Unordered List

ဘ၀မုန်တိုင်းဒဏ်

အပျိုစင်မဂ္ဂဇင်အောက်တိုဘာလ၊ ၂၀၁၂.

အလွမ်းပွင့်ဝေတက္ကသိုလ်မြေ

မာနရဲ့နောက်ဆက်တွဲ ရလာဒ်က နာကျင်ကြေကွဲမှုတွေပဲဆိုတာ နောင်တတွေ တပွေ့တပိုက်နဲ့ ငါနားလည်ခဲ့ရပြီ မဟော်ရယ်.

ဥက္ကဌရွေးပွဲ

ရယ်စရာမဂ္ဂဇင်း၊ မေလ ၊ ၂၀၁၃.

အမှောင်မြစ်ရဲ့ဝဲဂယက်

တောသူတောင်သားတွေရဲ့ဦးနှောက်မှာ အသိပညာဗဟုသုတတွေ နေမင်းကြီးလိုမလင်းနိုင်ရင် တောင်မှ ကြယ်ကလေးတွေလောက်တော့လင်းနိုင် အောင် မိချော ကြိုးစားရမယ်.

အိပ်တန်းပြန်ငှက်ကလေးများ

အညွန့်တလူလူတက်နေသည့်ဘဝကလေးတွေ ဒီလိုအမှာင်မြစ်ရဲ့ဝဲဂယက်ထဲမှာ သားကောင်ဖြစ်ခဲ့ရတာ ဘယ်လောက်တောင်များရှိနေခဲ့ပြီလဲ.

Thursday, July 11, 2013

လွင့်မျောနေသည့်တိမ်တိုက်များ၏မှီတွယ်ရာ


                                                               (၁)


ပြင်းထန်သည့်ဝေဒနာတစ်ခုကို သူ ခံစားနေခဲ့ရ၏။ သူ့ခေါင်းတစ်ခုလုံးလည်း မူးမိုက်ရီဝေနေသည်။ ရင်ဘတ်ထဲမှ တစစ်
စစ်ကိုက်ခဲနာကျင်ကာ အသိအာရုံများကလည်း ဝေဝါးလို့လာသည်။ ဝေဒနာကိုခံစားနေရသည့်အကြားက သူ မှားခဲ့ပြီ
လားဟုတွေးမိ၏။ ဟင့်အင်း.. သူ မမှားပါ။ သူ့လုပ်ရပ်ကို မှန်သည်ဟု သူနက်နက်ရှိုင်းရှိုင်းထောက်ခံအားပေးနေမိသည်။

မှောင်မိုက်တိတ်ဆိတ်နေသည့်အခန်းထဲတွင် သူ တစ်ယောက်တည်းသာရှိ၏။ အမေက မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေ
သည်။ အဖေက အလုပ်သွားသည်။ ကိုကိုကြီးနှင့် မမကြီးက အခန်းထဲတွင်စာရင်းဇယားကိုယ်စီနှင့် အလုပ်ရှုပ်နေပေလိမ့်
မည်။ ထိုအချိန်ကိုပင် သူ ရွေးချယ်ထားခဲ့သည်။ လောကတွင် လူပိုတစ်ယောက်ဟုသတ်မှတ်ခံထားရသည့် သူ၏ နောက်
ဆုံး ထွက်သက်ကို တိတ်ဆိတ်ငြိမ်သက်စွာပင်ထွက်သွားချင်သည်။ ဘယ်သူ့ကိုမှ သူ ဒုက္ခမပေးချင်ပါ။

မကြာမီ လူ့လောကကို သူကျောခိုင်းရတော့မည်။ သူ့ခန္ဓာကိုယ်တွင် လှုပ်ရှားရန်အစွမ်းတွေလျော့ရဲကျလာသည်။ မျက်လုံး
များပြာဝေလာသည်။ ခက်ခဲစွာရှူနေရသည့်အသက်ရှူသံသည် တဖြည်းဖြည်းနှေးကွေးလာခဲ့သည်။ တစ်ချက် တစ်ချက်
သတိလက်လွတ်ဖြစ်သွားခဲ့သည်။ အသိစိတ်သည် ခန္ဓကိုယ်နှင့် အမှောင်ထုကြားထဲတွင် လွန်ဆွဲနေခဲ့၏။ နောက်ဆုံး
အမှောင်ထုက အနိုင်ရရှိသွားပြီး အသိစိတ်များလွင့်မျောကွယ်ပျောက်သွားလေသည်။

သူ သတိပြန်ရလာသောအခါ ဝေဒနာဟူ၍ မြူတမှုန်မှခံစားရခြင်းမရှိတော့ပေ။ ထူးဆန်းအံ့သြစရာကောင်းလောက်အောင်
ပင် သူ့တစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းနေ၏။  ကြုံတွေ့နေရသည့်အဖြစ်အပြက်တို့ကို သူ မယုံနိုင်အောင်ပင်ဖြစ်နေမိ၏။
ထိုစဉ် သူ့လက်မောင်းနှစ်ဖက်ကို တင်းကျပ်စွာဖမ်းဆီးချုပ်ကိုင်ခြင်းခံလိုက်ရသည်။ သူလှမ်းကြည့်လိုက်သောအခါ
သာမာန် လူထက်မြင့်သောခန္ဓာကိုယ်နှင့် လူနီကြီးနှစ်ဦးဖြစ်နေ၏။ ထိုလူနီကြီးကိုကြည့်ကာ သူ့တစ်ကိုယ်လုံး တဆတ်
ဆတ် တုန်သွားခဲ့သည်။    

“ မင်းက ရန်နောင် ခေါ် အငယ်ကောင် မဟုတ်လား”  

လူနီကြီးထံမှ မာထန်ထန် သြရှရှအသံက ဟိန်းထွက်လာ၏။ သူ အေးစက်ဆွံ့အသွားမိ၏။ ထိုလူနီနှစ်ဦးက သူ့ နာမည်ကို
ပင်သိနေခဲ့သည်။ သူကတော့ ထိုလူနီကြီးနှစ်ဦးကိုမသိပါ။ သို့သော် အလန့်တကြားပင် သူ ပြန်ဖြေလိုက်မိသည်။

“ ဟုတ် .. ဟုတ်ပါတယ် ”  

“ အေး .. မင်းကိုလာခေါ်တာပဲ၊  မင်းရဲ့ လူ့သက်တမ်းကုန်ဆုံးသွားပြီ၊ ဒီတော့ ယမမင်းကြီးဆီမှာ အစစ်ဆေးခံဖို့
လိုက်ခဲ့ရမယ် ”  

“ ဗျာ .. ကျွန်တော် .. ကျွန်တော် သေခဲ့ပြီ ဟုတ်လား ”  

“ ဟုတ်တယ်လေ၊ မင်းကိုယ်မင်းသတ်သေခဲ့တာပဲမဟုတ်လား ”  

သူ ထိတ်လန့်တုန်လှုပ်သွားမိသည်။ သူ သေခဲ့ပြီတဲ့။ သူအခု စကားပြောလို့ရနေသည်ပဲ။ ဒါကို သေတယ်လို့ခေါ်သလား။
တကယ်တမ်းတော့ သူ မသေချင်သေးပါ။ သေရမည်ကို သူ ကြောက်နေမိသည်။

“ ဟင့်အင်း.. ကျွန်တော် မသေချင်သေးဘူး ”  

သူ ခေါင်းကိုခါရမ်းကာ အလန့် တကြားငြင်းဆိုမိသော်လည်း အချည်းအနှီးပင်ဖြစ်၏။ သူ့ကိုကြည့်၍ လူနီကြီးနှစ်ဦးက
ဒေါသဖြင့်ခက်ထန်လာကာ အသံမာမာဖြင့်လှမ်းပြော၏။

“ မရတော့ဘူး၊ အားလုံးလွန်ကုန်ပြီ၊ ဟိုမှာကြည့်လေ မင်းရဲ့အလောင်း၊ အိမ်သားတွေတောင် မင်းသေမှန်းမသိကြ
သေးဘူး ”  

လူနီကြီးညွှန်ပြရာသို့ ကြည့်လိုက်သောအခါ အခန်းထဲတွင် ခွေခွေလေးလဲကျနေသည့် သူ့ကိုယ်သူ လှမ်းမြင်လိုက်ရ၏။
အခုမှ သူ သဘောပေါက်သွားသည်။ သူ သေဆုံးသွားခဲ့ချေပြီ။

                                                              (၂)

“ ခွပ် .. ” 

ပြင်းထန်သည့်ထိုးချက်ကြောင့် သူ ပုံလျက်သားလဲကျသွားခဲ့၏။ မျက်နှာပြင်တစ်ခုလုံး အသည်းခိုက်မတတ် နာကျင်သွား
မိသည်။ နှုတ်ခမ်းထောင့်မှ သွေးများကစီးကျလာ၏။ လဲကျသွားသည့်သူ့ကို ထူပေးမည့်သူမရှိ။ ဖေးမမည့်သူမရှိ။ သူ့ ဘက်
တွင် တစ်ယောက်မှမရှိခဲ့ပါ။ အမေ့ရဲ့အကြည့်က ဒေါသတစ်ဝက် စိတ်ပျက်ခြင်းတစ်ဝက်ရောယှက်နေ၏။ ကိုကိုကြီးနှင့်
မမကြီးကလည်း သူ့ကိုကြည့်ကာ မျက်နှာကိုမဲ့လိုက်ကြ၏။ အကြည့်အားလုံးကိုရင်မဆိုင်ရဲစွာ သူခေါင်းငုံ့နေမိ၏။ ဝမ်းနည်း
စိတ်တို့သည်သာ သူ့ထံတွင်ကိန်းအောင်းလို့လာခဲ့၏။ နာကျင်မှုပေါင်းစုံသည် သူ့ရင်ထဲစူးနစ်စွာခိုအောင်းလာခဲ့ရသည်။

 “ မိဘမျက်နှာ အိုးမဲသုတ်တဲ့ကောင်၊ ထစမ်း .. မင်း အခုချက်ချင်းထစမ်း အငယ်ကောင် ”  

အဖေ့ စကားအတိုင်း သူထရပ်လိုက်သည်။ ထိုးကြိတ်ခံထားရသည့်ဒဏ်ရာက အလွန်နာကျင်နေ၏။ သို့သော် သူ
မျက်ရည်မကျမိပါ။ အံကြိတ်၍တင်းခံထားမိ၏။ သူ မမှားသည့်ဖြစ်ရပ်တစ်ခုအတွက် သူ ခေါင်းမာ၍နေမိ၏။ အမှန်ကို
အမှန် တိုင်းရင်ဆိုင်သည်ကို အဖေတို့ဘာကြောင့်လက်မခံချင်ရသလဲ။ သူ့ရှင်းပြချက်ကိုရော အဖေတို့ ဘာဖြစ်လို့မယုံ
ကြည်ခဲ့ရသလဲ။ ဘာကြောင့်များ သူ ဘာလုပ်လုပ်အဖေတို့အကောင်းမမြင်ကြတာလဲ။ အဖေတို့၏မျက်လုံးတွင် သူ့ကိုသာ
အပြစ်တစ်ခု လိုမြင်နေခဲ့သည့်အတွက် သူဝမ်းနည်းမိသည်။

“ ကဲ .. ပြောစမ်း၊ မင်း ဘာအချိုးချိုးတာလဲ အငယ်ကောင်၊ မင်းကိုစောစောပြန်ခဲ့လို့ ငါမမှာထားဘူးလား ”  

“ သားသိပါတယ်အဖေ၊ ဒါပေမဲ့ သူငယ်ချင်းရဲ့မွေးနေ့မို့အတင်းခေါ်လို့လိုက်သွားတာပါ ”  

“ မင်း ငါ့ကိုပြန်မပြောနဲ့၊ အရက်သောက်မူးရူးပြီး ရန်ဖြစ်တာ တစ်ခါနှစ်ခါမကတော့ဘူး၊ မင်း လူမဟုတ်ဘူးလား
အငယ်ကောင်၊ တစ်ခါပြောရင် နားလည်မှပေါ့ ”  

“ ကျွန်တော် အရက်မသောက်တာအမှန်ပဲ အဖေ၊ ပြီးတော့ ရန်ဖြစ်တယ်ဆိုတာလည်း ဒီကောင်တွေ ရန်စလို့ဖြစ်တာ၊
ကျွန်တော့် အမှားမဟုတ်ဘူး ”  

“ ဘာ .. ဒီကောင်ပြောလေကဲလေပါလား.. ကဲကွာ ”  

“ ခွပ် .. ”  

အင်အားတွေအကုန်လုံးစုထည့်ထားသလားထင်ရလောက်အောင် ထိုးချက်ကပြင်းလွန်းလှသည်။ အထိုးခံရသည့် ဒဏ်ရာ
ထက် ရင်ထဲမှအုံ့ဖွဲ့လာသည့် နာကျင်မှုကအဆိုးဆုံး။ “ ဘယ်နားနာသွားလဲ သားရယ် ” ဟု ကြားချင်မိသည့် အမေ၏
စကားသံတို့သည် တိတ်ဆိတ်နေဆဲ။ “ တော်ပါ တော့ အဖေရယ် ” ဟု မတားသည့်အပြင် “ နည်းသေးတယ် ” ဟူသော
 အကြည့်တို့ဖြင့် ကြည့်နေသည့် ကိုကိုကြီးနှင့် မမကြီး။ ဝမ်းနည်းသည့်စိတ်တို့က ရင်ထဲတွင် ပြည့်နှက်အုံဖွဲ့လာခဲ့၏။
 အားလုံး ၏မျက်ဝန်းထဲတွင် သူ့ကိုသနားရိပ်တို့တစ်ချက်မှရှိမနေပါ။ အားလုံး၏ရှေ့တွင် သူက အပြစ်သားတစ်ယောက်လို
ဖြစ်နေခဲ့ရ သည်။

