Unordered List

Friday, November 15, 2013

ကြယ်ကလေးတွေငိုနေတယ်ဖေဖေ



ဒီနေ့ ကောင်းကင်မှာ ကြယ်ကလေးတွေမရှိဘူးဖေဖေ။ အခုချိန် ဖေဖေသာအနားမှာရှိရင် ကြယ်ကလေးတွေ
တူတူပုန်းကစားနေတယ်လို့ပြောဦးမယ်ထင်တယ်နော်။ သမီး ငယ်ငယ်တုန်းကတော့ ဖေဖေပြောသမျှ ခေါင်း
တညိတ်ညိတ်နဲ့ ယုံကြည်ခဲ့တယ်လေ။ အခုသမီးအရွယ်ရောက်နေပြီ ဖေဖေ။ စဉ်းစားတွေးခေါ်တတ်တဲ့အရွယ်
ရောက်နေပါပြီ။ ကြည့်စမ်းပါဦး ဖေဖေ။ ကြယ်ကလေးတွေ တစ်ပွင့်မှမရှိဘူး။ သေချာတယ် ဖေဖေ။ ကြယ်က
လေးတွေငိုနေကြပြီ။ ဒီတစ်ခါတော့ သမီး ပြောတာယုံပေးပါနော်။ ကြယ်ကလေးတွေငိုနေတယ် ဖေဖေ။


(၁)


ဒီနေ့ သမီးအရမ်းပျော်တယ်။ သမီး ကျောင်းမှာဆုရတယ်လေ။ သမီးက တတိယတန်းမှာ ပထမဆုရတာ။
တစ်ခန်း လုံးက သမီးကို အားကျတဲ့ အကြည့်နဲ့ဝိုင်းကြည့်နေကြတာ။ ဆရာမကလည်းပြောတယ်။ ကြယ်က
လေးက တော်လိုက်တာ တဲ့။ သမီးနာမည်က လဝန်းဖြူ လေ။ ဒါပေမဲ့ သမီးက ကြယ်ကလေးကိုချစ်တယ်။
ဒါကြောင့် ကြယ်ကလေးလို့ပြောရင်း အားလုံးရဲ့ပါးစပ်ဖျားမှာ သမီးက ကြယ်ကလေးဖြစ်ခဲ့တာပေါ့။


ညနေကျောင်းဆင်းတော့ သမီး ဖေဖေနဲ့မေမေကို ဝမ်းသာအားရမျှော်မိတယ်။ ဖေဖေနဲ့မေမေ နှစ်ယောက်မှာ
တစ် ယောက်တော့ သမီးကိုလာကြိုနေကျ။ ဒီနေ့ သမီးဆုရတဲ့အကြောင်းပြောပြရင် အရမ်းဝမ်းသာသွားမှာ
သေချာတယ်။ ဒါပေမဲ့ ဒီနေ့မှ ဖေဖေတို့ကလည်းကြာလိုက်တာ။ သမီးသူငယ်ချင်းတွေတာင်မှ ပြန်ကုန်ကြပြီ။
 သမီးကို လာမကြိုကြသေးဘူး။ သမီး က ဆုရတဲ့အကြောင်းပြောချင်ပါတယ်ဆိုမှ။ သမီး အိမ်ပြန်ချင်လှပြီ။


“ ဟယ် သမီး၊ ကြယ်ကလေး .. အိမ်ကလာမကြိုသေးဘူးလားသမီးရဲ့ ”  


“ ဟုတ်ကဲ့ .. လာမကြိုသေးဘူး ဆရာမ ”  


ဆရာမရဲ့အမေးကို သမီး လက်လေးပိုက်ပြီး ဖြေလိုက်တယ်။ ဒီတော့ ဆရာမက သမီးခေါင်းကဆံပင်လေးကို
 လက်နဲ့ပွတ်တယ်။ ဖေဖေနဲ့ မေမေလည်း တစ်ခါတစ်လေ အဲလိုလုပ်တာပါပဲ။ ဘာလို့ အဲလိုလုပ်တာလဲလို့
ဖေဖေ့ကို သမီး မေးဖူးတယ်။ အဲဒါဆို ဖေဖေက သမီးကိုကြည့်ပြီး ချစ်စရာကောင်းလို့ပေါ့ သမီးရယ်လို့ဖြေ
တတ်တာ။ ဆရာမလည်း သမီးကို ချစ်လို့အဲလိုလုပ်တာဖြစ်မှာပေါ့။


“ ဒါဆိုဆရာမနဲ့လိုက်ခဲ့လေ၊ သမီးအိမ်ကိုဝင်ပို့ပေးခဲ့မယ် ”  


“ ဟုတ်ကဲ့ပါရှင့် ဆရာမ၊ ကျေးဇူးတင်ပါတယ်ရှင့် ဆရာမ ”  


