Unordered List

Monday, October 7, 2013

ကြေကွဲရနံ့သင်းတဲ့ရွှေအိုရောင်မှတ်တမ်းတစ်စောင်



ကျွန်မနာမည်က အိုအို။ ဘယ်လိုနာမည်ကြီးလဲဆိုပြီး နှာခေါင်းရှုံ့သွားကြတယ်မဟုတ်လား။ ကျွန်မလည်း ဒီနာမည်ကို
မကြိုက်ပါဘူး။ အဖေနဲ့ အမေက အိုအို လို့ခေါ်ရင်း အားလုံးပါးစပ်ထဲမှာ အိုအိုဖြစ်သွားခဲ့တာ။ နာမည်အရင်းက အေးကြည်
တဲ့။ တောသူမဆိုတော့ တောနာမည်ပေါ့။ ဟော အခုကျတော့ ရွှေအိုရောင် ဖြစ်သွားပြန်ပြီ။ ဒါက မြို့နာမည်။ မိတယ်
မဟုတ် လား။ ရွှေအိုရောင် တဲ့။ အိုအို နဲ့ အေးကြည်ကတော့ တောမှာကျန်ခဲ့ပြီ။ မြို့မှာကျတော့ ရွှေအိုရောင် ဖြစ်သွားရော။
သိတယ် မဟုတ်လား။ အားလုံးပါးစပ်ဖျားမှာ စွဲနေကြတဲ့ ရွှေအိုရောင် လေ။

(၁)

မြို့ကိုရောက်ပြီဆိုတဲ့အသိနဲ့ လှိုက်ကနဲပျော်သွားတယ်။ တောသူ မြို့ရောက်တော့ မြင်သမျှ အဆန်းတွေချည်းဖြစ်နေ
 ရော။ တိုက်ကြီးတွေကို မျှော်ကြည့်ရလွန်းလို့ လည်ပင်းတောင်မညောင်းနိုင်ဘူး။ ကြည့်ပါဦး .. စည်လိုက်တဲ့လူတွေ။
တိုးကြပ် နေတဲ့ကားတွေ။ အို .. မြင်သမျှ တွေ့သမျှ အားလုံးသဘောကျပဲ။ ပိုပြီးသဘောကျတာက အန်တီမိုးရဲ့ဆိုင်ကြီး
ပဲ။ အခန်းကလည်း အကျယ်ကြီး။ အေးစိမ့်စိမ့်လေတွေထဲမှာ အမွှေးနံ့ တွေလည်းပျံ့နှံ့လို့။ အထဲမှာ အလုပ်လုပ်နေတဲ့
မိန်းကလေးတွေဆိုလည်း လှလိုက်တာလေ။ မျက်နှာလေးဆို နုဖတ်နေတာပဲ။ အဲ .. ဝတ်ထားတာကျတော့ အမြင်ရိုင်း
တယ်။ ကျွန်မရဲ့ တောအမြင်ပေါ့။ ပေါင်လည်လောက်စကဒ်တိုလေးဆို မိန်းမချင်းဖြစ် တဲ့ ကျွန်မတောင် စေ့စေ့မကြည့်ရဲ
ဘူး။ သူတို့ကျ ဝတ်ရဲတယ်တော့။ အံ့သြစရာကြီး။

အန်တီမိုးကလည်း အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုရမယ်။ မျက်နှာမှာ မိတ်ကပ်မပြတ်ဘူး။ ဆံပင်ကို အခွေ
လိုက် ဖြစ်အောင်ကောက်ထားပြီး အရောင်တင်ထားတော့ အသက်ထက်နုနေရော။ နောက်ဆို အဲဒီလို ဆံပင်ကောက်
တာကို သင်ပေးမယ်လို့ အန်တီမိုးကပြောတယ်။ ပြီးတော့ ကျွန်မ ကိုလည်း လှအောင်ပြင်ပေးမယ်တဲ့။

စရောက်ရောက်ချင်း အဟားခံရတာ မှတ်မိသေးတယ်။ အဲဒီကောင်မတွေပေါ့။ ကျုပ်ကိုကြည့်ပြီး သူတို့ချင်း တိုးတိုးပြော
နေကြတာ။ မျက်နှာမှာ သနပ်ခါးပါးကွက်ကြားကြီးနှစ်ခုတင်ထားတဲ့ ကျွန်မကိုကြည့်ပြီး ရယ်နေကြတာလေ။ အပွင့်ကြီး
ကြီးပါတဲ့ ထမီကိုကြည့်ပြီးလည်း အတင်းတုတ်နေကြတာပဲ။ ကျွန်မ ထမီများ သူတို့စကဒ်နဲ့ကွာပါ့။ လုံခြုံလိုက်တာမှ လေ
တိုး ပေါက်တောင် မရှိဘူး။ သူတို့များ အောက်ပိုင်းအအေးလွန်ပြီး လေဖြတ်မှာမြင်ယောင်သေးရဲ့။

“ ကလေးတို့ရေ .. ဒါက နယူးလေးနော်၊ ရွှေအိုရောင် တဲ့၊ မှတ်ထားကြ ”

အယ် .. ရွှေအိုရောင်တဲ့။ ကျွန်မက ရွှေအိုရောင်ဖြစ်သွားပြန်ပြီ။ ဟိုကောင်မတွေဆီက ရယ်သံတွေထွက်လာကြတယ်။
ဟွန်း ..။ မျက်စောင်းကိုနှစ်ချက်ဆင့်ပြီးထိုးပေးလိုက်တယ်။ ဒါတောင် မျက်နှာတွေက ပြီတီတီဖြစ်နေကြတုန်း။