“ ဒီနေ့ကစပြီး အခန်းထဲကနေထွက်ဖို့မကြိုးစားနဲ့၊ အငယ်ကောင်ဆိုပြီး ဂြိုလ်မွှေတဲ့ကောင်၊ ငါ့စကားနားမထောင်ပဲ
ဒီတစ်ခါထွက်ရင်တော့ အပြီးထွက်၊ ဘယ်တော့မှ ပြန်မလာနဲ့ ”  

အဖေပြောသည့်စကားတွေက သူ့အရှိုက်ကိုတည့်တည့်ထိမှန်၏။ ဂြိုလ်ကောင်တဲ့။ ပြောရက်သည့် အဖေ့ကိုကြည့်ပြီး
ကြေကွဲစွာခံစားရ၏။ သူက ဂြိုလ်ကောင်တဲ့။ အားလုံးကိုဒုက္ခပေးနေသည့် ဂြိုလ်ကောင်တဲ့။ ထိုစကားသည်သာ သူ့နားထဲ
အကြိမ်ပေါင်းများစွာပဲ့တင်ထပ်နေခဲ့၏။

“ သူ့ကြောင့် ဒီအိမ်ကြီးက ဘယ်တော့မှကိုမအေးချမ်းရတော့ဘူး၊ အလကား ဆန်ကုန်မြေလေးကောင် ”  

ကိုကိုကြီးက ပြောပြီးထွက်သွား၏။ အမေနှင့် မမကြီးက သူ့ကိုဥပေက္ခာပြုကာ မီးဖိုချောင်ထဲဝင်သွား၏။ ထိုအခါမှ သူ
အခန်းထဲပြေးဝင်ကာ အားပါးတရငိုကြွေးလိုက်မိ၏။ အဖေ့စကားလုံးများက အဖေ့ထိုးချက်များထက်ပို၍နာကျင်မိ၏။
သူက အဖေပြောသလိုများဖြစ်နေခဲ့ပြီလား။ သူက ဒုက္ခပေးဖို့ရောက်လာသည့် ဂြိုလ်ကောင်လေးလား။ ထိုသို့သော
အတွေးတို့နှင့် နာကျင်နေသည့်ရင်က ပို၍ ပို၍ ဆင့်ကဲနာကျင်လာခဲ့ရ၏။

“အလကား ဆန်ကုန်မြေလေးကောင်၊ ဂြိုလ်မွှေဖို့ရောက်လာတဲ့ကောင် ”   ဆိုသည့်အသံများက နားထဲသို့သံရည်ပူများ လောင်းထည့်သလိုစီးဝင်လာ၏။

“ ဒီတစ်ခါထွက်ရင် အပြီးထွက်၊ ဘယ်တော့မှ ပြန်မလာနဲ့ ”  ဟူသော အဖေ့ရဲ့အသံကိုလည်း အဆက်မပြတ် ကြားယောင်
နေမိ၏။ မျက်ရည်များကလည်း အရှိန်ပြင်းစွာစီးဆင်းလာ၏။

“ ထွက်သွားပါ့မယ် အဖေရယ်၊ ဒီဂြိုလ်ကောင်လေး ထွက်သွားပါ့မယ်၊ ဘယ်တော့မှ ပြန်မပေါ်လာစေရပါဘူး အဖေရယ် ”

သူ ဝမ်းနည်းစွာရေရွတ်လိုက်ရင်း နာကျင်စွာငိုကြွေးမိ၏။ ပြတ်သားသည့်ဆုံးဖြတ်ချက်တစ်ခုကိုလည်း နောင်တကင်းစွာ
ချထားလိုက်၏။ ထိုဆုံးဖြတ်ချက်အတွက် သူဘယ်သောအခါမှ နောင်တရမည်မဟုတ်ပါ။ သူ့ဆုံးဖြတ်ချက်တို့ မှန်ကန်
သည်ဟုသာ နက်ရှိုင်းစွာယုံကြည်ထားခဲ့သည်။ သူ့အကြည့်တို့က တရွေ့ရွေ့နှင့် စင်ပေါ်တွင်တင်ထားသည့် ပိုးသတ်
ဆေးဘူးပေါ်ရောက်သွားခဲ့၏။ ပြီးနောက် ပိုးသတ်ဆေးဘူးကိုလှမ်းယူကာ သောက်ချလိုက်လေတော့၏။

                                                                  (၃)

“ ကဲ .. သွားကြရအောင် ”  

လူနီကြီးနှစ်ယောက်က သူ့လက်ကိုချုပ်ကိုင်ထားရာမှလှမ်းပြော၏။ သူ တုန်လှုပ်ခြောက်ခြားသွားမိခဲ့၏။ သူ့ကို ခေါ်သွား
တော့မည်တဲ့။ ဒါဆို အဖေတို့နှင့်သူဘယ်တော့မှတွေ့ခွင့်မရတော့ဘူးပေါ့။ ထိုအတွေးသည် တစ္ဆေတစ်ကောင်လို သူ့ကို
ခြောက်လှန့်သွားခဲ့သည်။ သူ အဖေတို့ကိုအရမ်းသတိရနေမိသည်။ အဖေတို့ဆီပြေးသွားချင်မိသည်။ သို့သော် သူ သွား၍
မရခဲ့ပါ။ လူနီကြီးနှစ်ဦးက သူ့ကိုတင်းကြပ်စွာချုပ်နှောင်ထားခဲ့သည်။

“ ခဏလေး .. ခဏလေးနေပါဦး.. ကျွန်တော် အဖေတို့ကိုတွေ့ချင်သေးတယ်၊ နောက်ဆုံးအနေနဲ့ခွင့်ပြုပေးပါဗျာ ”  

လူနီကြီးနှစ်ယောက်ကိုကြည့်ကာ သူ  ခွင့်တောင်းလိုက်မိသည်။ သူ၏မိုက်ရူးရဲဆန်သည့်လုပ်ရပ်ကြောင့် သူ ကြေကွဲစွာ
ခံစားနေရ၏။ အချိန်တိုလေးအတွင်းမှာပင် သူ သေဆုံးသွားခဲ့ပြီတဲ့။ မယုံရဲသော်လည်း အမှန်တရားကို သူ ရင်ဆိုင်ရတော့
မည်။ နောင်တတရားကိုသိမြင်လိုက်သော်လည်း သူ့ ဘဝကိုနောက်ပြန်ဆုတ်ခွင့်မရတော့ပါ။ သူသည် ဆူးကွန်ယက်ထဲသို့
မိုက်မဲစွာတိုးဝင်မိခဲ့ပြီဖြစ်သည်။

“ ကဲ .. ဒါဆို ခဏလေးတော့ ခွင့်ပြုပေးလိုက်မယ်၊ ဒါဟာ မင်းအတွက် နောက်ဆုံးအခွင့်အရေးပဲ”  

လူနီကြီးက ခွင့်ပြုလိုက်သဖြင့် သူလှမ်းကြည့်လိုက်မိသည်။ ပထမဆုံး သူ မြင်လိုက်ရသည်က အမေ့ကိုဖြစ်သည်။ အမေ
သည် သူ့အခန်းရှေ့တွင်ရပ်လျှက်ရှိ၏။ အမေ့ လက်ထဲတွင် သူအရမ်းကြိုက်သည့် ကြက်ဆီထမင်းပန်းကန်လေးကို ကိုင်
ထားခဲ့၏။

“ အငယ်ကောင်ရေ .. အမေဝင်ခဲ့မယ်နော်၊ ဒီမှာ အငယ်ကောင်လေးအကြိုက် ကြက်ဆီထမင်းဝယ်ထားတယ်၊ အဖေ့ကို
လည်း စိတ်မဆိုးပါနဲ့ကွယ်၊ အငယ်ကောင့်ကို ချစ်လွန်းလို့ဆုံးမတာပါ၊ အမေလည်း ခဏတော့ဒေါသထွက်မိတာပေါ့ကွယ်၊
ကဲ .. အဲဒါတွေမေ့ထားလိုက်တော့၊ ကြက်ဆီထမင်းစားရအောင် ”  

အမေ့နှုတ်မှချိုသာစွာချော့မော့ရင်း သူ့အခန်းထဲသို့လှမ်းဝင်လိုက်၏။ ခွေခွေလေးလဲကျနေသည့် သူ့ကိုမြင်သည်နှင့် အမေ့
မျက်ဝန်းတွေဝိုင်းစက်သွား၏။ ပြီးနောက် ကြက်ဆီထမင်းပန်းကန်သည် အောက်သို့ပြုတ်ကျသွားလေတော့၏။ အမေ့
ခန္ဓာကိုယ်သည် မယုံနိုင်ခြင်းများစွာဖြင့် တဆတ်ဆတ်တုန်လို့နေ၏။

“ အမယ်လေး .. အငယ်ကောင် ..ထစမ်းပါဦး..အကြီးကောင်နဲ့ အလတ်မ လာကြပါဦး.. ဒီမှာ အငယ်ကောင်ခေါ်လို့
မရတော့ဘူး .. ဟီး.. ဟီး.. ”  

 အမေ့၏ အလန့်တကြားငိုသံကြီးက ဟိန်းထွက်လာ၏။ ကိုကိုကြီးနှင့် မမကြီးက အခန်းထဲသို့ စိုးရိမ်တကြီးပြေးဝင်လာကြ
၏။ ကိုကိုကြီးသည် သူ့ကိုပွေ့ချီကာအိမ်ပြင်သို့ပြေးထွက်သွားခဲ့သည်။ အမေနှင့် မမကြီးက ငိုယိုလျှက် နောက်မှ ပြေးလိုက်
လာကြ၏။ ကိုကိုကြီးက တက္ကစီငှားကာ သူ့ကိုဆေးရုံသို့ခေါ်လာခဲ့သည်။ ကိုကိုကြီး၏မျက်ဝန်းတွင် မျက်ရည်များက
အဆက်မပြတ်စီးဆင်းနေခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး သူကြေကွဲစာခံစားနေခဲ့ရသည်။ ကိုကိုကြီးတို့အားလုံးက သူ့အတွက်မျက်ရည်ကျသတဲ့လား။
သူ့ကို တစ်ယောက်မှမချစ်ကြဘူးဟု သူထင်မှတ်ခဲ့သည်။ အခုတော့ အားလုံးက သူ့အတွက် မျက်ရည်ကျနေကြသည်။
သူ့ မျက်ဝန်းတွင်လည်း မျက်ရည်များစွာစီးကျလာခဲ့သည်။ ရင်နာစရာကောင်းသည့်မြင်ကွင်းကို သူတုန်လှုပ်စွာဆက်ကြည့်
နေမိ ပြန်သည်။

ဆေးရုံရှိကုတင်ပေါ်တွင် သူလဲလျောင်းနေခဲ့သည်။ ဆရာဝန်တွေက သူ့ကိုစမ်းသပ်မှုများလုပ်နေကြသည်။ ပြီးနောက်
ဆရာဝန်က အမေတို့ဘက်သို့လှည့်ကာ ဖြည်းညင်းစွာခေါင်းခါပြလိုက်သည်။ ထိုအခါ ငိုသံများက သူ့နားစည်သို့ ပြင်းထန်စွာ
ရိုက်ခတ်ထိမှန်လာခဲ့တော့၏။

“ အမယ်လေး အငယ်ကောင်ရယ်၊ အမေတို့ကိုပစ်ထားခဲ့ရက်တယ်နော်၊ သားလေးရယ် .. အငယ်ကောင်ရဲ့ ” 

အမေ့ရဲ့ငိုသံကို သူမကြားရက်ပေ။ သူ့ကြောင့် အမေ နာကျင်ကြေကွဲစွာငိုကြွေးနေရသည်။ နက်ရှိုင်းလှသည့် အမေ့ရဲ့
မေတ္တာကိုအခုမှ သူ အပြည့်အဝခံစားမိလာသည်။ အမေတို့ကိုကြည့်ပြီး သူ့ရင်တွေကြေမွအက်ကွဲကုန်ပြီထင်၏။ အမေ့
ဆီပြေးပြီး အမေ့ရင်ခွင်ထဲသို့ခိုဝင်လိုက်ချင်မိ၏။ အမေ့၏ နွေးထွေးယုယမှုကိုခံယူချင်မိ၏။ သို့သော် အမေ့ဆီသို့ သွားရန်
အခွင့်မသာခဲ့ပါ။ လူနီကြီးနှစ်ဦးက သူ့ကိုတင်းကြပ်စွာချုပ်နှောင်ထားခဲ့သည်။

“ ချစ်တဲ့သူကို တစ်ချက်ပိုရိုက်ရတယ် ဆိုတဲ့စကားကိုမကြားဖူးဘူးလား အငယ်ကောင်ရဲ့၊ ဒီအမေက ချစ်လို့ ဆုံးမတာကို
ဒီလိုထွက်သွားရလား လူမိုက်ရဲ့ ဟီး..ဟီး ”  

မငိုပါနဲ့တော့လား အမေရယ်။ ကျွန်တော် မကြည့်ရက်လို့ပါ။ ဟုတ်တယ် .. ကျွန်တော်က လူမိုက်ပါ။ မိဘက ချစ်လို့ဆုံးမ
တာကိုမနာခံခဲ့တဲ့ လူမိုက်ပါ အမေရယ်။ တံလျှပ်ကိုမှ ရေထင်ခဲ့တဲ့ လူမိုက်ပါ။

“ မိုက်လိုက်တာ အငယ်ကောင်ရယ်၊ ကိုကိုကြီးတို့ကို ဒီလောက်တောင်မုန်းရသလားကွာ၊ မင်းကိုချစ်လွန်းလို့ ဒီလိုလုပ်ရ
တာပါကွာ၊ မင်းသိရဲ့လား အငယ်ကောင်ရာ ”  