ဆရာမနဲ့ပဲ သမီးလိုက်လာခဲ့တော့တယ်။ ဖေဖေတို့ကအဲလိုပဲ။ သမီး အိမ်ပြန်ချင်ပါပြီဆိုမှ။ ခါတိုင်းဆိုနောက်မကျ
ဘူး။ ဆရာမက သမီးတို့အိမ်ရဲ့ ဟိုးဘက်မှာနေတာလေ။ ဒါကြောင့် ဆရာမနဲ့လိုက်လာခဲ့တာ။ လမ်းမှာလည်း
ဖေဖေနဲ့ တွေ့မလား ဆိုပြီး သမီး ကြည့်နေမိသေးတယ်။ တော်ကြာ ဖေဖေသွားကြိုလို့ သမီးမရှိရင် ဖေဖေ
စိတ်ပူနေမှာ။


အိမ်ရှေ့ကိုရောက်တော့ သမီးတို့အိမ်ကြီးကတိတ်ဆိတ်နေတာပဲ။ ဘာသံမှလည်းမကြားရဘူး။ ဆရာမကို
နှုတ်ဆက် ပြီး သမီး တိတ်တိတ်လေးအိမ်ပေါ်တက်လာခဲ့တယ်။ ဖေဖေနဲ့ မေမေ မမြင်ရအောင် သမီး ပုန်းပြီး
တက်လာခဲ့တယ်။ ပြီးမှ ဖေဖေနဲ့ မေမေကို ဝုန်းကနဲ ခြောက်လိုက်ရင် ဖေဖေတို့လန့်သွားကြမှာ။


“ ဝုန်း .. ခလွမ်း .. ”  


ရုတ်တရက်ထွက်လာတဲ့ကျကွဲသံကြောင့် သမီးဆတ်ကနဲတုန်သွားတာပဲ။ အပေါ်ထပ်က အသံကြားရတယ်။
တစ်ခုခု ကျကွဲတဲ့အသံ။ သမီး အိမ်ပေါ်ထပ်ကိုပြေးတက်လာခဲ့တယ်။ ဖေဖေတို့ရဲ့အခန်းရှေ့ကိုရောက်တော့
သမီးတစ်ခါမှမကြားဖူးတဲ့ မေမေ့ရဲ့အော်သံကိုကြားလိုက်ရတယ်။


“ ရှင်အရမ်းလွန်တယ် ကိုကောင်း၊ ရှင် ကျွန်မတို့အပေါ်လုပ်ရက်လွန်းတယ် ”  


အမေ့ရဲ့ အသံကို သမီးကြားရတယ်။ အမေ့ရဲ့အသံက အရင်လို နူးနူးညံ့ညံ့လေးမဟုတ်ဘူး။ သမီး ကြားဖူးနေ
ကျ အမေ့ရဲ့အသံက တိုးတိုးလေးရယ်။ အခု အမေ့အသံက ဖေဖေ့ကိုဆူနေသလို ကြမ်းတမ်းနေတယ်။ သမီးကို
ဆူခဲ့တုန်းက အသံထက်ကို ကြောက်စရာကောင်းနေခဲ့တယ်။


 ခပ်ဟဟလေးဖြစ်နေတဲ့တံခါးကနေ သမီးချောင်းကြည့်မိတယ်။ မေမေက ငိုနေတယ်။ ဖေဖေက မေမေ့ရှေ့မှာ
 ခေါင်းကိုအောက်ငုံ့ချပြီးရပ်နေတယ်။ ကျကွဲနေတဲ့ပန်းအိုးတစ်လုံးကတော့ ဖေဖေနဲ့မေမေအရဲ့အလယ်မှာ
စည်းခြားထား သလိုဖြစ်နေတယ်။ မေမေ ဘာဖြစ်လို့ ငိုနေရတာလဲ။ ပြီးတော့ ဘာလို့ဖေဖေ့ကိုဆူရတာလဲ။
ငိုနေတဲ့ မေမေ့ကို သမီး  သနားမိပေမယ့် ဖေဖေ့ကိုတော့ မဆူစေချင်ပါဘူး။ ကြည့်ပါလား။ ဖေဖေက မေမေ့ကို
ဘာမှမပြောတာ။ ဖေဖေ့ကို သမီး သနားလိုက်တာ။


 “ ရှင့်ဘယ်လိုလုပ်မယ်ဆုံးဖြတ်ထားလဲ ကိုကောင်း၊ ကျွန်မတော့ ရှင့်ကိုအရမ်းစိတ်ပျက်သွားပြီ၊ သမီးလေး
မျက်နှာကို ထောက်ပြီး ရှင့်ကိုနောက်ဆုံးမေးလိုက်မယ်၊ ရှင် ဘယ်လိုဆုံးဖြတ်ထားတာလဲ ”  


