ်ဘူးနော် မြသွေး၊ နင် တစ်ခုခုဆုံးဖြတ်ရမှာ ” 


“ ငါ မယုံဘူးလို့ပြောပြီးပြီပဲ နှင်း၊ ကိုကအဲဒီလိုလူစားမျိုးလည်းမဟုတ်ဘူး၊ ကိုက ငါ့အပေါ် ဒီလိုလုပ်
ရက်မှာ မဟုတ်ဘူး ” 


ဟွန်းခနဲမဲ့ကျသွားသည့်သူငယ်ချင်းတွေ၏မျက်နှာက သရော်လိုသည့်အမူအရာမဟုတ်မှန်းသိ၏။
တစ်ခုခု ကိုပိုင်နိုင်စွာသိထားသည့်အတွက် သနားသလိုမျိုး။


“ နင် ဆက်ပြီးတွေဝေမနေနဲ့တော့ မြသွေး၊ နင် ယုံအောင်ငါတို့ သက်သေပြမယ်၊ နင် ကိုယ်တိုင်
လက်တွေ့မြင်ပြီး လို့မှတားမရရင်တော့ နင့်လောက်မိုက်ပြီး ရူးတဲ့သူ ကမ္ဘာမှာရှိတော့မှာမဟုတ်ဘူး ”


နှင်းက မြသွေးလက်ကိုအတင်းဆွဲခေါ်၏။ ဒီတစ်ခါတော့ မြသွေး ငြိမ်သက်စွာပင်လိုက်လာခဲ့၏။
တက္ကစီပေါ် တက်လိုက်သည်အထိ မြသွေး စိတ်တွေကဆောက်တည်ရာမရပျံ့လွင့်နေဆဲဖြစ်၏။
မြသွေး မျက်လုံးအစုံကိုပိတ်ကာ အတွေးပေါင်းစုံ နယ်ချဲ့ရင်းပါလာခဲ့၏။ ကားက တသိမ့်သိမ့်ထိုး
ရပ်သွားသည့်တိုင်အောင် မြသွေး မျက်လုံးမဖွင့်မိသေးပေ။


“ နင်ကြည့်လိုက် မြသွေး ” 


နှင်း၏အသံက သေချာပိုင်နိုင်လွန်းသည့်အသံမျိုး။ မြသွေး မျက်လုံးကိုဖွင့်ကြည့်လိုက်၏။ မြသွေး
သာ မရူးသေး ဘူးဆိုလျှင် ထိုမြင်ကွင်းကအမှန်တရားတစ်ခုမှန်းလက်ခံနိုင်၏။ အခုတော့ ထို
အမှန်တရားကိုလက်မခံချင်လောက်အောင် မြသွေး ရူးသွပ်သွားချင်မိ၏။ သို့သော် အမှန်တရား
တစ်ခုကို မြသွေး ရင်ဆိုင်လက်ခံလိုက်ရလေသည်။


 “ နင် မြင်ပြီနော် မြသွေး၊ အမြဲခရီးသွားနေတတ်တဲ့ နင့်ချစ်သူက သူ့သားသူမိန်းမနဲ့ပျော်နေတဲ့
အချိန်မှာ နင် ခံစားနေခဲ့ရတာတန်သလား ” 


“ တော်ပါတော့ နှင်းရယ်၊ ဒီကနေဝေးရာကိုထွက်သွားပါရစေတော့ ” 


ကားလေးက တရွေ့ရွေ့နှင့်ပြန်လည်ထွက်ခွာလာသည်အထိ ထိုမြင်ကွင်းကသူမအာရုံထဲကပ်ငြိပါလာ
ခဲ့၏။ သူသည် မြသွေးကို ပိရိသေသပ်စွာပင် လှလှပပလှည့်စားခဲ့သည်။ ပြီးတော့ သူက မြသွေးကို
 အထင်သေးရက်ခဲ့သည်။ မြသွေးကို ကြည့်ပြီး လိုက်လျှင်ရနိုင်သည်ဟု သတ်မှတ်ခဲ့သည်ထင်၏။
သူထင်ခဲ့သလိုလည်း မြသွေး ခဏလေးနှင့် သူ့ကိုတိမ်းညွတ်မိခဲ့ သည်ကိုးလေ။ အတိတ်နေ့ရက်ကို
ပြန်တွေးမိတိုင်း ရှက်ရွံ့ခြင်းကတားဆီးမရလှိမ့်ဝင်လာခဲ့ရသည်။


အိမ်ထောင်ရှင်တစ်ယောက်နှင့်ချစ်မိခဲ့ပါသည့် အဖြစ်ကို ပြန်တွေးမိတိုင်း မြသွေး လိပ်ပြာလန့်မိ၏။
နှလုံးသားကို ဦးစားပေးပြီး ချစ်၍ချစ်ခဲ့သည့် မြသွေး အတွက် ရရှိခဲ့သည့်ဒဏ်ကြေးကများလွန်း
သည်ဟုမထင်မိတော့ပါ။ ပွင့်လင်းလွန်း ခဲ့သည့် မြသွေး၏ အပြစ်လည်းပါခဲ့၏။ ဒီနေ့တော့ မြသွေး
၏မိုက်မဲမှုအတွက် အားရအောင်ငိုလိုက်ဦးမည်။ နောက်ဆို ထိုအတွက် မြသွေး ဘယ်တော့မှငိုမည်
မဟုတ်တော့ပါ။ သူနှင့်တွေ့ခဲ့သည့်အတိတ်နေ့ရက်များသည် မြသွေးအတွက်တစ္ဆေခြောက်သည့်
နေ့ရက်များဖြစ်၏။ နောက်ထပ် တစ္ဆေခြောက်မခံရအောင်သာ မြသွေး သတိထားရပါမည်။


                                                                 ခင်မင်လေးစားစွာဖြင့်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More