ကိုကိုကြီး၏စကားသံက သူ့နားထဲတွင်ဗုံးတစ်လုံးပေါက်ကွဲသလိုမြည်ဟီးသွားခဲ့၏။ သိပါပြီ ကိုကိုကြီးရယ်။ ကိုကိုကြီးတို့ရဲ့
နက်ရှိုင်းတဲ့မေတ္တာတရားကို ကျွန်တော် နားလည်ခဲ့ပါပြီ။ ကျွန်တော့်လိုလူမိုက်အတွက် မျက်ရည်မကျကြပါနဲ့။ ကျွန်တော်
ရင်တွေနာကျင်လွန်းလို့ပါ။

သူ ဖြေမဆည်နိုင်စွာငိုကြွေးနေမိခဲ့သည်။ ထိုစဉ်မှာပင် သူ့မြင်ကွင်းထဲသို့ဝင်လာသည်က အဖေ။ အဖေက ကျောင်းဆရာ
ပီပီ အမြဲတစေတည်ငြိမ်အေးဆေးစွာနေတတ်၏။ အခု သူမြင်နေရသည့် အဖေက အပြေးသမားတစ်ယောက်လို ဆေးရုံ
အတွင်းသို့ပြေးဝင်လာ၏။ အဖေ့ မျက်ဝန်းမှာတော့ တရစပ်စီးကျနေသည့် မျက်ရည်များစွာနှင့်။ အဖေအခုလို ဆောက်တည်
ရာမရပြေးလွှားနေသည်ကို သူတစ်ခါမှမမြင်ဖူးခဲ့ပါ။ အခုတော့ အဖေသည် တုန်လှုပ်ခြောက်ခြားစွာနှင့် ပြေးလွှားနေခဲ့ပါသည်။

“ အငယ်ကောင် .. သားလေး ”  

အဖေ့နှုတ်မှထွက်ကျလာသည့်ခေါ်သံတစ်ခု။ ထိုခေါ်သံလေးသည် သူ့နားထဲတွင် အကြိမ်ပေါင်းများစွာပဲ့တင်ထပ်နေခဲ့
သည်။ ကုတင်ပေါ်ရှိသူ့ကိုမြင်တော့ အဖေ့ ခြေလှမ်းတွေရုတ်တရက်ရပ်တန့်သွား၏။ အဖေ့ တကိုယ်လုံးတဆတ်ဆတ်
တုန်ယင်လာ၏။ ပြီးနောက် ယူကြုံးမရဖြစ်စွာနံရံသို့ထိုးလိုက်သည့် အဖေ။ အဖေ့လက်မှစီးကျလာသည့် သွေးတွေ။
အဖေ့ မျက်ဝန်းက မျက်ရည်တွေ။

ရင်နာစရာမြင်ကွင်းကိုကြည့်ပြီး သူ ကြေကွဲစွာခံစားနေရသည်။ သူ့အတွက် အားလုံးသောကပွေနေကြရသည်။ သေဆုံး
သွားသည့်တိုင်အောင် မိသားစုကိုဒုက္ခပေးခဲ့သည့် သူကိုယ်သူ ခွင့်မလွှတ်နိုင်အောင်ဖြစ်မိသည်။ အခုမှ သူက တကယ့်
ဂြိုလ်ကောင်တစ်ယောက်ဖြစ်ခဲ့ပြီပဲ။ မိသားစုကို အဆုံးစွန်အထိဒုက္ခပေးခဲ့သည့် ဂြိုလ်ကောင်တစ်ယောက်ဖြစ်ခဲ့ရပြီ။

“ အငယ်ကောင် .. သားလေး ”  

တစ်ခါမှမကြားခဲ့ရဖူးသည့် အဖေ့ရဲ့အသံ။ ညင်သာနူးညံ့မှုအပြည့်ပါသည့် အဖေ့ရဲ့အသံကိုကြားရလေ သူ့ရင်တွေ
နာကျင်လာလေဖြစ်သည်။

“ အဖေ့ကိုခွင့်လွှတ်ပါ အငယ်ကောင်ရယ်၊ ဒီလိုဖြစ်လာလိမ့်မယ်လို့ ကြိုမတွေးမိခဲ့တဲ့ အဖေ့ကိုခွင့်မလွှတ်ပါနဲ့၊ ဒီအသုံး
မကျတဲ့အဖေပဲ သေလိုက်ပါတော့လား  ”  

အဖေက သူ့နာမည်ကိုခေါ်ကာ ယူကြုံးမရဖြစ်စွာငိုေ    ကြွးနေခဲ့၏။ မကြာလိုက်ပါချေ။ ဆေးရုံဝန်ထမ်းတစ်ယောက်က သူ့
အလောင်းကိုတင်ထားသည့်လှည်းကို ရေခဲတိုက်ဘက်သို့ တွန်းသွားကြသည်။ အဖေ၊ အမေ၊ ကိုကိုကြီးနှင့် မမကြီးက
ငိုရှိုက်ကာ လိုက်သွားကြလေသည်။

ပစ္စက္ခအခြေအနေသည် သူ့အတွက် နောင်တတစ်ပွေ့တစ်ပိုက်နှင့် ယူကြုံးမရဖြစ်စေခဲ့၏။ သူ့ ရင်တစ်ခုလုံးလည်း ကွဲအက်
ကြေမွကုန်ပြီထင်၏။ သူ အားပါးတရငိုကြွေးလိုက်၏။ သူ အရမ်းမှားသွားခဲ့ပြီ။ လိမ္မာသည့်ဇာတ်ရုပ်တစ်ခုရအောင် အဖေ
တို့ပုံသွင်းပေးခဲ့ကြသော်လည်း သူကိုယ်တိုင်ကဗီလိန်ဇာတ်ရုပ်ကိုရွေးချယ်မိခဲ့သည်။ အေးမြသည့်မေတ္တာကွန်ယက်ထဲမှ
သူ မိုက်မိုက်မဲမဲရုန်းထွက်လာခဲ့မိပြီ။ အခုတော့ သူသည် ကြေကွဲခြင်းတွေကိုပွေ့ဖက်ရင်း ဘယ်တော့မှရုန်းမထွက်နိုင်သည့်
ဆူးကွန်ယက်အတွင်းသို့သက်ဆင်းမိခဲ့ပြီဖြစ်သည်။

“ ကဲ .. သွားကြရအောင် ”  

လူနီကြီးနှစ်ဦးက သူ့ကိုတင်းကြပ်စွာချုပ်ကိုင်လိုက်၏။ ပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးစွာဖြင့်မျောလွင့်သွား
သည်က တိမ်တွေဆီသို့ဖြစ်၏။ ထို့နောက် သူဘာကိုမှမသိတော့ပေ။ လွင့်မျောနေသည့်တိမ်တိုက်များက သူ့ကို စုပ်ယူ
ဝါးမြိုသွားခဲ့လေသည်။


                                                                                     Family  မဂ္ဂဇင်း
                                                                                 ဇူလိုင်လ ၊ ၂၀၁၃ ခုနှစ် ။


Monday, July 1, 2013

ပန်းတစ်ပွင့်၏ ရှင်သန်ခြင်းနိယာမ



(၁)


ဆောင်းရာသီ၏မနက်ခင်းတစ်ခုတွင် လူ့လောကအတွင်းသို့ သူမ စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထို
နေ့က နှင်းများ ဖွေးဖွေးလှုပ်ကျဆင်းလို့နေသည်တဲ့။ ထို့ကြောင့် သူမနာမည်ကို နှင်းငွေ့ဖြူ ဟု လှပစွာခေါ်
တွင်ခဲ့လေသည်။ မိဘနှစ်ပါးကမူ သူမကို သမီးဖြူ ဟုချစ်စနိုးခေါ်ကြသည်။


သူမက ဆောင်းရာသီကိုလွန်စွာချစ်မြတ်နိုးမိသည်။ နှင်းများဝေအောင်ကျနေလျှင် သူမ အရမ်းကြည်နူးမိ
သည်။ ဆောင်းရာသီ၏ချမ်းအေးသောမနက်ခင်းများအား ဖေဖေနှင့်အတူအပြေးလေ့ကျင့်ကာကုန်ဆုံးစေ
ခဲ့သည်။ ဆောင်းလေ အေးအေးရောယှက်နေသည့်မနက်ခင်းတွင် အပြေးလေ့ကျင့်ရသောအရသာက
မက်မောစရာကောင်းလှ၏။ ချမ်းအေးသော ရာသီတွင်အိပ်ယာထဲစောင်လေးနှင့်ကွေးနေရမည်ကို သူမ
 မနှစ်ခြိုက်မိပေ။ မိုးရာသီလွန်မြောက်၍ ဆောင်းရာသီဝင်တော့ မည်ကို သူမ ရင်ဖိုကြည်နူးစွာစောင့်မျှော်
တတ်ခဲ့ပြီဖြစ်သည်။


ဖေဖေက ဆရာဝန်တစ်ယောက်ဖြစ်သည်မို့ ကျန်းမာရေးကိုအထူးဂရုစိုက်၏။ ဖေဖေ့ကြောင့်လည်း သူမ
နေမကောင်းဖြစ်ခဲလှပါသည်။ သူမဘဝ၏ရည်မှန်းချက်က ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ရန်ဖြစ်သည်။
 ဖေဖေ့လို ဆရာဝန် တစ်ယောက်ဖြစ်အောင်ကြိုးစားပြီး လူတွေ၏အသက်ကိုကယ်မည်။ ဤသည်က သူမ
ဖြစ်ချင်လွန်းသည့်ရည်မှန်းချက်ဖြစ်၏။


သူမသိပ်ချစ်သော ဆောင်းရာသီက ကြေကွဲစရာကျိန်စာဆိုးများသယ်ဆောင်လာခဲ့လိမ့်မည်ဟု လုံးဝထင်
မှတ်မထားခဲ့ပေ။ သို့သော် ထိုကျိန်စာဆိုးသည် သူမ ဆယ်တန်းတက်မည့်နှစ်မှာပင် အလုံးအရင်းနှင့်
ဝင်ရောက်လာခဲ့သည်။


ထိုနေ့က နှင်းများဖွေးနေအောင်ကျဆင်းလို့နေခဲ့၏။ သိပ်သည်းသောအချမ်းဒဏ်ကိုအံတုကာ သူမနှင့်
ဖေဖေ အပြေး လေ့ကျင့်နေခဲ့သည်။ သူမတို့ပြေးနေသည့်လမ်းတစ်လျှောက်တွင် အပြေးလေ့ကျင့်သူများ
နှင့် ပြည့်လို့နေသည်။ နှင်းများ သိပ်သည်းစွာကျဆင်းနေသည်မှာ အရှေ့ကိုပင်ကောင်းကောင်းမမြင်ရပါ။
 ထို့သို့အဖြူရောင်နှင်းငွေ့များထဲ ပြေးဝင်ရသည်ကို သူမအရမ်းသဘောကျမိသည်။ မျက်နှာပေါ်သို့ဖြတ်
ရိုက်သွားသောနှင်းငွေ့နှင်းစက်များကိုခံစားရသည်မှာ မက်မောစရာပင် ကောင်းလှသေးသည်။


“ မောနေပြီလား သမီးဖြူ ”  


ပြေးနေရင်းကပင် ဖေဖေက လှမ်းမေး၏။ ဖေဖေ့ကိုမီအောင်ပြေးလိုက်နေရင်းပင် သူမပြန်ဖြေလိုက်၏။


“ မမောပါဘူး ဖေဖေရဲ့ ”  


“ ကဲ .. ဒါဆိုဆက်ပြေးကြရအောင်၊ ဖေဖေ့ လက်ကိုတွဲထား ”  
ဖေဖေကမ်းပေးသည့်လက်ကိုတွဲကာ နှင်းလွှာထုကြီးထဲပြေးဝင်လာခဲ့သည်။ မျက်နှာပေါ်သို့နှင်းငွေ့များ
ဖြတ်ရိုက်သွား ကြ၏။ ထိုအရသာကို သူမအရမ်းမက်မောလှသည်။ အေးစက်သောလေများနှင့်ထိတွေ့
နေရသည်ကိုလည်း သူမ နှစ်သက်မိ ပြန်သည်။ ဖေဖေ့လက်ကိုတွဲရင်း သူမ မမောနိုင်အောင်ပင်ပြေး
လွှားနေမိသည်။ နှင်းများအကြားသို့ပြေးဝင်နေရမည်ဆိုလျှင် သူမ မောရကောင်းမှန်းပင်မသိ။


ထိုစဉ် နှင်းငွေ့များကြားမှ ကားတစ်စီး၏ ဦးခေါင်းပိုင်းက ရုတ်တရက်ထိုးထွက်လာ၏။ ဖေဖေနှင့် သူမ
 လက်တွဲကာ ပြေးနေရာမှ အံ့အားသင့်မှင်သက်သွားကြ၏။ သို့သော် ကြာကြာအံ့အားသင့်ချိန်မရလိုက်။
ကားက သူမတို့ကိုဝင်တိုက်လိုက် သည်လား..။ သူမတို့က ကားကိုဝင်တိုက်လိုက်သည်လား ဝေခွဲမရ။
နာကျင်မှုများစုပုံကာ သူမ လွင့်စင်သွားခဲ့၏။ သူမတွဲထား သည့် ဖေဖေ့လက်သည်လည်း ပြုတ်ထွက်
သွားခဲ့၏။ ထို့နောက် သူမ၏အမြင်အာရုံများဝေဝါးလာက အသိစိတ်တို့က အမှောင် ထုထဲသို့တိုးဝင်ပျံ့
လွင့်သွားခဲ့တော့၏။


(၂)