မေမေက ဖေဖေ့ကိုပြောနေတယ်။ သမီး နာမည်လည်းပါတာပဲ။ ဘာတွေပြောနေလဲ သမီး မသိဘူး။ ဖေဖေက
တော့ ခေါင်းကို ငုံ့ပြီးရင်း ငုံ့နေတာပဲ။ မေမေကလည်း ဆူလို့ကိုမပြီးနိုင်ဘူး။ ဒီမှာ သမီး ဆုရတဲ့အကြောင်းပြော
မလို့ကို။ ဖေဖေက ပြောထားဖူးတယ်။ လူကြီးတွေစကားပြောနေရင် ဝင်မပြောရဘူးတဲ့။ ဒါကြောင့် သမီးရပ်
စောင့်နေရတာပေါ့။ မဟုတ်ရင် သမီး ပြောလိုက်တာကြာလှပေါ့။


“ သူ .. သူက ဆင်းရဲတယ် ဝေ၊ ပြီးတော့ ကိုယ့်ရဲ့ရင်သွေးလေးကိုလည်းလွယ်ထားခဲ့ရပြီ၊ ကိုယ် တာဝန်ကျေမှ
ဖြစ်မယ် ဝေ ”


ဖေဖေ့ နှုတ်က တိုးတိုးလေးထွက်လာတယ်။ ဘာတွေပြောနေလဲတော့မသိပါဘူး။ သမီး စိတ်မရှည်ချင်တော့ဘူး။
 မေမေတို့က သမီးကိုတောင် သတိရကြရဲ့လားမသိဘူး။ ပြောချင်တာပြောနေကြတာပဲ။ သမီး ဆုရတဲ့အကြောင်း
ပြောချင် ပါတယ်ဆိုမှ။ အခုတော့ ပြောကိုမပြောရတော့ဘူး။     


“ ဒါ ရှင်ရွေးချယ်လိုက်တဲ့နောက်ဆုံးလမ်းပေါ့၊ ဟုတ်လား ကိုကောင်း၊ ကောင်းပါတယ်၊ ရှင် သွားပါ၊ နောက်ထပ်
ကျွန်မတို့သားအမိနဲ့တွေ့ဖို့ ရှင်လုံးဝစိတ်မကူးပါနဲ့၊ ရှင်ထွက်သွားပါတော့ ”  


မေမေ့ကို သမီးအလန့်တကြားကြည့်လိုက်မိတယ်။ မေမေ့မျက်လုံးထဲမှာမျက်ရည်တွေကျလို့။ ဒါပေမယ့် မေမေ
က ချက်ချင်းပဲမျက်ရည်တွေကိုသုတ်ပစ်လိုက်တယ်။ မေမေပြောလိုက်တဲ့ စကားတစ်ခွန်းက သမီးနားထဲကကို
မထွက်တော့ဘူး။ မေမေ ဘာဖြစ်လို့ ဖေဖေ့ကိုထွက်သွားခိုင်းရတာလဲ။ ဟင့်အင်း မသွားရဘူး။ ဖေဖေ့ကိုမသွား
ခိုင်းရဘူး။


“ ဖေဖေ ဘယ်မှမသွားရဘူးနော်၊ ဖေဖေ သမီးတို့နဲ့အတူနေရမယ် ”  


သမီးငိုပြီး ဖေဖေ့ဆီပြေးသွားမိတယ်။ ဖေဖေကသမီးကိုပွေ့ချီလိုက်တယ်။ ဖေဖေ့မျက်လုံးထဲကလည်း မျက်ရည်
တွေ ကျလာတယ်။ ဖေဖေက သမီးကို မွှေးမွေးပေးတယ်။ ပြီးတော့ ဖေဖေ ငိုတယ်။ မေမေလည်း ငိုတယ်။ သမီး
လည်းငိုတယ်။ ဖေဖေ့ကို သမီးအသေအလဲဖက်ထားမိတယ်။


“ လာစမ်း ကြယ်ကလေး၊ အဲဒါ နင့်အဖေမဟုတ်တော့ဘူး၊ သူစိမ်းလူဖြစ်သွားပြီ ”  


ဖေဖေ့လက်ထဲကနေ မေမေက သမီးကိုဆွဲယူတယ်။ သမီး မေမေ့လက်ထဲပြန်ပါသွားတယ်။ သမီးငိုပြီး ဖေဖေ့ကိုပဲ
အော်ခေါ်မိတယ်။ မေမေ ရက်စက်တယ်။ သမီးကို ဖေဖေနဲ့ခွဲရက်တယ်။ သမီးငိုပြီး ဖေဖေ့ကိုပဲ အော်ခေါ်တော့
မေမေက သမီးကိုရိုက်တယ်။ သမီး အရမ်းနာတာပဲ။ မေမေ့ကိုသမီးမုန်းတယ်။ ဖေဖေက သမီးကို တစ်ချက်လေးပဲ
ကြည့်ပြီး လှည့်ထွက် သွားတယ်။ အရင်ကဆို မေမေရိုက်ရင် သမီးကိုခေါ်ပြီး ခြံထဲဆင်းပြေးနေကျလေ။ အခုဖေဖေ
က သမီးကိုမခေါ်ပဲ တစ်ယောက် တည်းထွက်သွားတယ်။