“ ကာစတန်မာတွေရဲ့စိတ်ကြိုက်ပုံစံလေးထွက်အောင် ပုံသွင်းပေးကြပါဦး ကလေးတို့၊ လုံးဝအလန်းလေးနော်၊ ကာစတန်
မာတွေရဲ့ပါးစပ်ဖျားမှာ တန်းတန်းစွဲဖြစ်နေအောင် လှုပ်ရှားပေးလိုက်တော့ ”

“ စိတ်ချ အန်တီမိုးရေ၊ အရိုင်းပန်းလေး အရမ်းလန်းသွားအောင် ဧကရီ တာဝန်ယူတယ်၊ တို့ဆိုင်မှာတော့ ရွှေအိုရောင်က
ရေပန်းစားလာဦးမှာပဲ ” 

“ အေး .. ဧကရီရဲ့လက်ဆကို အန်တီမိုး သိတာပေါ့ကွယ်၊ အဲ အန်တီမိုး သွားစရာရှိလို့၊ နယူးလေးကို စိတ်ချထားခဲ့
မယ်နော် ”

“ စိတ်ချ အန်တီမိုးရေ၊ အန်တီမိုး ပြန်လာရင် လုံးဝ မျက်စိလည်သွားစေရမယ် ဟင်း ဟင်း ”

ကျွန်မ တစ်ခွန်းမှမပြောနိုင်ပဲ ပါးစပ်အဟောင်းသားနဲ့ကြည့်နေမိတယ်။ အဲဒီ ဧကရီဆိုတဲ့တစ်ယောက်ရဲ့အသံလေးက
ချိုသာလိုက်တာ။ ရယ်တာတောင် ဟင်းဟင်း ဆိုပြီး လက်လေးနဲ့ ပါးစပ်ကိုကာလိုက်သေးတယ်။ ကျွန်မတို့များ ရယ်ပြီဆို
ဝါးလုံးကွဲအောင်အော်ရယ်ကြတာ။ ပါးစပ်ကိုလက်နဲ့ကာဖို့ ဝေးရော။ ပါးစပ်ထဲထွက်လာတဲ့တံတွေးတွေတောင် ဟိုစင် ဒီစင်
ဖြစ်သွားတတ်တာ။။

ခဏနေတော့ ဧကရီက ကျွန်မကို ခေါ်ပြီး ခေါင်းလျှော်ပေးတယ်။ ကြည့်စမ်း .. ငြိမ့်နေတာ ကျွန်မတောင် အိပ်ပျော်သွား
မတတ်ပဲ။ ပြီးတော့ အလှပြင်တဲ့ထိုင်ခုံပေါ်မှာထိုင်ခိုင်းတယ်။ အို .. ဆိုဖာခုံလေးကလည်း အမိုက်စားပဲ။ ကြည့် .. ကျွန်မ
နိဗ္ဗာန်ဘုံရောက်သွားသလိုပဲ။ ဧကရီရဲ့ သွက်လက်တဲ့လှုပ်ရှားမှုအောက်မှာ ကျွန်မက ငြိမ်ပြီးခံနေမိတယ်။ ဆံပင်အရှည်ကြီး
ကို ကျောလယ်လောက်ကနေ တိကနဲ ဖြတ်ချလိုက်တော့ နှမြောစိတ်လေးဝင်မိသား။ နောက်တော့ သိသိသာသာလှလာတဲ့
ဆံပင်အခွေလိုက်လေးကိုမြင်ပြီး နှမြောစိတ်ကပျောက်သွားပြန်ရော။

ဆံပင်လည်းပြီးရော မျက်နှာက သနပ်ခါးတွေကိုဖျက်ပြီး မိတ်ကပ်တွေနဲ့အရောင်ခြယ်တော့တာပဲ။ တစ်ခါမှ မလုပ်ဖူးလို့
အနေခက်တာကလွဲလို့ အဆင်ပြေနေတာပဲ။ အဝတ်အစားကအစ အားလုံးပြင်ဆင်ပြီးချိန်မှာတော့ ကျွန်မ ကိုယ့်ကိုယ်ကို
အံ့သြမှင်သက်သွားမိတော့တယ်။

အခွေလိပ်ကောက်ပြီး အရောင်တောက်နေတဲ့ ဆံပင်ရယ် .. ဖြူစင်ဝင်းပလာတဲ့ မျက်နှာလေးရယ် .. အင်္ကျီလှလှ လေးနဲ့
စကဒ်တိုတိုလေးရယ်..။ အစက အမြင်ရိုင်းတယ်ထင်မိတဲ့ စကဒ်အတိုလေးက အခုကျတော့လည်း ရိုင်းတယ်လို့ မမြင်မိ
ပြန်ဘူး။ မြို့မျက်လုံးနဲ့ကြည့်ရင်ပေါ့လေ။ ကျွန်မ ရင်ခုန်သွားတယ်။ ကျွန်မ မြို့သူဖြစ်ပြီပေါ့။ ဧကရီကို ကျေးဇူးတင်တဲ့
အကြည့်လေးနဲ့ ကြည့်လိုက်တော့ ဧကရီက ပြုံးပြတယ်။

“ ဘယ်လိုလဲ ရွှေအိုရောင်၊ အိုကေတယ်မဟုတ်လား ”