အသိစိတ်သည် ခန္ဓာကိုယ်နှင့်ချိတ်ဆက်မိသောအခါ ပြင်းထန်သည့်နာကျင်မှုကိုခံစားလာရ၏။ လေးလံ
နေသည့် မျက်ခွံများကလည်း ဖွင့်၍မပွင့်ချင်။ အားယူ၍ဖွင့်ကြည့်လိုက်မှ စူးရှရှအလင်းရောင်တစ်ချို့တိုး
ဝင်လာ၏။အလင်းရောင်နှင့် ရင်မဆိုင်ရဲစွာ မျက်လုံးများကပြန်ပိတ်သွားခဲ့၏။ မျက်လုံးကိုဖြည်းဖြည်းချင်း
ဖွင့်ကြည့်လိုက်သောအခါ ပထမဆုံးမြင်လိုက်ရ သည်က အဖြူရောင်ဟင်းလင်းပြင်တစ်ခု။ အသေအချာ
လှမ်းကြည့်လိုက်မှ အဖြူရောင်မျက်နှာကျက်တစ်ခုဖြစ်နေ၏။


“ သမီးဖြူ .. သတိရလာပြီလားဟင် ”  


ဝမ်းသာအားရခေါ်သံတစ်ခုကနားထဲတိုးဝင်လာ၏။ မေမေ့ အသံမှန်း သူမ သိလိုက်သည်။ သူမ ဘယ်
ရောက်နေလဲ မသိရ။ ဘာဖြစ်လို့ဖြစ်နေမှန်းပင် သူမ မတွေးတတ်ပါ။ သူမ ခံစားနေရသည်ကနာကျင်
သည့်ဝေဒနာဖြစ်၏။ သူမတစ်ကိုယ်လုံး ကိုက်ခဲနာကျင်လို့နေသည်။ သူမ မေမေ့ကိုကြည့်ကာမေး
လိုက်မိ၏။


“ မေမေ .. သမီး ဘယ်ရောက်နေတာလဲဟင် ”  


“ ဆေးရုံရောက်နေတာလေ သမီးဖြူရဲ့၊ ဘာမှမဖြစ်တော့ပါဘူး၊ အားတင်းထားနော် သမီး”  


မေမေ့စကားအဆုံး အဖြစ်အပြက်တွေကို သူမ ဖျတ်ခနဲသတိရလိုက်၏။ ဖေဖေနှင့်အပြေးလေ့ကျင့်နေခဲ့
သည့် ပုံရိပ် တစ်ချို့ကို မျက်လုံးထဲမြင်ယောင်မိလာ၏။ ထို့နောက် နှင်းထုထဲက ထိုးထွက်လာသည့် ကား
တစ်စီး။ ပြီးနောက် အရှိန်ပြင်း သည့်ထိခိုက်မှု။ သူမနှင့် လက်တွဲပြုတ်သွားသည့် ဖေဖေ။ ဖေဖေ့ကို သူမ
သတိရလိုက်သည်။


“ ဖေဖေရော .. ဖေဖေ ဘယ်မှာလဲဟင် ”  


သူမ မေးလိုက်သောအခါ မေမေက အင့်ခနဲရှိုက်ငို၏။ သူမရင်ထဲ စိုးရိမ်စိတ်က ပို၍တိုးလာ၏။ ဖေဖေဘာမှ
မဖြစ်ပါစေနဲ့။ သူမ ထိတ်လန့်တကြားဆုတောင်းမိ၏။


“ မေမေ .. ဖေဖေ ဘာမှမဖြစ်ပါဘူးနော် ”  


“ သမီးရယ် .. သမီးဖေဖေလေ ”  


မေမေ့အသံက ရှိုက်သံတစ်ဝက်နှင့်ရပ်တန့်သွား၏။မေမေ့မျက်ဝန်းမှတရစပ်ကျဆင်းနေသည့်မျက်ရည်များ
က အခြေအနေတစ်ခုကို ပုံရိပ်ဖော်နေခဲ့၏။ သူမ၏ဆုတောင်းက မှားယွင်းစွာလွဲချော်သွားခဲ့ပြီပဲ။ သူမ
မယုံနိုင်စွာပင် ခေါင်းကို ခါရမ်းမိသည်။


“ ဟင့်အင်း .. သမီးမယုံဘူးမေမေ၊ သမီးကိုယ်တိုင်ဖေဖေ့ကို သွားကြည့်မယ် ”  


အဖေ့ဆီသွားရန်သူမ ထရပ်လိုက်သည်။ သို့သော် ထ၍မရ။ သူမသည် ကုတင်ပေါ်မှထ၍မရပါ။ သူမ
အောက်ပိုင်း တစ်ခုလုံး မရှိတော့သလိုပေါ့ပါးလို့နေ၏။ သူမယောင်ရမ်းကာစမ်းကြည့်လိုက်သောအခါ
ခြေတောက်ကိုစမ်းမိ၏။ သို့သော် ခြေထောက်က သူမ၏လက်ချောင်းများနှင့်ထိတွေ့မှုကိုမခံစားရ။
သူမ အောက်ပိုင်းတစ်ခုလုံးလှုပ်ရှား၍မရ။ သူမ ကြိုးစား ကာ ထရပ်လိုက်သော်လည်း အချည်းအနှီး
ပင်ဖြစ်၏။ စိုးရိမ်မှုနှင့်ထိတ်လန့်မှုတို့က သူမထံအလုံးအရင်းနှင့်စုပုံဝင်ရောက်လာ ခဲ့၏။ မေမေ့ကို
သူမ အလန့်တကြားကြည့်လိုက်မိသည်။


“ မေမေ .. သမီးခြေတောက်တွေ လှုပ်လို့မရတော့ဘူး ”  


“သမီးလေးရယ် ”  


မေမေက သူမကိုဖက်ကာတသိမ့်သိမ့်ရှိုက်ငို၏။ အသိစိတ်သည် မယုံနိုင်ခြင်းနှင့် ထိတ်လန့်ခြင်းတို့အကြား
လွန်ဆွဲသွားရ၏။နောက်ဆုံး သူမသိလိုက်ရသည်ကသူမသည်လွယ်ကူမြန်ဆန်စွာဖြစ့်ဒုက္ခိတတစ်ယောက်
ဖြစ်သွားခဲ့ခြင်းပင်ဖြစ်၏။ သူမနှင့် မေမေ ဖက်ကာငိုကြွေးရုံအပြင် မတတ်နိုင်ခဲ့ပါ။ ကံကြမ္မာဆိုးကအငြိုး
ဖြင့်တိုးဝင်ကာ သူမအား ရက်စက်စွာတိုက်ခိုက် ခဲ့၏။ သူမဘဝကို အောက်ပိုင်းတစ်ခုလုံးလှုပ်ရှားမရ
တော့သည့် ဒုက္ခိတဘဝကို ရက်ရောစွာပင်ပေးအပ်ခဲ့၏။ သူမတို့အား တိုက်ပြေးခဲ့သောကားကို အစ
အနပင်ရှာ၍မတွေ့ခဲ့။ အတိုက်ခံရသည့် သူမသည်ပင် ကားကိုသေချာစွာမမြင်လိုက်ရ။ ကံကြမ္မာကို
ယိုးမယ်ဖွဲ့ယုံမှအပ သူမ မတတ်နိုင်ခဲ့ပါချေ။


ဖေဖေ့ကို ထာဝရဆုံးရှုံးခဲ့ရသည်။ သူမဘဝလည်း ရှင်လျက်နှင့်သေဆုံးခဲ့ရသည်။ ငွေကုန်ကြေးကျခံနိုင်
သော်လည်း သူမ၏ဝေဒနာကပျောက်ကင်းခွင့်မရ။ အခြေအနေတစ်ခုခုနှင့်တွေ့ဆုံကြုံကြိုက်ပါမှ ပြန်
ကောင်းလာနိုင်မည်တဲ့။ သို့သော် မသေချာမှုက ရာနှုန်းပြည့်နေခဲ့သည်။ ဒုက္ခိတဟူသောဘဝဆိုးကို
သူမ အိပ်မက်ပင်မမက်ဖူးခဲ့ပါ။ သို့သော် အိပ်မက်ဆိုးတစ်ခု လို သူမကို နေ့ရက်တိုင်းခြောက်လှန့်လို့
နေခဲ့သည်။ သူမဘဝတွင် ပျော်ရွှင်မှုဟူသမျှဆိတ်သုဉ်းသွားခဲ့ရသည်။ ဆရာဝန် တစ်ယောက်ဖြစ်ရန်
ဟူသော ရည်မှန်းချက်သည်လည်း သူမခြေအစုံလိုပင် သေဆုံးသွားခဲ့ရသည်။


သူမ ဒုက္ခိတဘဝဖြင့်ကျင်လည်နေရသည့်တစ်လျှောက်လုံး ဟန်ဆောင်မျက်နှာဖုံးများနောက်ကွယ်မှ လူ
တို့၏ စိတ်နှလုံးကို ဖတ်ရှုနားလည်တတ်ခဲ့သည်။ တစ်ချို့က ကဲ့ရဲ့ချင်ကြသည်။ လှောင်ပြောင်ချင်ကြ
သည်။ သူဌေးသမီးဒုက္ခိတ ဟုဆိုကာ ပြက်ရယ်ပြုချင်ကြသည်။ ထိုကြောင့် သူမ အိမ်ထဲက အိမ်ပြင်
မထွက်ဝံ့။ လူတွေနှင့်မျက်နှာချင်းဆိုင်ရမည်ကိုပင် သူမကြောက်ရွံ့နေမိခဲ့သည်။ ပတ်ဝန်းကျင်နှင့်သူမ
သည် မိုင်ပေါင်းများစွာကွာဝေးသော ကမ္ဘာတစ်ခုဖြစ်ခဲ့သည်။ ဝှီးလ်ချဲ လေးပေါ်တွင်ထိုင်ရင်း သူမ၏
သီးသန့်ကမ္ဘာငယ်လေးထဲမှာပင် ရှင်သန်ခဲ့ရသည်။


သူမ၏အလှအပများသည်လည်း အရောင်မှိန်ကွယ်ပျောက်ခဲ့ရသည်။ ယခင်က ဝင်လာမစဲခဲ့သော မေတ္တာ
စာများ သည်လည်း လေနှင်ရာလွင့်သည့် အမှိုက်စများလိုပင်။ တစ်ဆယ့်ခုနစ်နှစ်ဟူသော နုပျိုမှုတို့စိုလက်
နေသည့်သူမဘဝသည် လူ တောမတိုးဝံ့အောင်ဖြစ်ခဲ့ရသည်။ သူမ စိတ်ပျက်အားငယ်စွာဖြင့် ဆယ်တန်း
ပင်မဖြေဖြစ်ခဲ့။ ဘွဲရပညာတတ်ဖြစ်၍လည်း သူမ ဘဝက ထူးခြားလာနိုင်ဖွယ်ရာစရာမရှိတော့ပါ။ သူမဘဝ
သည် မျှော်လင့်ချက်မဲ့သောချောင်တစ်ခု၌ ပိတ်မိလျက်သားဖြစ်ခဲ့လေသည်။


(၃)


“ သမီးဖြူရေ .. သမီးနာမည်နဲ့ပန်းစည်းရောက်နေတယ် ”  


အံ့သြမှုက သူမတစ်ကိုယ်လုံးသို့ပျံ့နှံ့လို့လာခဲ့သည်။မေမေ့လက်ထဲတွင် လှပစွာထုပ်ပိုးထားသည့်နှင်းဆီနီ
တစ်စည်း က သူမကိုပဟေဠိဖြစ်သွားစေ၏။ သူမလှမ်းယူလိုက်စဉ် နှင်းဆီရနံ့တို့ကသင်းပျံ့လာသည်။ ပန်း
စည်းတွင် ပို့စ်ကဒ်လေးတစ်ခု ပါလာခဲ့ပြန်သည်။ ပို့စ်ကဒ်တွင်ရေထားသောစာမှာ ရိုးရိုးကလေးပင်ဖြစ်သည်။
 “ ဖြူလေးအတွက်” တဲ့။ သူမ အံ့သြပြီးရင်း အံ့သြရသလို ရင်ထဲတွင်လည်းနာကျင်လာရသည်။


“ သမီးဖြူနော် .. ဒါဘယ်ကပန်းစည်းလဲ၊ မေမေ့ကိုလျို့ဝှက်မထားနဲ့နော်၊ ပွင့်ပွင့်လင်းလင်းပြော ”  


မေမေက သူမကိုသတိပေးသလိုလှမ်းမေး၏။ မေမေ့စကားကိုဖြေဖို့အတွက် သူမအလွန်စိတ်လှုပ်ရှားနေမိ
သည်။ သူမလို ဒုက္ခိတတစ်ယောက်ကို ပန်းစည်းပေးမည့်သူရှိပါ့မလား။ သူမကို တစ်ယောက်ယောက်က
ကျီစယ်လိုက်ခြင်းပင်ဖြစ်မည်။ပန်းစည်းကိုကြည့်ပြီး သူမရင်ထဲဝမ်းနည်းစိတ်တို့ကပြည့်နှက်လို့လာခဲ့သည်။


“ စိတ်ထဲမထားပါနဲ့ မေမေရယ်၊ တစ်ယောက်ယောက်က စနောက်လိုက်တာဖြစ်မှာပါ၊ သမီးလိုဒုက္ခိတကို
ဘယ်သူက အလေးအနက်ထားပါ့မလဲ ”  


“ သမီးဖြူရယ် .. ”  