“ ဖေဖေ ရေ .. သမီးကိုလာခေါ်လေ၊ သမီး မေမေနဲ့မနေဘူး၊ ဖေဖေနဲ့ပဲနေမယ် ဟီးး ”  


ဖေဖေ့ကိုအော်ခေါ်ရင်း သမီး ငိုနေမိတယ်။ ဒါပေမဲ့ ဖေဖေက လာမခေါ်ဘူး။ သမီးငိုနေတာတောင် ဖေဖေလာ
မခေါ် ဘူး။ မေမေကလည်း သမီးကိုပဲ ရိုက်နေတာပဲ။ သမီး အရမ်းနာတယ်။ မေမေ့ကိုမုန်းတယ်။ မေမေက
သမီးကိုလည်း ရိုက်တယ်။ ဖေဖေ့ ကိုလည်း နှင်ထုတ်တယ်။ မေမေ့လက်ကရုန်းပြီး သမီးပြေးထွက်လာခဲ့တယ်။
 ခြံဝကိုကြည့်လိုက်တော့ ခြံတံခါးက ဟောင်းလောင်းပွင့်လို့။ သမီး ပြေးထွက်ကြည့်ပေမယ့် ဖေဖေ့ကိုမမြင်ရဘူး။
 ဖေဖေ သမီးကို တစ်ယောက်တည်း ထားခဲ့တယ်။


ခြံထဲမှာ သမီးတစ်ယောက်တည်းထိုင်ငိုနေခဲ့တာအကြာကြီး။ မေမေလည်း သမီးကိုလာမခေါ်ဘူး။ ဖေဖေက
လည်း သမီးကိုလာမခေါ်ဘူး။ တဖြည်းဖြည်းနဲ့မှောင်လာပြီ။ သမီးကိုတစ်ယောက်မှလာမခေါ်ကြဘူး။ သမီး
ဆုရတဲ့အကြောင်းလည်း မပြောပြရသေးဘူး။ သမီး ဒီလောက်ငိုနေတာကိုတောင်မှ လာမခေါ်ကြတဲ့ ဖေဖေနဲ့
မေမေကို သမီးမုန်းတယ်။ အဲဒါ ဖေဖေနဲ့ မေမေ မကောင်းလို့ သမီးငိုရတာပေါ့။ ဖေဖေနဲ့မေမေက သမီးကိုငို
အောင်လုပ်တယ်။ သမီးပြောချင်တဲ့စကားကိုလည်း နားမ ထောင်ပေးကြဘူး။ သမီးဆုရပါတယ်ဆိုမှ။
ကောင်းကင်ပေါ်မော့ကြည့်လိုက်တော့လည်း ကြယ်ကလေးတွေမရှိဘူး။ ကြယ်က လေးတွေလည်း သမီးလိုပဲ
အမှောင်ထဲမှာငိုနေကြပြန်ပြီ။


(၂)


ဖေဖေ့ကို သမီးအရမ်းလွမ်းတာပဲ။ အခု သမီးဖျားနေပြီ။ ဘဘဆရာဝန်ကြီးက သမီးကိုဆေးလာထိုးပေးတယ်။
 နာလိုက်တာဖေဖေရယ်။ မေမေကတော့ သမီးကိုဆေးထိုးမှာကိုမတားဘူးသိလားဖေဖေ။ ဖေဖေရှိရင် သမီး
ဆေးထိုးခံရမှာ မဟုတ်ဘူး။ မေမေက သမီးကိုနာအောင်လုပ်တယ်။ ဖေဖေဆို သမီး ပြောစကားနားထောင်
တယ်။ မေမေကျတော့ သမီးပြော တာနားမထောင်ဘူး။ ဒါကြောင့် သမီး ဖေဖေ့ကိုမျှော်နေရတာပေါ့။


အဲဒီ ဆန်ပြုတ်ဆိုတာကြီးကို သမီးမုန်းတာသိသိကြီးနဲ့ မေမေက ဒါချည်းပဲကျွေးနေတယ်ဖေဖေ။ သမီး
အချဉ်ပေါင်း လေးစားချင်တာ။ ဖေဖေဆို သမီးကို ဝယ်ကျွေးမှာပေါ့။ မေမေက စိတ်ပုတ်တယ်။ သမီးကို
အိမ်ယာပေါ်ကတောင်မဆင်းခိုင်း ဘူး။ ပြီးတော့ သမီး မကြိုက်တဲ့ ဆန်ပြုတ်ကျွေးတယ်။ ဆေးခါးခါးကြီး
တွေလည်းတိုက်တယ်။ အဲဒီဆေးခါးခါးကြီးတွေက သောက်လိုက်ရင် ပါးစပ်ထဲမှာစွဲပြီးကျန်နေတာပဲ။
မုန်းတယ်။ သမီး အဲဒီဆေးတွေကိုမုန်းတယ်။ ဖေဖေ့ကိုတောင် သမီး မုန်းချင်လာပြီ။ သမီး ဖျားနေတာကို
တောင် လာကြည့်ဖော်မရဘူး။