ကျွန်မ ခေါင်းညိတ်ပြလိုက်တာ ဘယ်နှစ်ကြိမ်မြောက်လဲမသိဘူး။ အံ့သြတာရော .. ဝမ်းသာတာရော .. စိတ်လှုပ်ရှားတာ
ရော ပေါင်းပြီး နေမထိထိုင်မသာဖြစ်လို့။

“ ဟိုက ညီမလေးနဲ့ပဲခေါင်းလျှော်ချင်တယ်ကွာ၊ အဆင်ပြေမလား ”

အခုမှဆိုင်ထဲဝင်လာတဲ့ လူကြီးက ကျွန်မကိုကြည့်ပြီးပြောတယ်။ ကျွန်မနဲ့ ခေါင်းလျှော်မယ်တဲ့။ ပထမဆုံးအတွေ့ကြုံမှာ
စိတ်ထဲဇဝေဇဝါ ဖြစ်သွားရတယ်။ ဒီဆိုင်ကို ယောက်ျားတွေလည်းလာတာပဲလား။ ကျွန်မ တွေဝေနေတုန်း ဧကရီရဲ့အသံ
ကိုကြားလိုက်ရတယ်။

“ ဆောရီး ကိုကြီးရေ၊ ရွှေအိုရောင်က အသစ်လေးလေ၊ ဒီနေ့မှစရောက်တာ၊ နောက်နေ့မှ ကိုကြီး သဘောပေါ့၊ ဒီနေ့
တော့ ကိုကြီးကို ဧကရီတာဝန်ယူတယ်သိလား  ”

“ ရွှေအိုရောင် တဲ့လား၊ မိုက်တယ်ကွာ၊ နောက်နေ့ဆို ကိုကြီးတို့က ရွှေအိုရောင်ပဲနော် ”

လူကြီးကဖြင့် သေခါနီးပြီ။ ကိုကြီးတဲ့။ ကျွန်မ ဟီးခနဲ ရယ်ချလိုက်တော့ ဧကရီကလှမ်းကြည့်တယ်။ ကျွန်မ အသံ နည်း
နည်းကျယ်သွားတာကိုး။ ဒါတောင် အဲဒီလူကြီးဆီကအသံထွက်လာသေးတယ်။

“ ရယ်သံလေးက ရင်ထဲမှာ အေးမြသွားတာပဲကွာ ”

တဲ့။ သေနာကြီး။ အသက်ကြီးမှ ဘူးသီးလာသီးနေတယ်။ စိတ်ထဲကနေ ကျိန်ဆဲပေးလိုက်တယ်။ လူကြီးပြန်သွား တော့
ဧကရီတို့ဆီကအသံထွက်လာတယ်။

“ ရွှေအိုရောင်တော့ စန်းပွင့်တယ်ဟေ့၊ ရောက်တဲ့နေ့မှာကိုပဲ ကာစတန်မာရသွားပြီ၊ နောက်ကားက ကျော်တက်သွား
 ပြီဟေ့ ”

ကျွန်မ ကိုကြည့်ပြီး ချီးကြူးသလိုပြောကြတယ်။ အန်တီမိုး ပြန်လာတော့ ကျွန်မကိုကြည့်ပြီး မျက်လုံးတွေအရောင် တဖျတ်
ဖျတ်တောက်လို့။ ပြီးတော့ ကျွန်မကို ပြောသေးတယ်။ ပညာတွေ မြန်မြန်သင်ထားတော့တဲ့။ ကျွန်မ ခေါင်းညိတ် ပြလိုက်
တယ်။ ဒါနဲ့ပဲ ရွှေအိုရောင် တစ်ခေတ်ဆန်းခဲ့ရတာပေါ့။ ဟွန့် .. မြန်လိုက်တာ။

(၂)

အားလုံးပါးစပ်ဖျားမှာ တန်းတန်းစွဲလာကြတာ ရွှေအိုရောင် မှ ရွှေအိုရောင်ပဲ။ ကျွန်မကိုလည်း ကြည့်ပါဦး။ ပြောင်းလဲ
သွားလိုက်တာ ယုံနိုင်စရာတောင်မရှိဘူး။ ကျွန်မက ရယ်ရင်တောင် အရင်လိုမဟုတ်တော့ဘူး။ မခို့တရို့လေးရယ်တာ။
လှုပ်ရှားမှုတိုင်းကို ညင်ညင်သာသာနဲ့ ဆွဲဆာင်မှုရှိအောင်ကိုနေတာ။ မိန်းကလေးပါးစပ်က ချိုချိုသာသာလေး အသံထွက်
လာ တော့ သကောင့်သားတွေ ဘယ်ခံနိုင်ကြမလဲ။

ကာစတန်မာများလာလို့ကတော့ ဘယ်အရွယ်ဖြစ်ဖြစ် ကိုကြီးပဲ။ ကိုယ့်ထက်ငယ်တော့ မောင်လေးပေါ့။ နည်းနည်းလေး
ကြီးရင် အစ်ကို။ ကျွန်မ အသံလေးကြားရင် သူတို့မခံနိုင်ကြဘူး။ ခေါင်းကလည်း လျှော်ပဲလျှော်နိုင်လွန်းကြတယ်။ တစ်နေ့
နှစ်ခေါက် သုံးခေါက် အနည်းဆုံးပဲ။ ရောက်လာရင်လည်း ရွှေအိုရောင် လျှော်ပေးမှ။ ရွှေအိုရောင် .. ရွှေအိုရောင်နဲ့ .. ကျွန်မ
နာမည်နောက်မှာ အန်တီမိုး လက်ဖျားမှာ ငွေသီးလာခဲ့တယ်။