သူမ စကားကြောင့် မေမေ မျက်ရည်ဝဲသွားသည်။ သူမရင်ထဲတွင်တော့ ကြေကွဲမှုတို့ဖြင့် လှိုင်းထန်နေခဲ့
ပြီဖြစ်သည်။ မေမေထွက်သွားသည်နှင့် သူမ ဝမ်းနည်းစွာငိုကြွေးမိသည်။ ဒီလောင်းရိပ်အောက်ကနေ
ဘယ်တော့များမှ ရုန်းထွက်ခွင့်ရနိုင် ပါ့မလဲ။ အထီးကျန်ညဆိုးရယ် သူမဆီကနေမြန်မြန်ထွက်သွားပါ
တော့။ သူမအတွက် ကြေကွဲခြင်းတွေအဆုံးမသတ်နိုင်တော့ ပါလား။ ဘယ်အချိန်များမှ သူမလွတ်
မြောက်ခွင့်ရပါ့မလဲ။ ဒီညလည်း မျက်ရည်ကိုအဖော်ပြုရင်း မိုးလင်းသွားရဦးမှာသေချာလှသည်။


တကယ်တော့ သူမ အထင်နှင့်အမြင်တက်တက်စင်အောင်လွဲသွားခဲ့ခြင်းဖြစ်သည်။ နောက်နေ့မနက်တွင်
သူမ အတွက် နှင်းဆီဖြူတစ်စည်းရောက်နှင့်နေခဲ့ပြန်သည်။သူမက ပို၍အံ့သြခဲ့ရသလို မေမေကသံသယ
အကြည့်ဖြင့်ကြည့်တတ်လာသည်။ပန်းစည်းကလေးများ၏အဖြေကို သူမ မဝံ့မရဲရှာဖွေမိသည်။သို့သော်
တိကျသေချာသည့်အဖြေတစ်ခုမရခဲ့ပေ။


နှင်းဆီပန်းစည်းများကမူ နေ့စဉ်နေ့တိုင်းဝတ္တရားမပျက်ရောက်လာခဲ့၏။ ခြောက်ကပ်နေသည့် သူမ နှလုံး
သားက လှိုက်ခုန်ပူနွေးလို့လာရသည်။ သူမအား ပန်းစည်းလေးတွေပေးပို့နေသူကိုတွေ့ချင်လာမိသည်။
 သူက ရုပ်ချောသလား။ တည်ကြည်သလား။ စသဖြင့် သူမ ပုံဖော်တတ်ခဲ့ပြီဖြစ်သည်။ ထိုပန်းစည်းများ
ကလည်း ခြောက်ကပ်နေသည့်သူမဘဝ အတွက် အိုအေစစ်တစ်ခုဖြစ်ခဲ့သည်။


ပန်းစည်းလေးတွေနေ့တိုင်းရောက်လာခဲ့သော်လည်း သူ့ကိုတော့မတွေ့ရသေးပေ။ သူ ဘာကြောင့်များ
သူမကို ရင်ဆိုင်ဖို့မဝံ့မရဲဖြစ်နေခဲ့သလဲ။ သူမကဒုက္ခိတမို့ သူ ရင်မဆိုင်ရဲခဲ့တာလား။ ဒါဆို ပန်းစည်းက
လေးတွေဘာကြောင့်ပေးပို့နေခဲ့သလဲ။ အဖြေရှာရင်း မျှော်လင့်ခြင်းတွေကပိုတိုး၍လာရ၏။


နံနက်ခင်းတိုင်းကိုလည်း သူမ ရင်ခုန်စွာစောင့်မျှော်တတ်ခဲ့သည်။ သူမ၏အသွင်ကလည်းအရင်လိုဖီးလိမ်း
ပြင်ဆင်မှု မရှိသည့်ပုံစံမျိုးမဟုတ်တော့ပါ။ လှသထက်လှအောင်ပြင်ဆင်ခြယ်သတတ်လာခဲ့၏။ မျှော်လင့်
ချက်တစ်ခုဖြင့် သူမဘဝလေး သာယာစိုပြည်မှုကိုစတင်ခံစားမိလာခဲ့၏။


သည်နေ့ရောက်လာခဲ့သောပန်းစည်းကြီးကအရင်ကထက်လှပလွန်းလှ၏။အရင်လို အရောင်တစ်မျိုးတည်း
ကိုသာ စည်းနှောင်ထားသည်မဟုတ်။ နှင်းဆီပွင့်ရောင်စုံကိုလှပစွာစည်းနှောင်ထားခြင်းဖြစ်၏။ ပန်းစည်း
တွင်ပါလာခဲ့သော စာ တစ်စောင်က သူမရင်ကို လှုပ်ခတ်သွားစေသလို သူမဘဝကိုပါပြောင်းလဲသွားစေ
ခဲ့၏။ ထိုစာလေးမှာ“ ဘဝကိုလွယ်လွယ် အရှုံးမပေးပါနဲ့၊ ကြိုးစားမှုတိုင်းမှာ အောင်မြင်မှုဆိုတာရှိစမြဲပါ ”
တဲ့။


ထိုစာလေးသည် သူမအတွက် အားတက်စေသော လမ်းပြကြယ်တစ်ပွင့်ပင်ဖြစ်သည်။ ကံကြမ္မာမုန်တိုင်း
၏တိုက်ခိုက် မှုကို သူမ လွယ်လွယ်အရှုံးပေးခဲ့သည်ပဲ။မျှော်လင့်ချက်မဲ့သောချောင်တစ်ခုတွင် သူမအရည်
အချင်းတွေမှေးမှိန်ကွယ်ပျောက် နေခဲ့သည်ပဲ။ ထိုစာလေးတစ်ကြောင်းက သူမ၏စိတ်ကို နှိုးဆွပေးခဲ့၏။
သူမ ဘဝကိုရဲရင့်စွာရင်ဆိုင်တော့မည်။ လောင်းရိပ် တစ်ခုအောက်မှလွတ်မြောက်အောင်သူမ ကြိုးစား
ရုန်းထွက်ရမည်။ 


“ သမီး ဆယ်တန်းပြန်ဖြေမယ် မေမေ ”  


“ ဝမ်းသာလိုက်တာ သမီးဖြူရယ် ”  


သူမ ပြောလိုက်တော့ မေမေက ဝမ်းသာအားရဆိုရှာသည်။ သူမ လည်းပျော်နေမိသည်။ မေမေကလည်း
 အားပေးသည်။ နေ့တိုင်းရောက်လာတတ်သည့်ပန်းစည်းများကလည်း သူမကို အားတက်စေသည်။
မေမေက သူမကို အတော်ဆုံး ဆရာများနှင့် အနီးကပ်သင်ကြားစေခဲ့သည်။ သူမအတွက် အစစ အရာ
ရာ လိုလေသေးမရှိအောင်ပံ့ပိုးပေးခဲ့သည်။ သူမ လည်း အပတ်တကုတ် ကြိုးစားသင်ယူခဲ့သည်။ သူမ
သည် အရင်လို မျှော်လင့်ချက်မဲ့နေသည့်မိန်းကလေးတစ်ယောက်မဟုတ် တော့ပါ။ သူမဘဝသည်
မျှော်လင့်ချက်ဖြင့်တလဲ့လဲ့တောက်ပနေခဲ့ပါသည်။


(၄)


သူမ၏ ကြိုးစားမှုအရာထင်ခဲ့ခြင်းက ဘဝ၏ချိုမြိန်ခြင်းအနှစ်သာရကို ပထမဆုံးခံစားရခြင်းပင်ဖြစ်၏။
ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာဖြင့် သူမအောင်မြင်ခဲ့သည်။ မေမေ၏ ပီတိအပြုံးက ကမ္ဘာပေါ်တွင်
အတောက်ပဆုံးဟုထင်မိသည်။ ထိုနေ့ကရောက်လာခဲ့သောနှင်းဆီရောင်စုံပန်းစည်းကြီးကလည်း
 အလှပဆုံးဟု သူမ မြင်မိလေသည်။ သူမ၏မျှော်လင့်ချက် တစ်ခုပြည့်မြောက်လာခဲ့သည့်နေ့တွင်
သူ့ကိုတွေ့ခွင့်မရသည့်အတွက် စိတ်မကောင်းတော့ဖြစ်မိ၏။ ပန်းစည်းလေးတွေ ထက် သူ့ကို
တိတ်တခိုးမျှော်လင့်မိခဲ့သည်။ တစ်ချိန်ချိန်တွင်တော့ သူ့ကိုတွေ့ခွင့်ရလိမ့်မည်ဟု သူမထင်မိသည်။


သူမကို စိတ်မဝင်စားလျှင် ထိုပန်းစည်းတွေရောက်လာစရာအကြောင်းမရှိပါ။ ယောကျာ်းတစ်ယောက်က
 မချစ်မနှစ်သက်သည့်မိန်းမတစ်ယောက်အတွက်နေ့စဉ်နေ့တိုင်းပန်းစည်းလေးတွေပို့ပေးလိမ့်မည်မဟုတ်
ပါ။ သူ့ရဲ့လျှို့ဝှက်မှုကို သူမ စိတ်ဝင်စားလာခဲ့သည်။ သူဘယ်တော့များရောက်လာခဲ့မလဲ။ ထိုမျှော်လင့်
ချက်လေးတစ်ခုက သူမနှလုံးသားကိုပူနွေးလှိုက် ဖိုလာစေခဲ့၏။ ပန်းစည်းများသာနေ့စဉ်ရက်ဆက်
ရောက်လာခဲ့သော်လည်း သူ ရောက်မလာခဲ့သေးပေ။ သူမလည်း အားမ လျော့မိပါ။ ဝှီးလ်ချဲလေးပေါ်
ထိုင်ရင်း ရင်ခုန်စွာမျှော်နေမိဆဲပင်ဖြစ်သည်။


“ မင်းရဲ့အောင်မြင်မှုအတွက်ဂုဏ်ယူပါတယ် ဖြူ၊ မင်းရဲ့ရည်ရွယ်ချက်တွေပြည့်မြောက်တဲ့အထိကြိုးစားပါ၊
မင်းရဲ့ ရည်ရွယ်ချက်တွေပြည့်လာတဲ့တစ်နေ့မှာတော့ ..” 


စာလေးကထိုမျှနှင့်သာအဆုံးသတ်သွားခဲ့၏။ သို့သော်သူမကျေနပ်မိပါသည်။ သူမအခုလို ဆယ်တန်း
အောင်မြင်ခဲ့သည် မှာ မေမေနှင့်သူ၏လမ်းပြမှုကြောင့်ဖြစ်၏။ မေမေနှင့်သူသာမရှိခဲ့လျှင် သူမဘဝ
အရောင်လွင့်နေရဦးမှာသေချာသည်။သို့သော် ကံကြမ္မာသည် နိမ့်တချီ မြင့်တလှည့်ဖြင့် သူမအား
ဆော့ကစားခဲ့သည်။ မုန်တိုင်းလာပြီးလျှင်လေပြည်လာ တတ်သည်ဆိုသော်လည်း သူမဘဝတွင်
တော့မုန်းတိုင်းများသာဝင်ရောက်လာခဲ့၏။ သူမသည်လည်း ကံကြမ္မာ၏ရိုက်ချက် တွင် ပြင်းထန်စွာ
အထိနာခဲ့သည်။


ထိုနေ့ကို သူမ လုံးဝမမေ့ခဲ့ပါ။ ဝှီးလ်ချဲပေါ်တွင်ထိုင်ရင်းစာဖတ်နေသော သူမသည် ပြင်းထန်သောလဲပြိုသံ
ကို ကြားလိုက်ရသည်။တစ်ဆက်တည်းမှာပင် လှေကားပေါ်မှရုပ်ပျက်ဆင်းပျက်ပြုတ်ကျလာသည့် မေမေ့
ကိုတွေ့လိုက်ရ၏။ သူမ မျက်လုံးများပြာဝေသွားခဲ့၏။ ရုတ်တရက်ဆိုသလို မေမေ့ဆီပြေးသွားမိသည်။
မေမေ့ကိုယ်မှစီးကျလာသော သွေးများကမြင်၍ ပင်မကောင်း။ ဝေဒနာကိုခံစားနေရသည့်အကြားက
မေမေ့မျက်နှာပြုံးလာ၏။ အမေ့ကိုထွေးပွေ့ထားရင်း သူမ တုန်လှုပ် ချောက်ချားနေမိခဲ့၏။


“ မေမေ ဝမ်းသာလိုက်တာ သမီးဖြူရယ် ” 


စကားတစ်ခွန်းက မေမေ့နှုတ်မှတုန်ယီလှိုက်မောစွာထွက်ကျလာ၏။ ပြီးနောက် သူမလက်ထဲမှာပင်မေမေ
 ပျော့ခွေ ကျသွားခဲ့သည်။ မေမေ့ကို သူမအတင်းလှုပ်နှိုးနေမိသည်။ သို့သော် မေမေက လောကကြီးကို
အရှုံးပေးလျှက် သူမကို မျက်ကွယ်ပြုသွားခဲ့ပြီဖြစ်သည်။ အမေ့ကိုဖက်ကာ သူမငိုကြွေးနေမိသည်။ သူမ
အတွက် အားကိုးစရာရွှေတောင်ကြီးပြိုကျခဲ့ရပြီ။ မေမေပြောခဲ့သေ စကားတစ်ခွန်းကမူ သူမနားထဲတွင်
ကြားယောင်နေမိဆဲဖြစ်သည်။ မေမေဘာကိုဝမ်းသာသွားခဲ့တာ လဲ။  သမီးအခုလိုပူဆွေးနေရတာကို
ဝမ်းသာတာလား မေမေရယ်။