နောက်နေ့ဆို သမီးဆုယူရမှာ။ ဒုတိယရတဲ့ ယမုံ ကတောင် သူ့ဖေဖေနဲ့မေမေကိုခေါ်လာမှာတဲ့။ သမီးလည်း
ဖေဖေနဲ့မေမေကိုခေါ်သွားချင်တာပေါ့။ ဒါပေမယ့် ဖေဖေကပေါ်တောင်မလာတော့ဘူး။ ဆုယူရင် ဖေဖေ
မလိုက်ဘူးလား။ မေမေကတော့ပြောတယ်။ ဖေဖေ သေပြီတဲ့။ မေမေပြောတိုင်း သမီးက ယုံမလား ဖေဖေရဲ့။
ဖေဖေ့ကို မေမေပဲ နှင်ချလိုက် တာလေ။ သမီးသိတာပေါ့။ သမီး ပြတင်းပေါက်ကနေ အမြဲချောင်းကြည့်နေ
တယ်။ ဖေဖေ လာခေါ်မလားလို့လေ။


သမီးသိတယ်။ ဖေဖေ သမီးဆီ မလာတာ မေမေ့ကိုကြောက်လို့မဟုတ်လား။ အခုတလော မေမေ လိမ္မာ
လာပြီ ဖေဖေရဲ့။ သမီးကို မဆူတော့ဘူး။ ဒါပေမဲ့ သမီးခေါင်းလေးကိုပွတ်ပြီး မေမေ ငိုတယ်။ မေမေငိုရင်
သမီးလည်း ငိုချင်တယ်။ ဖေဖေ ပြန်လာနော်။ မေမေ့ကိုလည်း သနားပါတယ် ဖေဖေရယ်။ ဟိုနေ့ကလည်း
 ဖေဖေ့ ဓာတ်ပုံရှေ့မှာ မေမေ ငိုနေသေး တယ်။ ဖေဖေ့ကိုပြန်ခေါ်ပါလို့ပြောတော့ မေမေက ဘာမှမပြောဘူး။
 ဟိုတစ်ခါကလို ဖေဖေသေပြီလို့ မေမေ မပြောတော့ ဘူးလေ။ ဒါဆို မေမေစိတ်ဆိုးပြေပြီပေါ့။ ဖေဖေ ပြန်
လာလို့ရပြီ။


ဒါပေမဲ့ ဖေဖေ ပြန်မလာဘူး။ သမီးဆုယူတော့ မေမေတစ်ယောက်ပဲပါတယ်။ လွတ်နေတဲ့ဖေဖေ့နေရာလေး
ကိုကြည့် ပြီး သမီးငိုချင်လိုက်တာ။ သမီးသူငယ်ချင်းတွေတောင် သူ့မိဘတွေနဲ့လာကြတာ။ ပြီးတော့ပြောရဦး
မယ်ဖေဖေ။ ယမုံ့ အဖေက လေ ဖေဖေ့လောက်တောင်မချောဘူးသိလား။ ဖေဖေသာ ပါလာခဲ့ရင်ကောင်းမှာ။
ဒါမှ သမီး ကြွားလို့ရမှာပေါ့။


ဓာတ်ပုံရိုက်တော့လည်း သမီးနဲ့ မေမေနှစ်ယောက်တည်း။ ဖေဖေ အရမ်းနေနိုင်တာပဲ။ သမီးဆီကို တစ်ခါလေး
တာင် လာဖော်မရဘူး။ သမီးက ဖေဖေ့ကို အချိန်တိုင်းသတိရနေတာ။ ဖေဖေကတော့ သမီးကိုတောင်သတိရရဲ့
လားမသိဘူး။ ဖေဖေ ဘာလုပ်နေတာလဲ။ မေမေ့ကို စိတ်ဆိုးမပြေသေးလို့လား။ မေမေက လိမ္မာသွားပြီ ဖေဖေရဲ့။
အရင်လိုမဟုတ်တော့ ဘူး။ သမီးကိုလည်း မရိုက်တော့ဘူး။ ဆန်ပြုတ်လည်း မကျွေးတော့ဘူး။ ဆေးလည်း
မထိုးခိုင်းတော့ဘူး။ ဒါဆို မေမေ လိမ္မာလို့ပေါ့ ဖေဖေရဲ့။ နော် .. ဖေဖေ။ မြန်မြန်ပြန်လာနော်။ ဖေဖေရယ်
မေမေရယ် သမီးရယ် အတူတူနေရအောင် ဖေဖေ ပြန်လာခဲ့နော်။ သမီး မျှော်နေမယ် ဖေဖေ။


(၃)