အန်တီမိုးလည်း ကျွန်မကို အရေးပေးလိုက်တာများ တခြားသူတွေတောင် မျက်စိနောက်ကြတယ်။ ကျွန်မ ရွာပြန်သွားမှာကို
အန်တီမိုးကြောက်နေတာလေ။ ကျွန်မလည်း ပြန်ခိုင်းတောင် မပြန်ဘူး။ ဒီလောက် အဆင်ပြေနေတာ။ ရွာမှာ ကောက်စိုက်
ပျိုးနှုတ်နဲ့ ဘယ်လောက်ပင်ပန်းတယ် မှတ်လို့။

 “ ရွှေအိုရောင်ရေ .. အန်တီမိုး ခေါ်နေတယ်ဟေ့ ”

အခုမှ နားကာစရှိသေးတယ်။ ခေါ်သံကြားရပြန်ပြီ။ ဘယ်တတ်နိုင်မလဲ။ သူ့ဆန်စားမှတော့ ရဲရတော့မှာပေါ့။ ကျွန်မ ထွက်
လာတော့ လူကြီးတစ်ယောက်က ပြုံးဖြီးဖြီးနဲ့ရယ်ပြတယ်။ ကျွန်မလည်း အလိုက်သင့်ရယ်ပြလိုက်ရတယ်။ အန်တီမိုးက
ပြောတယ်။

“ ရွှေ့အိုရောင်ရေ .. ဒါ အန်တီမိုးတို့ရဲ့စူပါကာစတန်မာပေါ့၊ ရွှေအိုရောင်နဲ့မှ စိတ်ကျေနပ်မယ်တဲ့လေ၊ အဆင်ပြေအောင်
စီစဉ်ပေးလိုက်ပါဦး သမီးရေ ”

ကျွန်မ နည်းနည်းတော့ညစ်သွားမိတယ်။ ကျွန်မ လုပ်လာတဲ့သက်တမ်းမှာ အထူးခန်းကိုတစ်ခါမှမကူးဖူးဘူး။ ဒီမှာက
အလှပြင်ခန်းအပြင် အထူးခန်းဆိုတာရှိသေးတယ်။ ဒါကတော့ ဆိုင်ကိုအမြဲလာနေကျကာစတန်မာတွေအတွက် အထူး
ပေါ့။ ကျွန်မက ခေါင်းလျှော်တဲ့အပိုင်းကိုပဲ တာဝန်ယူပေးတာ။ အထူးခန်းမှာကျတော့ နှစ်ယောက်တည်းမို့ နည်းနည်းတော့
အသက် ရှူရကြပ်တယ်။ နောက်ဆုံးတော့လည်း ခေါင်းညိတ်ရတာပါပဲ။ စူပါကာစတန်မာဆိုတော့ ငြိုငြင်သွားရင်မကောင်း
ဘူး။ ဒီတော့ ဘယ်လို ငြင်းလို့ရမှာလဲ။ အထူးခန်းဆိုပေမယ့် အန်တီမိုးကလည်း ဘဝလုံခြုံမှုအတွက် တာဝန်ယူထားတော့
စိုးရိမ်စရာ မရှိပါဘူး။

အထူးခန်းကိုရောက်တော့ ဒီလူကြီးကို ခေါင်းလျှော်ပေးရတယ်။ ခေါင်းလျှော်ရင်းနဲ့ ဇက်ကြောလည်း ဆွဲပေးရတာပေါ့။
လူကြီးရဲ့တော်ကီတွေကို နားထောင်ရတာကျတော့ စိတ်ကျည်းကြပ်တယ်။ လူကသာ သေခါနီးတာ။ ပြောနေတဲ့စကား
တွေကျတော့ လူပျိုရှုံးလောက်တယ်။

“ ကိုကြီးနာမည်က ဦးထွဋ်အောင်တဲ့၊ ကလေးကျတော့ အစ်ကိုအောင်လို့ခေါ်လေ ”

အစ်ကိုအောင်တဲ့။ အို .. ဟုတ်တာပေါ့။ အစ်ကိုအောင် ဆိုတော့ အကောင်အို။ ဒီနာမည်လေးကို သဘောကျပြီး ခစ်ခနဲ
ရယ်လိုက်မိတယ်။ ဒါကို လူကြီးက သဘောကျလို့။

“ ဘာရယ်တာလဲ ကလေးရဲ့ ”

“ နာမည်လေးက ခေါ်လို့ကောင်းလို့ပါ အစ်ကိုအောင်ရဲ့၊ အစ်ကိုအောင်နဲ့လည်း လိုက်တယ်လေ ”

“ ကျေးဇူးပါဗျာ၊ အစ်ကိုအောင်တော့ ဒီနေ့ကစပြီး ကလေး ဆီပဲလာတော့မယ်၊ ရတယ်မဟုတ်လားဟင် ”

ညှို့ပလီတဲ့ အသံက နားဝမှာခါးသွားရပေမယ့် ဟန်မပြက် ရယ်ပြလိုက်ရတယ်။ လူကြီးက အိုဗာဒင်းလာဖျော်တော့လည်း
ကျွန်မက ရေပူလေးထည့်ပေးလိုက်တာပေါ့။ ခက်တာမှတ်လို့။