ငိုရှိုက်နေရင်းပင် အဖြစ်အပြက်တစ်ခုကို သတိပြုလိုက်မိသည်။ သူမ ခြေတောက်တွေ..။ သူမ ခြေထောက်
တွေ ပြန်လှုပ်ရှားနိုင်ခဲ့ပြီ။ တိုက်ဆိုင်မှုတစ်ခုနှင့်ကြုံကြိုက်ပါမှပြန်ကောင်းလာမည်ဆိုသော ဆရာဝန်ပြောခဲ့
သည့်စကားကို ပြန်ကြား ယောင်လာမိသည်။ ဒါဆို မေမေ သိသွားခဲ့သည်ပေါ့။ သူမ ခြေတောက်တွေပြန်
ကောင်းလာခဲ့သည်ကို မေမေသိသွားခဲ့သည် ထင်၏။ ထို့ကြောင့် မေမေ ဝမ်းသာသည်ဟုပြောသွားခဲ့တာ
လား။ သို့သော် သူမ ဝမ်းမသာမိပါ။ မေမေ့အသက်နှင့်ရင်းပြီးမှ ပြန်ကောင်းလာသည့် ခြေတောက်တွေ
အတွက် သူမ မပျော်ရွှင်မိခဲ့။ ဝမ်းနည်းခြင်းတို့သည်သာ သူမရင်ကိုတိုက်စားလာခဲ့ သည်။ သူမနှလုံးသား
သည်လည်း နာကျင်ကြေကွဲခြင်းကြိုးမျှင်များဖြင့်တင်းကြပ်စွာရစ်ပတ်ချည်နှောင်ခြင်းခံခဲ့ရလေသည်။


(၅)


သူမ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ပါသည်။ အမေတစ်ယောက်၏ နောက်တဖန်မွေးဖွားပေးခဲ့သည့်ခြေ
တောက်များဖြင့် ပန်းခင်းလမ်းကိုသူမလျှောက်လှမ်းခွင့်ရခဲ့သည်။ သူမ၏ ဘဝအဖော်ကလည်း သူမ
ကဲ့သို့ပင် ဆရာဝန်တစ်ယောက်ဖြစ်သည်။ သူမအိမ်တွင် အလှပဆုံးသောအခန်းတစ်ခန်းရှိပါသည်။
ထိုအခန်းတစ်ခုလုံးတွင် ညှိုးခြောက်နေသည့်ပန်းစည်းများဖြင့်ပြည့် နှက်နေခဲ့သည်။ ထိုပန်းစည်းခြောက်မ
ျားအား နံရံပေါ်တွင် အမြတ်တနိုးချိတ်ဆွဲထားခဲ့ပါသည်။


“ ဒီပန်းစည်းခြောက်တွေကို ဘာလို့ချိတ်ဆွဲထားရတာလဲ ဖြူရယ်၊ ညှိုးခြောက်နေပြီပဲ လွှင့်ပစ်လိုက်ရော
ပေါ့ ”  


ထိုစကားက သူမနှင့်လက်ထပ်ပြီးသည့်အချိန်က မောင်ပြောခဲ့ခြင်းဖြစ်သည်။ မောင့်စကားကို သူမ
အကြောက် အကန်ငြင်းဆန်လိုက်ရသည်။ ထိုပန်းစည်းများက သူမဘဝအတွက်ဘယ်လောက်အထိ
အရေးပါခဲ့သလဲဆိုတာ သူမ အသိ ဆုံး။ ထိုပန်းစည်းလေးများ ညှိုးခြောက်နေခဲ့သော်လည်း သူမ လွှင့်မပစ်
ရက်ပါ။ ထိုပန်းစည်းများသည် သူမ၏ မီးအိမ်ရှင် တစ်ခုဖြစ်၏။ ထို့အပြင် သူမဘဝ၏လမ်းပြကြယ်တစ်ပွင့်
လည်းဖြစ်၏။


“ မရဘူးမောင်၊ ဒီပန်းစည်းလေးတွေက ဖြူ့ဘဝ ဖြူ့နှလုံးသားထဲမှာစွဲထင်နေတဲ့လမ်းပြကြယ်လေးတွေပါ
မောင်၊ ဒီပန်းစည်းတွေကို ဖြူ လွှင့်မပစ်ရက်ဘူး ”  


သူမပြောလိုက်စဉ် မောင့်မျက်နှာပေါ်တွင် သဝန်တိုရိပ်များပြည့်နှက်လာခဲ့၏။


“ ဒါဆိုဖြူက ဒီပန်းစည်းတွေပို့ပေးတဲ့သူကိုအခုချိန်ထိစွဲလန်းနေသေးတာပေါ့။ မောင်မဟုတ်တဲ့ တစ်ခြား
သူတစ် ယောက်ကို ဖြူစွဲလန်းနေသေးတာကို မောင်ဘယ်လိုနားလည်ကြည်ဖြူရမလဲ၊ သူ ဘယ်မှာလဲ ဖြူ၊
ဖြူ့စိတ်ကိုလွှမ်းမိုးထား တဲ့သူ အခုဘယ်မှာလဲဆိုတာမောင်သိချင်တယ်”  


မောင်က သူမကိုကြည့်ကာ သဝန်တိုစွာဖြင့်ဆိုလာသည်။ ထိုအခါ သူမ မျက်ဝန်းတွင် မျက်ရည်စများ
ရစ်သိုင်းလာခဲ့ ရသည်။ သူမ ရင်တစ်လုံးသည်လည်း နာကျင်လာခဲ့သည်။ ပန်းစည်းလေးတွေရဲ့ပိုင်ရှင်ကို
မောင်မေးလာခဲ့ပြီ။ ထိုအမေးကို ဖြေဆိုဖို့ သူမတွင်ခွန်အားမဲ့လွန်းနေခဲ့သည်။ သို့သော် သူမ မဖြေ၍မဖြစ်။
ထိုပန်းစည်းခြောက်လေးတွေက သူမဘဝအတွက် ဘယ်လောက်အရေးပါကြောင်း မောင် သိသင့်၏။


 “ တစ်နေ့ရောက်လာနိုးနိုးနဲ့စောင့်နေခဲ့ပေမယ့် ရောက်မလာခဲ့ဘူးမောင်၊ ရောက်မလာတဲ့အပြင်
 ပန်းစည်းတောင် မပို့ပေးတော့ဘူးလေ ”  


“ ဟင် .. ဘာဖြစ်လို့လဲ ဖြူ၊ ဘာကြောင့် ပန်းစည်းတွေမပို့တော့တာလဲ ”  


မောင့်မျက်နှာပေါ်တွင် သဝန်တိုရိပ်တို့လွင့်ပြယ်သွားပြီး စိတ်ဝင်စားရိပ်တို့ထင်ဟပ်လာခဲ့၏။ သူမ မျက်ဝန်း
တွင်တော့ မျက်ရည်စက်များကလိမ့်ဆင်းလာခဲ့၏။ မောင့်ကို ကြည့်ပြီး သူမတိုးညင်းစွာပြောလိုက်မိ၏။


“ ဒီပန်းစည်းတွေရောက်မလာတော့တာ မေမေဆုံးသွားတဲ့နေ့ကတည်းကပေါ့မောင်ရယ် ”  


“ သြော် ...မောင် နားလည်ပါပြီ ဖြူရယ်.. ”


မောင်က သူမကိုကရုဏာသက်စွာလှမ်းပြော၏။ မောင့်ရင်ခွင်ထဲခိုဝင်ရင်း သူမ ငိုကြွေးလိုက်မိသည်။ ဒီ
ပန်းစည်း ခြောက်တွေက သူမဘဝအတွက် အဖိုးတန်ဆုံးသော ရတနာတစ်ခုဆိုတာ မောင်နားလည်ခဲ့ပြီ
ထင်သည်။ မေမေ၏ လှည့်ကွက်လေးတစ်ခုကြောင့် သူမဘဝရှင်သန်ခွင့်ရခဲ့၏။ ပန်းစည်းများကိုမြင်တိုင်း
မေမေ၏အငွေ့အသက်များကို သူမ ခံစားနေရဆဲဖြစ်၏။ ပန်းစည်းကလေးတွေမည်မျှပင်ညှိုးခြောက်နေပါ
စေ သူမရင်ထဲမှာတော့ မေမေ့ရဲ့ မေတ္တာပန်းနှင့်အတူ ထာဝရရှင်သန်နေမည်ဖြစ်သည်။


                                                                           အပျိုစင်မဂ္ဂဇင်း
                                                                          ဇူလိုင်လ ၊ ၂၀၁၃ ။
  

Monday, June 3, 2013

မျက်နှာဖုံးများ



 (၁)

“ ဟဲ့ မိအေးဘုံ.. ညည်း အခုချက်ချင်းထွက်လာခဲ့စမ်း”

အိမ်ထဲမှာဟင်းရွက်စည်းနေတုန်း ဒေါ်ဘုမရဲ့အော်သံကိုကြားလိုက်ရတယ်။ ဒီတော့ အေးဘုံ ခြေတွေလက်တွေအပြင် ရင်
ပါတုန်လာတယ်။ စည်းလက်စဟင်းရွက်တွေကိုချထားလိုက်ရင်း ထိုင်ချီထချီဖြစ်နေမိတယ်။

“ ဟဲ့ မိအေးဘုံ၊ ညည်းနားမပင်းပါဘူးနော်၊ ညည်း အိမ်ထဲမှာရှိနေတာငါသိတယ်၊ အခုချက်ချင်းထွက်လာခဲ့ ”
ဒေါ်ဘုမရဲ့အသံက ဒုတိယတစ်ကျော့ထွက်လာပြန်တယ်။ ဒီတစ်ခါ အေးဘုံ မနေသာတော့ဘူး။ ဒေါ်ဘုမရဲ့ အကြောင်းကို
အေးဘုံ အသိဆုံး။ ဒီတော့ အိမ်ပြင်ကိုခပ်သွက်သွက်ထွက်လာခဲ့လိုက်တယ်။

“ ကဲ ပြော၊ ညည်း ကျုပ်ဆီကယူထားတဲ့အကြွေးတွေ ဘယ်တော့ဆပ်မှာလဲ ”

အေးဘုံကိုတွေ့တာနဲ့ ဒေါ်ဘုမက ဇယ်ဆက်သလိုလှမ်းပြောတော့တာပဲ။ အေးဘုံလည်း အကြွေးတွေကျေအောင် ဆပ်ချင်
လှပါပြီ။ ဒါပေမဲ့ ဈေးကလည်းရောင်းမကောင်း။ အမေ့ရောဂါလည်း တစ်နေ့တစ်ခြားဆိုးဝါးလာလေတော့ ဝင်ငွေထက်
ထွက်ငွေကပိုများလာရော။

“ တစ်ရက်နှစ်ရက်တော့ စောင့်ပေးပါဦး ဒေါ်ဘုမရယ်၊ ဈေးကရောင်းမကောင်းတော့ လက်ထဲမှာငွေပြတ်နေလို့ပါ ”

“ အမယ်လေး .. ငွေလေးတစ်ပဲခြောက်ပြားကို နေ့ရွှေ့လိုက် ညရွှေ့လိုက်နဲ့၊ အတိုးတွေက အလုံးအရင်းနဲ့တက်လာ ပြီ ”

“ သိပါတယ် ဒေါ်ဘုမရယ်၊ နောက်နေ့ဆို မဖြစ်ဖြစ်အောင်ရှာပေးပါ့မယ်၊ အခု အမေ့ရောဂါကလည်းပိုဆိုးလာတော့ ”

“ တော်ပါတော့အေ.. တကတည်း ညီးပြနေလိုက်တာ ခိုတွေတောင်အရှုံးပေးရမယ်၊ နောက်နေ့ကျ ဆပ်ရင်ဆပ်၊ အေး..
မဆပ်လို့ကတော့ ညည်း ငါ့အကြောင်းသိပါတယ် ”

“ အင်းပါ ဒေါ်ဘုမရယ် ”
ဒေါ်ဘုမထွက်သွားတော့ အေးဘုံ အားပြတ်သလိုထိုင်ချလိုက်မိတယ်။ ပြောသာပြောလိုက်ရပေမယ့် ရင်ထဲလေးနေမိတယ်။
မနက်ဖြန် ဒေါ်ဘုမကို အကြွေးဆပ်နိုင်ဖို့ဆိုတာ မသေချာ။ အေးဘုံတစ်ကိုယ်လုံးလည်း အပူလုံးဆို့ပြီး နေမကောင်းချင်
သလိုလိုဖြစ်လာတယ်။

ခဏနေတော့ နှေးဖင့်တဲ့ခြေလှမ်းတွေနဲ့အိမ်ပေါ်တက်လာခဲ့လိုက်တယ်။ အမေကတော့ ဆေးရှိန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်
မောကျနေတယ်။ ဒေါ်ဘုမရဲ့အသံကို အမေ မကြားလိုက်လို့ တော်သေးတယ်။ နာတာရှည်ရောဂါသည် အမေ့ကို သောက
တွေ မဖြစ်စေချင်တော့ဘူး။

စည်းထားတဲ့ဟင်းရွက်တွေကို ဗန်းပေါ်တင်လိုက်တယ်။ ပြီးတော့ ဟင်းရွက်ဗန်းကိုရွက်ပြီး ထွက်လာခဲ့လိုက်တယ်။ မနက်ပိုင်း
ထက်စာရင် ညနေပိုင်းက ပိုပြီးအရောင်းသွက်သလိုပဲ။ မနက်ပိုင်းဈေးမသွားတဲ့သူတွေ အေးဘုံကိုစောင့်ပြီးဝယ်ကြတယ်။

“ ဟင်းရွက်စုံရမယ်နော် .. ဟင်းရွက်စုံ .. လတ်လတ်ဆတ်ဆတ်တွေနော် ”

လမ်းတစ်လျှောက်လုံး အေးဘုံရဲ့ဟင်းရွက်စုံအော်သံလေးက ပြန့်ကျဲသွားတယ်။ အေးဘုံ အလာကိုစောင့်နေကြတဲ့ ဖောက်
သည်တွေလည်းရှိတယ်။

“ စောင့်လိုက်ရတာ အေးဘုံရယ်၊ ဒီနေ့ နောက်ကျသလိုပဲ ”