ဖေဖေမရှိတဲ့နောက်ပိုင်း မေမေ့ကို သမီး အရွဲ့တိုက်တတ်လာတယ်။ဖေဖေ့ကိုချစ်တဲ့စိတ်နဲ့ မေမေ့ကို သမီး
 ဆန့်ကျင်မိနေတယ်ဖေဖေ။ မေမေ့ကြောင့် သမီးနဲ့ ဖေဖေခွဲရတာဆိုတဲ့အစွဲက သမီးခေါင်းထဲမှာသံနဲ့ရိုက်
ထားသလိုစွဲထင် နေခဲ့တယ်။ အခုထိ သမီးမေ့မရခဲ့တာ ဖေဖေ့ကို မေမေ နှင်ချလိုက်တဲ့နေ့လေးကိုပါပဲ။
ဖေဖေ ခေါင်းငိုက်စိုက်ပြီးဆင်းသွား ခဲ့တာ သမီးဘယ်မေ့နိုင်ပါ့မလဲ။ ဒါကြောင့် မေမေ့ကို သမီး အမြဲအရွဲ့တိုက်
ဆန်ကျင်နေခဲ့တာပေါ့။


သမီး ဆယ်တန်းကို ဂုဏ်ထူးသုံးဘာသာနဲ့အောင်တယ်။ အမှတ်ကလည်း ဆေးကျောင်းမှီတယ်။ မေမေဆို
ပျော်နေလိုက်တာမပြောပါနဲ့တော့ဖေဖေ။ အဲဒီမှာ မေမေ့မျှော်လင့်ချက်ကို သမီး ရိုက်ချိုးပစ်ခဲ့တယ်။ သမီး
ရိုးရိုးမေဂျာပဲ ယူလိုက်တယ်။ မေမေမျှော်လင့်ခဲ့သမျှ သဲထဲရေသွန်ဖြစ်ပြီပေါ့။ ဆုံရှုံးခြင်းရဲ့အရသာကို မေမေ
ခံစားတတ်အောင် သမီး သင်ခန်းစာပေးခဲ့ရုံပါ။ မေမေက ဆရာဝန်တစ်ယောက်ရဲ့အမေဆိုတဲ့ဘွဲ့လေးကိုပဲ
ဆုံးရှုံးခဲ့တာ။ သမီးဘဝမှာ ဖေဖေ့ကို ရှုံးဆုံးခဲ့ရတာ။ မညီမျှသေးပါဘူး။ နောက်ထပ် မေမေ့ကို သမီး အရွဲ့
တိုက်ဆန်ကျင်နေဦးမှာ။


“ ဒါဘယ်လိုပုံစံဝတ်ထားတာလဲ ကြယ်ကလေး၊ သမီးက မြန်မာမိန်းကလေးနော် ”  


သမီးအပြင်ထွက်မလို့လုပ်တုန်း မေမေရောက်လာတယ်။ ပေါင်လည်လောက်ရှိတဲ့စကဒ်တိုလေးဝတ်ထားတဲ့
သမီးကို အမေသဘောမကျမှန်း သမီးသိတာပေါ့။ မေမေ မကြိုက်မှန်းသိလို့ သမီး တမင်ဝတ်ထားခဲ့တာလေ။

“ ဘာဖြစ်လို့လဲ မေမေ၊ ခေတ်ကအမြဲပြောင်းနေတာပဲ၊ ရေစီးကြောင်းအတိုင်းလိုက်နိုင်မှ ခတ်မှီတာ မေမေရဲ့၊
 မေမေ မေ့နေပြီထင်တယ်၊ သမီးက ခေတ်ရဲ့သမီးပျိုလေးလေ ”  


သမီးရဲ့စကားအဆုံး မေမေ့မျက်နှာကြီး ဒေါသနဲ့နီမြန်းလာခဲ့တယ်။ သမီးရဲ့ဝတ်စားဆင်ယင် ပြုမူနေထိုင်ပုံ
တွေက မေမေ့ရဲ့မျက်လုံးနဲ့ သဟဇာတမဖြစ်ဘူးဆိုတာ သမီးသိတယ်။ ဒါပေမယ့် ဖေဖေ့အတွက် မေမေ့ကို
သမီး ဆန့်ကျင်နေချင် သေးတယ်။ အခု ဖေဖေ သတင်းမကြားရတာဘယ်လောက်ရှိပြီလဲ။ သမီးဘဝထဲက
ဖေဖေထွက်သွားခဲ့တာ သေသလား ရှင်သလားတောင် မသိခဲ့ရတာ။ အဲဒါ မေမေ့ကြောင့်လေ။


“ ညည်း ငါ့ကိုဘယ်အချိန်ထိဆန့်ကျင်နေမှာလဲ ကြယ်ကလေး  ”  


“ ဖေဖေ့ကိုပြန်မခေါ်မချင်း သမီး ဒီအတိုင်းပဲနေမှာ ”  


သမီးရဲ့စကားအဆုံး မေမေ့ဆီက သက်ပြင်းချသံသဲ့သဲ့ထွက်လာခဲ့တယ်။ မေမေ့ကို သမီးကြည့်နေမိတယ်။
ဖေဖေ့အကြောင်းပြောတိုင်း မေမေ့မျက်နှာတင်းမာသွားတာဘာဖြစ်လို့လဲ။ ဖေဖေ့လိုအေးဆေးလှတဲ့လူ
တစ်ယောက်ကို ဘာဖြစ်လို့ အကြောင်းမဲ့နှင်ချခဲ့ရတာလဲဆိုတာ သမီး သိချင်တယ်။