“ လာပေါ့ အစ်ကိုအောင်ရဲ့၊ အစ်ကိုအောင်က အန်တီမိုးရဲ့ စူပါကာစတန်မာပဲလေ ”

 “ ဟာ မရဘူးကွာ၊ အစ်ကိုအောင်က ကလေးအတွက်ပဲ မူပိုင်ဖြစ်ချင်တာ ”

သေလိုက်ပါလား အကောင်အိုလို့ပဲ စိတ်ထဲကနေ ကျိန်ဆဲလိုက်မိတယ်။ အသက်အရွယ်ကိုမှမထောက် ငယ်မူပြန်နေ
လိုက်တာ။ လူအိုနံ့ရနေတာတောင် အပျော်ရှာချင်သေးတယ်။ စိတ်ပျက်စရာကြီး။

 “ ရော့ .. ဒါက ကလေးအတွက် သီးသန့်ဘောက်ဆူးနော်  ”

တစ်နာရီပြည့်လို့ တာဝန်လည်းပြီးရော လူကြီးက ပိုက်ဆံတစ်ထပ်ထုတ်ပေးတယ်။ ကြည့်စမ်း ရက်ရောလိုက်တာ။ ခဏ
လေးနဲ့ ငွေတစ်ထပ်က အသာလေးပဲ။ ငွေကိုမြင်တော့ စိတ်ညစ်ညူးနေတာတောင် ပျောက်ချင်သလိုလိုဖြစ်သွားတယ်။
အစ်ကိုအောင်လည်း ကျွန်မရဲ့ စူပါကာစတန်မာဖြစ်ဖို့ ကြိုးစားနေပြီပဲ။ ဒီကလည်း ရွှေအိုရောင်ပဲလေ။ လူကြီးရဲ့အသည်း
နှလုံးကို တဆတ်ဆတ်တုန်သွားအောင် မထိတထိလေးဆွပေးလိုက်တာပေါ့

 “ အစ်ကိုအောင်ရှိမှပဲ ငွေကိုင်ရတော့တယ်၊ နောက်နေ့လည်း လာဦးနော်၊ မျှော်နေမယ်သိလား ”

ကျွန်မ ပြောလိုက်တော့ အစ်ကိုအောင်ခမြာ ပြုံးသွားလိုက်တာ နွားပြာကြီးအောက်သွားမရှိသလိုကိုဖြစ်လို့။ ငွေမျက်နှာ
ကြောင့်ရယ်လို့လည်း မသိရှာဘူး။ စိတ်ထဲမရှိတာပြော။ မပြုံးချင်ပဲပြုံးပြ။ ငွေက လှစ်ကနဲရ။ မဆိုးဘူး။ အလုပ်ဖြစ်တယ်။
အစ်ကိုအောင်လို စူပါကာစတန်မာတွေ အများကြီးရလာလို့ကတော့ ..။ ဟွန့် .. ပွဲပြီးပြီပေါ့။

(၃)

အဲဒီ ရဲရင့် ဆိုတဲ့ကောင်လေးကိုမြင်ရင် ရင်ထဲဘာဖြစ်သွားလဲမသိဘူး။ သူ့ကိုယ်သူ ရင့်လို့ တစ်လုံးတည်းပြောတာလေးက
အစ ကြည့်လို့ကောင်းနေတယ်။ ကျွန်မကို မတဲ့။ အဲဒီအသံလေးကိုပဲ နားထဲကဖျောက်မရအောင်ဖြစ်လို့။ ထူးဆန်းတယ်။
စိတ်ထဲကမပါတဲ့ စက်ရုပ်ဆန်ဆန်လှုပ်ရှားမှုမျိုးနဲ့ အားလုံးကိုဆက်ဆံခဲ့တာ။ ကောင်လေးကိုကျတော့ လိုလိုလားလားကို
လက်ခံချင်သလိုမျိုး။ မတွေ့ရရင်လည်း သတိရ။ တွေ့ရင်လည်း ရင်ခုန်တာက မရပ်။ ဧကရီပြောတော့ ကျွန်မ မျက်လုံး 
အဝိုင်းသားဖြစ်သွားမိတယ်။

“ ဘာမှခေါင်းစားမနေနဲ့၊ အဲဒါအချစ်ပဲ၊ နင်သူ့ကိုချစ်နေလို့ပေါ့ ရွှေအိုရောင် ရဲ့ ”

အချစ်တဲ့။ ကျွန်မအတွက် စိမ်းသက်လွန်းတဲ့ နယ်ပယ်တစ်ခုပေါ့။ ကျွန်မ အတွေးထဲမှာ ကောင်လေးလောက် ဘယ်သူကမှ
မစိုးမိုးခဲ့ဖူးဘူး။ ပြီးတော့ ကောင်လေးကသူဌေးသား။ ငွေကိုရေလို သုံးနိုင်ဖြုန်းနိုင်တဲ့သူ။ ကျွန်မဆီလာတိုင်း တန်ဖိုးကြီး
လက်ဆောင်တွေ မပါတဲ့နေ့ရယ်လို့ မရှိဘူး။