“ ဟုတ်တယ် ဒေါ်ကြီးလှရေ၊ ဒီနေ့ ဟင်းရွက်လိုက်ခူးနေရလို့ကြာသွားတာ၊ ဒီကန်စွန်းရွက်တွေက ရေကန်စွန်းတွေနော်၊
ချိုမှချိုပဲ၊ အခုမှခူးလာတာ ”

“ အမယ်လေး အေးဘုံရယ်၊ ညည်းရောင်းတိုင်း မကောင်းတဲ့အခါများရှိလို့လားဟဲ့ ”

ဒေါ်ကြီးလှရဲ့ စကားကြောင့် အေးဘုံ သွားလေးပေါ်အောင်ရယ်လိုက်မိတယ်။ တကယ်လည်း အေးဘုံရဲ့ဟင်းရွက်တွေက
လတ်လတ်ဆတ်ဆတ်တွေ။ အခုခူး အခုရောင်းပဲ။ မနက်က လက်ကျန်တွေမပါဘူး။

“ ကဲ.. ကဲ ချဉ်ပေါင်ရွက်နှစ်စည်းပေး၊ ရုံးပတီသီးနဲ့ ခရမ်းသီးလည်းယူမယ်၊ သီးစုံချဉ်ရည်ဟင်းလေးချက်ချင်လို့ ”

“ ရော့ ဒေါ်ကြီးလှ၊ ခရမ်းသီးတစ်လုံးပိုပေးခဲ့တယ်နော် ”

ရောင်းပြီးတာနဲ့ အေးဘုံ ဆက်လျှောက်လာခဲ့တယ်။ ဒီနေ့ ရောင်းရတာမဆိုးဘူးလို့ပြောရမယ်။ ဗန်းထဲမှာ ဟင်းရွက် နည်း
နည်းပဲကျန်တော့တယ်။ ဒီဟင်းရွက်လေးကုန်ရင် အမေ့အတွက်ဆေးနည်းနည်းဝယ်သွားရမယ်။

“ ဟင်းရွက်စုံရမယ်နော် .. ဟင်းရွက်စုံ ”

“ ဟေ့ကလေးမ .. လာပါဦးကွဲ့ ”

 အေးဘုံကိုခေါ်လိုက်တဲ့ အဘိုးကြီးဆီကိုလျှောက်လာခဲ့တယ်။ အဘိုးကြီးက အကျီအဖြူလက်ရှည်နဲ့ လုံချည်ကို သေသေ
သပ်သပ်ဝတ်ထားတယ်။ လက်ထဲမှာလည်း စိပ်ပုတီးနဲ့။ တော်တော်ဘာသာတရားကိုင်းရှိုင်းတဲ့လူကြီးလို့ အေးဘုံ တွေးလိုက်
မိတယ်။

“ ဟင်းရွက်တွေက ဒီလောက်ပဲလား ”

“ ဟုတ်ကဲ့ .. ဒီလောက်ပဲကျန်တော့တယ် ဘကြီး ”

 “ ဒီကန်စွန်းရွက်တစ်စည်းဘယ်လောက်လဲ ”

“ တစ်ရာပါရှင့် ”

“ တစ်ရာဟုတ်လား၊ ဈေးကြီးလှချည်လား၊ တစ်စည်းမှ ငါးဆယ်တည်းပါ ”

“ ငါးဆယ်မရပါဘူး ဘကြီးရယ်၊ ကျန်နေတဲ့ငါးစည်းလုံးယူရင်တော့ လေးရာနဲ့ပေးလိုက်ပါ့မယ် ”

“ ကဲပါ .. ငါးစည်းလုံးယူပါ့မယ်၊ သုံးရာပဲထားလိုက်၊ ဟုတ်ပြီလား၊ ဘကြီးက ဥပုဒ်စောင့်နေလို့ သတ်သတ်လွတ်ချက်စားမှာ၊
ကလေးမလည်းကုသိုလ်ရတာပေါ့ ”

“ ဟုတ်ကဲ့..ပေးလိုက်ပါ့မယ် ”

“ အေးကွယ် .. သာဓု သာဓု သာဓု ”

အေးဘုံ ရင်ထဲကြည်နူးသွားမိတယ်။ မလှူနိုင်မတန်းနိုင်တဲ့ အေးဘုံအတွက် ဒီလောက်လေးနဲ့ကို ပီတိဖြစ်လို့ မဆုံးဘူး။
အဘိုးကြီးက ငွေသုံးရာကိုထုတ်ပေးပြီး တိုက်ကြီးထဲပြန်ဝင်သွားတယ်။ ဟင်းရွက်တွေ အကုန်ရောင်းလို့ကုန်ပြီမို့ အေးဘုံ
လည်း ပြန်လာခဲ့တော့တယ်။

(၂)

ညဆယ်နာရီမို့ အမှောင်ထုက ပတ်ဝန်းကျင်တစ်ခွင်လုံးကိုဖြန့်ကျက်ထားတယ်။ ဒါပေမဲ့ အေးဘုံ ရောက်နေတဲ့နေရာမှာတော့
တိတ်ဆိတ်မှုတို့ဆိတ်သုဉ်းလို့နေတယ်။ ပြိုးပြိုးပြက်ပြက်မီးရောင်စုံတွေအကြား ခပ်ကြမ်းကြမ်းသံစဉ်တွေနဲ့ အတူ ခန္ဓာကိုယ်
တစ်ခုလုံးပြုတ်ထွက်သွားမတတ် ခုန်ပေါက်နေတဲ့လူတွေ။ သားကောင်တွေ မုဆိုးတွေပေါတဲ့နေရာကို အေးဘုံ ရောက်နေ
တယ်။     ဒီနေရာ ဒီဌာနေက လျင်သူစားတဲ့နေရာ။ ကိုယ်ညံ့ရင် ကိုယ်ခံ။ မုဆိုးတွေရဲ့ထောင်ချောက်ရှိသလို သားကောင်
အရေခြုံထားတဲ့မုဆိုးတွေလည်း ကျင်လည်ကျက်စားတဲ့နေရာ။

ဒီနေရာက အေးဘုံနဲ့စိမ်းသက်လွန်းလှတယ်။ အကြပ်အတည်းတစ်ခုကြောင့် ဒီနေရာကို အေးဘုံ ရောက်လာခဲ့တာ။ အေးဘုံ
ဒီကိုရောက်လာခဲ့တာလည်း အေးဘုံနဲ့တစ်ရပ်ကွက်တည်းနေတဲ့ စိန်စိန်ကြောင့်။ စိန်စိန်က ဒီလိုနေရာတွေနဲ့စိမ်းလှတာ
မဟုတ်ဘူး။ အေးဘုံသာ ဒီလိုနေရာမျိုးကိုတစ်ခါမှမရောက်ဖူးတာ။ သီချင်းသံတွေ ခပ်ကြမ်းကြမ်းနဲ့ပျံ့လွင့်နေတာ ကမ္ဘာ
ပျက်နေသလိုပဲလို့ အေးဘုံထင်မိတယ်။

အေးဘုံရဲ့ခန္ဓာကိုယ်မှာ ကိုယ်ကြပ်လည်ဟိုက်အင်္ကျီနဲ့ ပေါင်လယ်လောက်သာရှိတဲ့ နောက်ခွဲစကဒ်က နေရာယူထားတယ်။
ရိုဖရဲချထားတဲ့ ဆံပင်။ ကာလာစုံတင်ထားတဲ့ မျက်နှာ။ အားလုံးက ပုရိသတို့ အသက်ရှူမှားလောက်အောင်ဆွဲညှို့လို့နေ
တယ်။ ဒီလိုပုံစံမျိုးရအောင် စိန်စိန်ပဲ ပြင်ဆင်ပေးခဲ့တာလေ။ ဒီလိုဝတ်စားရတာ အေးဘုံ မနေတတ် မထိုင်တတ်ဖြစ်နေ
မိတယ်။

“ အေးဘုံရေ .. နင့်ကို နံပါတ်ကိုးဝိုင်းက ခေါ်နေတယ်၊ ဒီညတော့ နင်ထောပြီ၊ ရေလျှံနေတဲ့ ကြောင်အိုကြီးပဲ၊ နင် ကိုယ်တွယ်
ရလွယ်မှာပါ၊ ဒါနဲ့ နင့်နာမည်က ဒေလီယာနော်၊ အေးဘုံလို့မပြောမိစေနဲ့ ”

စိန်စိန်ရဲ့စကားကြောင့် အေးဘုံ ရင်တုန်သွားရတယ်။ အေးဘုံ နာမည်က ဒေလီယာတဲ့။ စိန်စိန်ကလည်း ရပ်ကွက်ထဲမှာသာ
စိန်စိန်ပါ။ ဒီမှာကျတော့ နှင်းဆီဝိုင်တဲ့။  နံပါတ်ကိုးဝိုင်းကို အေးဘုံ လျှောက်လာခဲ့တယ်။ နံပါတ်ကိုးဝိုင်းကို ရောက်တော့
အေးဘုံ နှာခေါင်းကိုမသိမသာရှုံ့လိုက်မိတယ်။ ကြည့်ပါဦးလေ။ ခြောက်ဆယ်ကျော် အရွယ်အဘိုးကြီးက လူငယ်လေးလို
ရှုပ်ယှက်ခတ်နေအောင်ဝတ်ထားလို့။ ခါးပတ်အပေါ်မှာ စူထွက်နေတဲ့ ဗိုက်ကြီးကလည်း ကောက်ညှင်းထုပ်ကြီးလို။ ဒီကြား
ထဲ မွှန်ထူတဲ့ရေမွှေးနံ့ကလည်း နှာခေါင်းထဲ အလုံးလိုက်ဝင်လာသေးတယ်။ အဘိုးကြီးရဲ့အရက်ခိုးဝေနေတဲ့မျက်လုံးတွေက
အေးဘုံ ဆီကိုအဆက်မပြတ်ဝေ့ဝဲလို့။ နွားအိုမြက်နုကြိုက်တယ်လို့ပြောရမလားပဲ။

“ ကိုကြီး .. ဒေလီ့ကိုခေါ်တယ်ဆို ”

စိန်စိန်သင်ပေးထားတဲ့အတိုင်း အေးဘုံပြောလိုက်တယ်။ အေးဘုံရဲ့ ခရာတာတာအသံလေးက နွဲ့နွဲ့လေး။ အံမယ် ကိုကြီးလို့
ခေါ်လိုက်လို့ထင်ပါရဲ့။ ထူထဲနေတဲ့နှုတ်ခမ်းထော်ကြီးကပြုံးသွားလိုက်တာ နွားပြာကြီး အောက်သွားမရှိသလိုပဲ။

“နာမည်ကဒေလီတဲ့လား၊ အသစ်လေးထင်တယ်၊ အရမ်းမိုက်တာပဲကွာ၊ လူကနာမည်ထက်တောင်ပိုမိုက်သေးတယ်”

အလဲ့ .. အဘိုးကြီးကလည်း မခေပါလား။ မိန်းမ ကျမ်းကြေနေတဲ့ပုံပဲ။ ဒါပေမဲ့ အေးဘုံ စိတ်မဝင်စားပါဘူး။ အဘိုးကြီး ဝတ်
ထားတဲ့ ဟန်းချိန်းကြီးက ဘယ်နှကျပ်သားလောက်ရှိမလဲလို့ တွေးနေမိတယ်။ ပြီးတော့ စားပွဲပေါ်တင်ထားတဲ့ အဘိုးကြီး
ရဲ့ဖောင်းပွနေတဲ့ပိုက်ဆံအိတ်ထဲက ငွေတွေကို အေးဘုံကြည့်နေမိခဲ့တယ်။

“ ရော့ .. ကိုကြီးအတွက် ”

“ အိုကေ .. ဒါက အလိုက်သိတဲ့မိန်းမလှလေးအတွက် ”

အေးဘုံ အရက်ငှဲ့ပေးပြီးအနားမှာထိုင်လိုက်တော့ အဘိုးကြီးသဘောကျသွားတယ်။ ပြီးတော့ ချက်ချင်းဆိုသလိုပဲ အိတ်ထဲ
ကနေ ငွေတစ်ထပ်ယူပြီးလှမ်းပေးတယ်။ ဒီကလည်း အေးဘုံ ပဲလေ။ စိန်စိန်သင်ပေးထားတဲ့အတိုင်း ငွေတစ်ထပ်ကို ယူ
သလိုလိုနဲ့ အဘိုးကြီးရဲ့ လက်ကို မထိတထိလေးလှမ်းကိုင်လိုက်တယ်။
   
အံမယ် .. အဘိုးကြီးက ချက်ဆို နားရွက်ကမီးတောက်ပြီးသားပဲ။ အေးဘုံရဲ့ပခုံးလေးကိုရဲရဲတင်းတင်းပဲလှမ်းဖက်တယ်။
အေးဘုံလည်း ဖန်ခွက်ထဲကိုအရက်အပြည့်ဖြည့်ပေးလိုက်တယ်။ အဘိုးကြီးကအရက်ကိုတစ်ကျိုက်တည်းမော့သောက်
လိုက်တယ်။ ရေချိန်နည်းနည်းကိုက်လာတော့ အဘိုးကြီးရဲ့ပါးစပ်တွေ လက်တွေသွက်သထက်သွက်လာတယ်။ အဘိုးကြီးရဲ့
အိတ်ထဲကပိုက်ဆံတွေလည်း တဖြည်းဖြည်းနဲ့အေးဘုံရဲ့အိတ်ထဲကိုခုန်ဝင်လာတယ်။