“ ဖေဖေ့ကို ဘာဖြစ်လို့ အိမ်ပေါ်ကနှင်ချခဲ့ရတာလဲ မေမေ ”  


သမီး မေးလိုက်တော့ မေမေ့မျက်နှာပေါ်မှာ သမီးနားမလည်တဲ့အရိပ်ယောင်တစ်ချို့ဖြတ်ပြေးသွားတယ်။
 မေမေ့ဆီ က ဘယ်လိုအကြောင်းပြချက်တွေထွက်လာမလဲဆိုတာ သမီးသိချင်တယ်။ သမီးဘ၀ထဲက
ဖေဖေ့ကိုထွက်သွားစေခဲ့တဲ့ အဓိကတရားခံက မေမေပဲလေ။


“ မေမေ့ကိုမမေးနဲ့သမီး၊ ဖြစ်သမျှအကြောင်းမှာ မေမေ မမှားဘူးဆိုတာပဲ သမီးနားလည်ထားပါ ”  


“ မေမေ့ကိုနားလည်ဖို့လည်း သမီးမကြိုးစားချင်ဘူး၊ ဖေဖေ့ကိုပြန်မခေါ်သရွေ့သမီး ဒီအတိုင်းပဲနေမယ် ”  


ဒီတစ်ခွန်းပဲပြောပြီး သမီးထွက်လာခဲ့တယ်။ မေမေ့ရဲ့မျက်နှာပေါ်က အရိပ်တွေကို သမီးမမြင်ချင်တော့ဘူး။
သမီး တောင့်တခဲ့တဲ့ဘဝလေးကို ဘယ်တော့မှပြန်ရမှာလဲ။ မေမေရယ် ဖေဖေရယ် သမီးရယ် .. ပြီးတော့
ပျှော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေး။ ဘယ်မှာ သမီးလိုချင်တဲ့ဘဝ။ မေမေ့ရဲ့စကားလေးတစ်ခွန်းနဲ့
ပျှော်ရွှင်စရာမိသားစုဘဝလေး ကြွေလွင့်ခဲ့ ရတာ။ “ ရှင်နောက်ထပ်ဘယ်တော့မှပြန်မလာနဲ့ ” တဲ့။ ဖေဖေ့ကို
မေမေပြောခဲ့တာလေ။ အဲဒီစကားတစ်ခွန်းအတွက် မေမေ့ကို သမီး အဆုံးထိဆန့်ကျင်သွားမယ်။ အဲဒါ
ဘယ်တော့မှမပြောင်းလဲတဲ့ သမီးရဲ့နိယာမပါပဲ။


(၄)


သမီးရဲ့မျက်လုံးကိုတောင် သမီး မယုံနိုင်ဘူး ဖေဖေ။ တကယ်ပါ ဖေဖေ။ မယုံကြည်နိုင်တဲ့မျက်ဝန်းအစုံနဲ့
သမီး ကြည့်နေမိခဲ့တာပါ။ သမီး သူငယ်ချင်းတွေနဲ့ ဒီရပ်ကွက်လေးကိုမရောက်ခဲ့ဘူးဆိုရင် ဖေဖေ့ကို
သမီးတွေ့ခွင့်ရခဲ့မှာမဟုတ် ဘူးဖေဖေ။ ဖေဖေက သမီးရဲ့ဖေဖေပါပဲ။ ဒါပေမယ့် ပြောင်းလဲမှုတွေက
များလွန်းခဲ့ပြီဖေဖေ။


လောကဓံရဲ့ထုထောင်းမှုအောက်မှာ ဖေဖေက အသက်အရွယ်ထက်ပိုပြီး ရင့်ရော်နေခဲ့တယ်။ စုံစမ်းသိလိုက်
ရတဲ့ အဖေ့သတင်းကိုကြားရတော့ သမီး ရင်ထဲနင့်သွားရတယ်။ ဖေဖေ့မှာ သားကတစ်ယောက် သမီး
တစ်ယောက်ရှိနေပြီတဲ့။ သားသမီးနှစ်ယောက်ရတဲ့အဖေ့အတွက် သမီးကို မေ့ပစ်နိုင်တာမဆန်းပါဘူး
ဖေဖေ။ ဒါပေမဲ့ ဖေဖေတစ်ယောက်တည်းကိုပဲ တစ်ကမ္ဘာထင်ခဲ့အတွက် သမီးအတွက် ဖေဖေ့ နေရာကို
အစားထိုးစရာမရှိခဲ့ဘူးဖေဖေ။ သမီး မျက်ရည်ကျနေတယ်ဖေဖေ။ ဖေဖေ့ကိုကြည့်ပြီး သမီး မျက်ရည်ကျ
နေမိတယ်။