ခက်ပြီ။ ကျွန်မ ဘာဆက်လုပ်ရမလဲ။ အန်တီမိုးက ကာစတန်မာတွေနဲ့ ဘာသံ ညာသံတွေမကြားချင်ဘူးလို့ သတိပေး
ထားပြီးသား။ ကာစတန်မာအတွက် ဝန်ဆောင်မှုကောင်းကောင်းပေးဖို့ကလွဲပြီး အချစ် နဲ့အဝေးဆုံးမှာနေပါတဲ့။ မချစ်
တတ်အောင်ကြိုးစားကြပါတဲ့။ အရင်ကတော့ အလွယ်တကူခေါင်းညိတ်ခဲ့တာပဲ။ အခုတော့ အဲဒီစကားကို တယူသန်
အတ္တတွေနဲ့ဘောင်ခတ်ထားတဲ့စကားလို့ ထင်လာမိတယ်။

“ ရွှေအိုရောင်ရေ .. ညည်းရဲ့အသည်းလေးလာပြီ ”

ဧကရီရဲ့စကားကြောင့် ကျွန်မရဲ့အတွေးတွေ ပြတ်တောက်သွားရတယ်။ ပြီးတော့ ရင်ထဲမှာ လှိုက်ခနဲပျော်မိသွားတယ်။
ကျွန်မကိုတွေ့တော့ ကောင်လေးက နှစ်ခြိုက်စွာနဲ့ ပြုံးပြတယ်။

“ ဒီနေ့ အရမ်းလှနေပါလား မရယ်၊ ဒီနေ့လည်း မနဲ့ပဲခေါင်းလျှော်မယ်နော်၊ ပြီးတော့ မျက်နှာပေါင်းတင်မယ် ”

“ အင်းပါ မောင်လေးရဲ့၊ အခုတစ်ခါတည်းလျှော်ပေးမယ်လေ ”

ကျွန်မရဲ့အသံက နူးညံ့မှုအပြည့်ပျော်ဝင်နေတယ်။ ကောင်လေးရဲ့ခေါင်းကိုလျှော်ပေးတော့လည်း ရင်တထိတ်ထိတ် ခုန်နေ
ခဲ့တယ်။ ပြီးတော့ ရီဝေစွာကြည့်လိုက်တဲ့ ကောင်လေးနဲ့ အကြည့်ချင်းဆုံသွားတယ်။

“ မကိုအရမ်းချစ်တယ် သိလား ”   

အို .. ကျွန်မ ရှက်ကိုးရှက်ကန်းဖြစ်မိသွားတယ်။ အနားကလူတွေများကြားသွားမလားလို့ စိုးရိမ်တကြီးကြည့်မိတယ်။
ဘယ်သူမှမသိကြလို့တော်သေးရဲ့။ တော်တော် ဆိုးတဲ့ကောင်လေး။ ဒီမှာ အလုပ်လုပ်နေတာတွေတောင် အမှားမှား
အယွင်း ယွင်းဖြစ်ကုန်ပြီ။ ကျွန်မကို ကြည့်နေလိုက်တာများ အကြည့်တောင်မလွှဲဘူး။ ကျွန်မ စိတ်တွေ ညွှတ်ချင်နေပြီ။
အချစ်ကတော့ ဆွဲအားပြင်းပြင်းနဲ့ ကျွန်မကို ညှို့ယူနေပြီလေ။

“ ဖြေလေ မ၊ မောင့်ကိုရော ချစ်ရဲ့လား ”

သြော် .. ခက်ပါရဲ့။ ဒီကောင်လေးကတော့။ တတ်လည်းတတ်နိုင်လွန်းတယ်။ အဘေးကသူတွေ ရိပ်မိကုန်မှအခက်။
ဘယ့်နှယ့် ဇွတ်အတင်းကြီးပူဆာနေရတယ်လို့။ ဖြစ်နိုင်ရင် ချစ်တယ်လို့ အော်ပြောချင်တာပေါ့။ ဒီက မိန်းကလေးလေ။
နည်း နည်းတော့ မူရမှာပေါ့။

ကျွန်မအလုပ်က ယောကျာ်းတွေနဲ့ပတ်သက်တဲ့အလုပ်ဆိုပေမယ့် ဘဝကဖြူစင်တယ်။ အပျိုစင်ဘဝကိုလည်း အထိပါး
မခံခဲ့ဘူး။ ဒီတော့ ကျွန်မ ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်။ ချစ်တာက ချစ်တာပေမယ့် ဟင်းရွက်ကန်စွန်းရွက်လိုမျိုးတော့
ရော့ .. အင့် ဆိုပြီး မလုပ်နိုင်ဘူး။ ဒါကြောင့် ဘယ်သူမှမကြားအောင်တိုးတိုးလေး ပြန်ပြောရတယ်။

“ မောင်လေး .. တော်တော့ကွာ၊ တခြားသူတွေကြားသွားရင်မကောင်းဘူး၊ မ စဉ်းစားဦးမယ်နော် ”

ဒါတောင် ကောင်လေးက သိပ်မကျေနပ်ချင်ဘူး။ ကျွန်မ ရင်ထဲနည်းနည်းတော့ တင်းကြပ်နေခဲ့တယ်။ အန်တီမိုး မသိ
အောင် ကျွန်မ ဘယ်လိုလုပ်ရမလဲ။ ကောင်လေးကိုလည်း ကျွန်မ နက်နက်ရှိုင်းရှိုင်းချစ်မိနေပြီလေ။ နောက်ဆုံးတော့
လည်း အန်တီမိုးကို ခေါင်းထဲသိပ်မထည့်ဖြစ်တော့ဘူး။ နောက်ဖြစ်နောက်ရှင်းလို့ပဲ သဘောထားလိုက်တော့တယ်။
တစ်နေ့တော့ ကောင်လေးကိုအဖြေပေးလိုက်တော့မယ်။ အဲဒီအခါမှ အန်တီမိုးသိသွားလည်း ကံပေါ့။ ဘယ်လိုလုပ်မှာ
လဲ။ ကျွန်မလည်း အချစ်အောက်မှာ ကျရှုံးသွားခဲ့တာကိုးလေ။