ဘ၀သစ်တစ်ခုမှာ ဖေဖေပျော်မွေ့နေခဲ့တယ်ပေါ့။ သမီးတို့ကို ပစ်ခွာပြီး ဘ၀သစ်တစ်ခုကိုဖေဖေရွေးချယ်ခဲ့
တယ်။ သမီး ရင်ထဲမှာနာနေတယ် ဖေဖေ။ ဖေဖေ့ကိုတွေ့ခဲ့ရင် ၀မ်းသာအားရပြေးဖက်ပြီး ဖေဖေ့ရင်ခွင်ထဲ
ခိုဝင်မယ်ဆိုတဲ့အတွေးက လေထဲမှာပဲလွင့်ပျောက်သွားခဲ့ရတယ်။


ဖေဖေနဲ့ဝေးရာကို သမီး ပြေးထွက်လာခဲ့တယ်။ ဖေဖေနဲ့ဝေးတဲ့နေရာဆိုပေမယ့် မေမေနဲ့နီးနီးလာတယ်။
ဟုတ်တယ် ဖေဖေ။ သမီး မေမေ့ရင်ခွင်ထဲပြေးဝင်ချင်နေခဲ့တာ။ မေမေ့ကို သမီးအထင်လွဲမိခဲ့သမျှ သမီးရင်ထဲ
 ဒဏ်ရာချက် တွေတိုးလာခဲ့ တယ်။ သမီး အရမ်းမှားသွားတယ် ဖေဖေ။ နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့အဝေးဆုံး
ကို သမီးပြေးထွက်နေမိခဲ့တယ်။ ဖေဖေ့ကို တမ်းတနေချိန်မှာ ကြေကွဲနေတဲ့ မေမေ့ကို သမီး လှည့်မကြည့်မိခဲ့
ဘူး။ ဖေဖေ့ကိုချစ်စိတ်နဲ့ မေမေ့ကို ဥပေက္ခာပြုပြီး အရွဲ့ တိုက်နေမိခဲ့တယ်။ သမီးလောက်မိုက်တဲ့သူ ရှိပါ့ဦး
မလားဖေဖေ။


အိမ်ရောက်တာနဲ့ မေမေ့ကို သမီး ပြေးဖက်မိတယ်။ မေမေ့ ပါးပြင်ကိုအကြိမ်ကြိမ်မွှေးကြူနေမိခဲ့တယ်။ မေမေ့
ရင်ခွင်က သမီးအတွက် အေးမြလုံခြုံသွားစေခဲ့တယ်။ သမီးက ငယ်ငယ်ကလို ဖေဖေ့ကိုပဲ တမ်းတနေမိတဲ့
 ကြယ်ကလေး မဟုတ်တော့ပါဘူး။ ဖေဖေ့ကို တမ်းတမိသလို မေမေ့ကိုလည်း နားလည်ပေးနိုင်ခဲ့တဲ့ ကြယ်
ကလေးဖြစ်နေခဲ့ပါပြီ။


“မေမေ့ကို သမီးနားလည်ခဲ့ပါပြီ မေမေရယ် ”  


မေမေ့ရင်ခွင်ထဲကနေ မွတ်သိပ်စွာနဲ့ သမီးပြောမိတယ်။ မေမေကတော့ သမီးခေါင်းလေးကို အသာပွတ်သပ်ပေး
လို့။ မေမေ့ကိုနားမလည်ချင်ဘူးလို့ပြောခဲ့တဲ့အတွက် သမီးရင်နာနေရဆဲပါမေမေရယ်။ သမီး အခု မေမေ့ကို
နားလည်မိခဲ့ပါပြီ။ ဖေဖေ့ကိုပြန်မခေါ်မချင်း သမီး အမေ့ကိုအရွဲ့တိုက်မယ်ပြောခဲ့တာလေ။ အခုတော့ သမီး
နားလည်သွားပါပြီ။ မေမေ ပြန်ခေါ် ခဲ့ရင်တောင် ဖေဖေက မိသားစုအသစ်လေးကိုစွှန့်ခွာပါ့မလား။ ဖြစ်နိုင်ရင်
ပျော်ရွှင်ပြည့်စုံတဲ့ မိသားစုဘဝလေးကိုလိုချင်တာပေါ့ဖေဖေ။ ဒါပေမဲ့ အစားပြန်မရနိုင်တဲ့မျှော်လင့်ချက်
 တစ်ခုနဲ့ သမီး ရှေ့မဆက်ချင်တော့ဘူး။ သိရဲ့လားဖေဖေ။ ဒီနေ့လည်း ကောင်းကင်မှာ ကြယ်ကလေးတွေ
မရှိဘူးဖေဖေ။ ဖေဖေ့ကိုထာဝရဆုံးရှုံးခဲ့ရပြီဆိုတဲ့ အသိနဲ့ ကြယ်ကလေးတွေ ငိုနေခဲ့ရပြန်ပါပြီ။


                                                                           ဇီဝကမဂ္ဂဇင်း
                                                                       နိုဝင်ဘာလ ၊ ၂၀၁၃။


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More