(၄)

“ ကလေးနဲ့တွေ့လိုက်ရင် အပန်းကိုပြေသွားတာပဲကွာ၊ နှစ်ယောက်တည်းအေးအေးဆေးဆေးတွေ့ချင်လိုက်တာ ”

လှိုက်မောစွာထွက်လာတဲ့ လူကြီးရဲ့စကားကို အလိုက်သင့်ရယ်မောပြလိုက်ရပေမယ့် စိတ်ကတော့ ညစ်လှပါပြီ။ အခု
တလော လူကြီးရဲ့ခြေလှမ်းတွေစိပ်လာတယ်။ ဗျူဟာအသစ်တွေနဲ့ လမ်းခင်းလာတယ်။ ပြီးတော့ ကျွန်မကို ဘယ်
လောက် သဘောကျကြောင်းတွေ ရေပက်မဝင်အောင်ပြောတယ်။ စူပါကာစတန်မာဆိုတဲ့အရှိန်လေးရဲ့ ဘောက်စ်ဆူး
မြက်မြက်လေးရလို့သာ အလိုက်သင့်ဆက်ဆံနေခဲ့တာ။ အဖိုးတန် ရေမွှေးနံ့တွေအကြားက လူအိုနံ့ရနေတဲ့လူကြီးကိုများ
သဘောကျစရာလား။ ဦးနဲ့ သမီးဇာတ်ခင်းဖို့တော့ စိတ်တောင်မဝင်စားဘူး။

ပြီးတော့ ငွေရှိတိုင်းအပျော်ရှာကြတဲ့ လူကြီးတွေမှာ ပွဲတက်မယားဆိုပြီးသီးသန့်ရှိတယ်ဆိုပဲ။ နောက်ကွယ်ကျမှ ငွေကို
ရေလိုသုံးပြီး အပျော်ရှာကြတာပေါ့။ ကျွန်မတို့ကျတော့ သူတို့ဆီက လျှံကျနေတဲ့ရေကို ခွက်လေးနဲ့ခံထားရုံပါ။ တကူး
တကကြီးလိုက်ခပ် ယူနေတာမှမဟုတ်တာ။ ပေးသူရှိလို့ ယူသူရှိတာဆိုပေမယ့် သတိတော့ထားရတယ်။ ကိုယ့်ဘဝ
အစွန်းအထင်းမဖြစ်အောင်ထိန်းသိမ်းဖို့လည်း အရေးကြီးတယ်မဟုတ်လား။

“ ဘယ်လိုလဲဟင် ကလေး၊ ကလေးလိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးမယ်လေ၊ ကလေး ကြိုက်သလောက် သုံးဖြုန်း
စမ်းကွာ၊ တစ်ချက်မငြိုငြင်ဘူး ”

လေပြည်လေးထိုးပြီးပေးလာတဲ့ မက်လုံးကို စိတ်ညွတ်မသွားအောင်ထိန်းရတယ်။ ကိုယ်ကချည်း ယူနေလို့လည်း
မကောင်းဘူး။ အပေး အယူဆိုတာ ဒွန်တွဲနေ တတ်တာပဲလေ။ ငါးစာသာမြင်နေပေမယ့် ငါးမျှားချိပ်ကိုလည်းကြည့်တတ်ရ
သေးတယ်။ ဒီတော့ အခိုးငွေ့တွေဝေလျှံနေတဲ့ လူကြီးကို ပညာသားပါပါနဲ့ လှည့်ပြောရတယ်။

“ ကျေးဇူးတင်လိုက်တာ အစ်ကိုအောင်ရယ်၊ ဒါပေမဲ့ ရွှေအိုရောင်တို့ ဘဝကို ရွှေအိုရောင် မပိုင်ဘူးလေ၊ အန်တီမိုးက
ရွှေအိုရောင်တို့ရဲ့အုပ်ထိန်းသူပေါ့၊ တစ်ခုခုမှားယွင်းတာနဲ့ အလုပ်ထုတ်ခံရမယ်လေ၊ ဒါကြောင့် ရွှေအိုရောင် သတိထား
နေရ တာပေါ့ ”

ဝမ်းနည်းရိပ်လေးသန်းပြီး ယူကြုံးမရဟန်လေးပြောတော့ လူကြီးက သနားသလိုကြည့်လာတယ်။ ပြီးတော့ နှိပ်နယ်နေတဲ့
ကျွန်မလက်ကလေးကို ဆွဲကိုင်လိုက်တယ်။ ကျွန်မ ဆတ်ကနဲတုန်သွားတယ်။ ပြောလိုက်မှ ပိုဆိုးသွားပါလားလို့ တွေးရင်း
စိတ်ကျဉ်းကြပ်သွားရတယ်။ လူကြီးကတော့ ထုံးစံအတိုင်း ဗျူဟာတွေခင်းပြီး ထောင်ချောက်ဆင်လို့ပေါ့။

“ ဒါဆို မမိုးကို ပြောပြီးခေါ်မယ်လေ၊ ဒါဆို အဆင်ပြေတယ်မဟုတ်လား ကလေးရဲ့ ”

“ ဟုတ် .. အစ်ကိုအောင်သဘောပါ ”

ကျွန်မ ခေါင်းညိတ်လိုက်တော့ လူကြီး ဝမ်းသာသွားတယ်။ အန်တီမိုးအကြောင်း ကောင်းကောင်းသိတာပေါ့။ အန်တီမိုးက
အလုပ်သမားတွေရဲ့ဘဝကို လုံးဝအစွန်းအထင်းမခံဘူးလေ။ ယောကျာ်းတွေကို ကောင်းမွန်တဲ့ဝန်ဆောင်မှု ပေးရမယ်
ဆိုတဲ့စည်းကမ်းမှာ စာရိတ္တပျက်ပြားစေတဲ့ အပြုအမူမျိုးမပါခဲ့ဘူး။ ဒီလိုကိစ္စမျိုးနဲ့ကျရင် အန်တီမိုး စည်းကမ်းကြီးတာ
အားလုံးအသိပဲ။ ဒီတော့ လူကြီး ဘယ်လိုပြောပြော လေကုန်တာပဲ အဖတ်တင်မှာပေါ့။

“ ရော့ .. ဒါကလေးအတွက် ဘောက်ဆူး ”

ထုံးစံအတိုင်း လူကြီးက ပိုက်ဆံတစ်ထပ်လှမ်းပေးတယ်။ ကျွန်မ ယူလိုက်တော့ လူကြီးက ကျွန်မပါးလေးကို မနာအောင်
ခပ်ဖွဖွလေးလိမ်ဆွဲတယ်။

“ အဖေ ”

“ ဟင် .. သား ”

စကားနှစ်ခွန်းရဲ့ထိတွေ့မှုမှာ ကျွန်မ မှင်သက်ဆွံ့အသွားခဲ့ရတယ်။ လူကြီးနဲ့ ကောင်လေးက ..။ အို .. ကျွန်မ ရင်ထဲနာကျင်
မှုတွေပြည့်နှက်လာတယ်။ ဖြစ်မှဖြစ်ရလေဆိုတဲ့ ယူကြုံးမရစိတ်တွေနဲ့ ဗြောင်းဆန်လာခဲ့တယ်။ သားအဖနှစ်ယောက် ရဲ့
တွေ့ဆုံမှုမှာ ကျွန်မက ဘယ်လိုဇာတ်ရုပ်မျိုးနဲ့သရုပ်ဆောင်ခဲ့သလဲဆိုတာ တွေးရင်း အသက်ရှူရကြပ်လာခဲ့တယ်။
ကောင်လေးက ကျွန်မကို နာကျည်းရိပ်နဲ့ ကြည့်တယ်။ ပြီးတော့ ဆတ်ကနဲ မျက်နှာလွှဲပြီး ထွက်သွားတယ်။ လူကြီးက
တော့  ကောင်လေးဆီကိုပြေးလိုက်သွားတယ်။ ခဏလေးပါပဲ။ မယုံနိုင်အောင်ဖြစ်ပျက်သွားတဲ့ အဖြစ်အပြက် တစ်ခုမှာ
ကျွန်မ နှလုံးသားတွေ အက်ကွဲကြေမွသွားခဲ့ရတယ်။

ကျွန်မကို ကောင်လေးကြည့်သွားတဲ့အကြည့်က အထင်သေးမှုတွေပြည့်နှက်နေတဲ့ အကြည့်။ လူကြီးနဲ့ အလုပ်သဘော
အရဆက်ဆံမှုကလွဲပြီး ဘာမှပတ်သက်မှုမရှိဘူးဆိုတာ ကောင်လေးကိုပြောပြချင်ပေမယ့် အရာရာ နောက်ကျသွားခဲ့ပြီ။
တစ်ခါသာချစ်ဖူးခဲ့တဲ့ နှလုံးသားနုနုမှာ တစ်သက်စာဒဏ်ရာတွေ တိုးလို့နေခဲ့ပြီ။

အဲဒီနောက်ပိုင်း ကောင်လေးနဲ့ ကျွန်မ မတွေ့ရတော့ပါဘူး။ လူကြီးကိုတော့ ကားပေါ်မှာတစ်ခါတွေ့လိုက်ရတယ်။ လူကြီးရဲ့
အဘေးမှာ ကျွန်မထက်ငယ်မယ်ထင်ရတဲ့ ကောင်မလေးတစ်ယောက်နဲ့။ ကောင်လေးကျတော့ သတင်းလေး တောင်
ကြားခွင့်မရတော့ဘူးလေ။ ကံမကုန်ရင် ပြန်ဆုံကြမယ်လို့ ဆုတောင်းပေမယ့် မပြည့်ခဲ့တာကတော့ ကျွန်မရဲ့ကံပဲပေါ့။
နှောင်တွယ်ခွင့်မရလိုက် တဲ့ အချစ်ကြိုးတစ်မျှင်ကတော့ အခုထိချည်သူမဲ့နေဆဲပါပဲ။ အချိန်တွေ တရွေ့ရွေ့ပြောင်းလာ
ပေမယ့် ကောင်လေးပြောဖူးတဲ့ အချစ်အကြောင်းလေးတွေက ကျွန်မရင်ထဲမှာ မှတ်တမ်းတစ်စောင်အဖြစ် စွဲထင်နေ
တုန်းပဲဆိုတာ ကောင်လေးသိခဲ့ရင် ..။


                                                                        New Style မဂ္ဂဇင်း
                                                                   အောက်တိုဘာလ၊ ၂၀၁၃ ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More