နောက်တော့ အဘိုးကြီးမှောက်သွားတော့တယ်။ အဘိုးကြီးရဲ့လက်ကတော့ အေးဘုံရဲ့ပခုံးကိုဖက်ထားဆဲပဲ။ အေးဘုံ ထရပ်
လိုက်တော့ အဘိုးကြီးရဲ့လက်က ဗုန်းခနဲပြုတ်ကျသွားတယ်။ အဘိုးကြီးကတော့ အရက်ရှိန်ကြောင့် လော ကြီးနဲ့ အဆက်
သွယ်ပြတ်နေလေရဲ့။ လက်ထဲကငွေတွေကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း အေးဘုံ လှည့်ထွက်လာခဲ့တော့တယ်။

အခု အေးဘုံ ကျေနပ်လောက်တဲ့ငွေရပြီ။ အဘိုးကြီးကတော့ ဘာမှမသိပဲ အရက်ရှိန်တက်လို့ ကောင်းတုန်းဖြစ်မှာပေါ့။
တကယ်တော့ အေးဘုံ ဒီအလုပ်ကိုမလုပ်ချင်ပါဘူး။ အကျပ်အတည်းတစ်ခုကိုဖြေရှင်းဖို့အတွက် အေးဘုံ အရဲစွန့်လိုက်ရတာ။
နောက်တစ်ခါ အေးဘုံ ဒီလိုမျိုးမလုပ်တော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။ ဒီလို စားနေကျကြောင်အိုကြီးတွေဆီက ငွေကိုယူလို့
လည်း အပြစ်မရှိဘူးလို့ အေးဘုံထင်မိတယ်။ ဒီငွေတွေက အဘိုးကြီးကို အရက်ငှဲ့ပေးတဲ့အတွက် ရတဲ့ငွေကြေးလို့ပဲ အေးဘုံ
သတ်မှတ်လိုက်တယ်။ တစ်ခါတစ်ရံ မုဆိုးဟာ သားကောင်ဖြစ်တတ်သလို သားကောင်ဟာလည်း မုဆိုးဖြစ်နေတတ်တာကို
အဘိုးကြီး သတိရလာရင် ကောင်းကောင်းနားလည်သွားမှာသေချာတယ်။

(၃)

 “ ဟင်းရွက်စုံရမယ်နော် .. ဟင်းရွက်စုံ ”

ထုံးစံအတိုင်း အေးဘုံရဲ့ဟင်းရွက်စုံအော်သံလေးကကျယ်ကျယ်လောင်လောင်ထွက်ပေါ်လို့လာတယ်။

“ ဟေ့ လာပါဦး ”

ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ လက်ထဲမှာ ပုတီးကိုင်ထားတဲ့အဘိုးကြီးတစ်ယောက်။ မနေ့ကဝယ်တဲ့  အဘိုးကြီးပါပဲ
လား။ အနားကိုရောက်တော့ အဘိုးကြီးကလှမ်းမေးတယ်။

“ ဘာတွေပါလဲ ”

“ အစုံပဲ ဘကြီး၊ ချဉ်ပေါင်ကလည်းအခုမှခူးတာ၊ ကန်စွန်းရွက်လည်း လတ်လတ်ဆတ်ဆတ်ပဲ၊ ဒီနေ့အသီးအရွက်တွေ
တော်တော်လေးစုံတယ်ဘကြီးရဲ့ ”

“ ကန်စွန်းရွက်တစ်စည်းဘယ်လောက်လဲ ”

“တစ်ရာပါရှင့်၊ ဘကြီးက သတ်သတ်လွတ်စားမလို့ထင်တယ်၊ အေးဘုံကုသိုလ်ရအောင် ငါးစည်းလေးရာနဲ့ပေးပါ့မယ်နော်”

“ ငါးစည်းသုံးရာထားပါ ကလေးမရယ် ”

“ မရလို့ပါ ဘကြီးရယ်”

“ ကဲ ဒါဆိုလည်းခြောက်စည်းလေးရာထားလိုက်၊ အဘလည်းဝ ကလေးမလည်း ကုသိုလ်ရတာပေါ့ ”

“ ယူလိုက်လေ ဘကြီး၊ ဘကြီးမို့ပေးတာနော်၊ တခြားလူတွေဆို တစ်စည်းတစ်ရာပဲ ”

“ အေးပါကွယ် .. သာဓု .. သာဓု သာဓု ”

အဘိုးကြီးက ဝမ်းသာအားရသာဓုခေါ်ရှာတယ်။ အေးဘုံလည်းကျသင့်ငွေလေးရာကိုယူပြီး ထွက်လာခဲ့တော့တယ်။ အဲဒီ
အဘိုးကြီးကို အေးဘုံကောင်းကောင်းသိတာပေါ့။ အခုတော့ သူတော်ကောင်းလိုလို ဘာလိုလိုနဲ့ မခုတ်တတ်တဲ့ကြောင်
လိုနေပေမယ့် အဘိုးကြီးရဲ့ဘီလူးမျက်နှာဖုံးကိုအေးဘုံမှတ်မိတယ်။ မနက်ပိုင်းမှာ သက်သတ်လွတ်စားတယ်ဆိုတဲ့ အဘိုးကြီး
က ညဘက်ဆို နိုက်ကလပ်တွေမှာ ရိက္ခာယူနေခဲ့တာ အေးဘုံကိုယ်တွေ့ပဲလေ။ အဘိုးကြီးကတော့ အေးဘုံကို မှတ်မိတဲ့ပုံ
မပေါ်ဘူး။

အခုချိန်မှာငွေတစ်ရာ နှစ်ရာကို တွက်ကပ်နေတဲ့အဘိုးကြီးက နိုက်ကလပ်တွေမှာငွေကိုရေလိုသုံးပြီးနေနိုင်လိမ့်မယ်လို့
ဘယ်သူထင်မိလိမ့်မလဲ။ လက်ထဲမှာပုတီးကိုင်ပြီး သတ်သတ်လွတ်စားတယ်လို့ကြွေးကြော်နေတဲ့အဘိုးကြီးက ကြောင်သူ
တော် ကြွက်သူခိုးဖြစ်နေတယ်ဆိုတာပြောပြရင် ဘယ်သူယုံကြမလဲ။ မကြောင်းမသင့်ရင် ပြောတဲ့သူကိုတောင် အရူးလို့
အပြောခံရမှာ သေချာတယ်။ အေးဘုံကတော့ ပြောမယုံလည်း ကြုံဖူးလို့ သိခဲ့ရပြီ။ ချွေးသံတရွဲရွဲနဲ့ ရပ်ကွက်တကာလှည့်ပြီး
ဟင်းရွက်ရောင်းနေတဲ့ အေးဘုံကိုရော ညကနိုက်ကလပ်မှာသားကောင်ဖမ်းခဲ့တဲ့ ဒေလီယာပါလို့ လက်ညှိုးထိုးပြောရင်တောင်
ယုံကြမလား။ 

“ ဟင်းရွက်စုံရမယ်နော် .. ဟင်းရွက်စုံ ”

ထုံးစံအတိုင်း အေးဘုံရဲ့ဟင်းရွက်စုံအော်သံလေးက ကျယ်ကျယ်လောင်လောင်နဲ့ထွက်ပေါ်လာပြန်ပါတော့တယ်။


                                                                  ရွှေအသစ်ဝတ္ထုတို
                                                   ရွှေ့အမြုတေမဂ္ဂဇင်း ၊  ဇွန်လ ၊ ၂၀၁၃ ခုနှစ်။

Monday, May 27, 2013

ဘ၀မုန်တိုင်းဒဏ်

(၁)


ကျွန်မက ဆင်းရဲတယ်။ ဆင်းရဲတာမှ အရမ်းကိုဆင်းရဲတာ။ ဆင်းရဲပြိုင်ပွဲတွေကျင်းပရင် ကျွန်မတို့ မိသားစုက နှစ်တိုင်း
ပထမရမှာသေချာတယ်။ ဆင်းရဲဆို မိသားစုကလည်း ပြွတ်သိပ်နေတာကိုး။ ကျွန်မမှာ မောင်နှမ ရှစ်ယောက်ရှိတယ်။
ကျွန်မက အကြီးဆုံး။ ကျန်တာကဘာမှနားမလည်သေးတဲ့ ဘုစုခရုလေးတွေလေ။ ကျွန်မအသက်တောင် နှစ်ဆယ်
ပြည့် တာမကြာသေးဘူး။


အမေက အကြော်ရောင်းတယ်။ ရောင်းလို့ရတဲ့ပိုက်ဆံက မိသားစုစားမလောက်လို့ မနက်ပိုင်းဆိုရင် ရပ်ကွက်တကာ
လှည့်ပြီး ဟင်းရွက်စုံရောင်းရသေးတယ်။ ဒါတောင် တစ်လပြည့်ရင်အိမ်စရိတ်မလောက်သေးဘူး။ အိမ်က ကိုယ်ပိုင်
အိမ်မှ မဟုတ်တာ။ အိမ်ငှားခတောင် ရှစ်ထောင်ပေးရတယ်။ ဒါတောင် အိမ်ကောင်းကောင်းမဟုတ်သေးဘူးနော်။


ကျွန်မက ဦးမြဇံရဲ့ပွဲရုံမှာအလုပ်လုပ်တယ်။ ကျောင်းကလည်း ခြောက်တန်းအထိပဲနေရတာဆိုတော့ နေရာကောင်း
ဘယ်ရမလဲ။ ခိုင်းတာလုပ်ရုံပေါ့။ ပိုက်ဆံရရင်ပြီးရော။ သားအမိနှစ်ယောက်လုံး အလုပ်လုပ်နေတာတောင် ထမင်းက
နပ်မမှန်ချင်ဘူး။


အဲဒီမှာအမေက အားကိုးအားထားဆိုပြီးနောက်အိမ်ထောင်ပြုရော။ အမေ့နောက်ယောကျာ်းက ဆိုက္ကားသမား
 ဦးထွန်းတင်လေ။ သားသုံးယောက်ပိုင်တဲ့ မုဆိုးဖို။ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်တာလေ။ ကိုယ့်မိသားတစ်စုတည်း
ဆင်းရဲတွင်း တူးတာအားမရလို့ အဖော်ရှာတာပေါ့။


 ပြောတော့သာ အားကိုးရှာတာတဲ့။ အခုတော့ ဦးထွန်းတင်နဲ့သားသုံးကောင် အိမ်ပေါ်ရောက်လာပြီ။ ဦးထွန်းတင်က
 အရက်လေးတမြမြနဲ့။ သူ့သားသုံးကောင်ကလည်း မျောက်နဲ့ရထားသလားအောက်မေ့ရတယ်။ ညနေအလုပ်ပြန်
လို့ အိမ်ကိုရောက်ရင် ခေါင်းကိုမူးနောက်နေရော။ညအိပ်တဲ့အချိန်ဆိုပိုဆိုးသေးတယ်။ ဟိုဘက်ဒီဘက် လှည့်လို့မရ
ဘူးလေ။ အိမ်ရှေ့ကနေ အိပ်နောက်ထိ တန်းစီထားလိုက်တာ ရထားတွဲကြီးကျနေတာပဲ။ သဘောင်္သီးထဲက အစေ့
ကလေးတွေ ဘဝကမှ သက်တောင့်သက်သာရှိဦးမယ်။ တစ်ခါတစ်လေများ လူတောင်မဖြစ်ချင်တော့တဲ့အထိပဲ။


အခုဆို အမေနဲ့ကျွန်မရဲ့လုပ်စာနဲ့ ထမင်းနပ်မှန်အောင်မနည်းဟဲနေရတယ်။ ဦးထွန်းတင် ဆိုက္ကားနင်းလို့ရတဲ့ပိုက်ဆံ
ကလည်း သူသောက်တဲ့အရက်ဖိုးနဲ့တင်ကုန်ရော။ အမေအားကိုးရှာကောင်းလိုက်ပုံများ အပူထုပ်ကြီးရွက်ထားရတဲ့
အထိပဲ။  အမေလည်း မှားမှန်းသိသွားတော့ ဦထွန်းတင်ကို ကောင်းကောင်းမဆက်ဆံတော့ဘူး။ အမြဲတကျက်ကျက်
ရန်ဖြစ်နေရောပဲ။ တစ်ခါတစ်ခါရန်ဖြစ်ရင် ဆယ်အိမ်ကြား ကိုးအိမ်ကြားပဲ။ အမေတို့ကိုကြည့်ပြီး အိမ်ထောင်ဆိုတာကို
တစ္ဆေ တစ်ကောင်လိုကြောက်ရွံ့မိတယ်။


ကျွန်မက ဘဝမလှပေမဲ့ ရုပ်ရည်လေးတော့လှတယ်ဆိုရမယ်။ ကျွန်မကို မြင်တဲ့ယောကျာ်းတိုင်း နောက်တစ်ခါမကြည့်ပဲ
မနေနိုင်ကြဘူး။ ဒါပေမဲ့ ကျွန်မရဲ့ဘဝကိုသိတော့လည်း ဝေးဝေးရှောင်သွားကြတော့တာပဲ။ သူတို့က ပြောကြတယ်။
လှတာမက်ရင် ညစာခက်တတ်တယ်တဲ့လေ။ အမေကတော့ ကျွန်မရဲ့လှပတဲ့ရူပါကိုကြည့်ပြီး ကြံကြံဖန်ဖန် ဂုဏ်ယူ
တတ်သေးတယ်။


“ မိန်းမတစ်ယောက်ရဲ့အလှဆိုတာ ဓနပဲ၊ ဒီရပ်ကွက်ထဲကကောင်တွေကို လှည့်တောင်မကြည့်နဲ့၊ ဒီရုပ်ရည်နဲ့ သူတို့
ထက်သာတဲ့သူဌေးတစ်ယောက်ကိုယူလို့ရတယ်၊ ကိုထွန်းတင်လို ငမူးငရူးတွေကိုစိတ်ကူးထဲတောင်မထည့်နဲ့ ကြား
လား ” 


“ မင်း စကားပြောတာဆင်ချင်စမ်း မိထွေးရီ၊ အစကတော့ ငါမယူရင် သေတော့မလိုလိုနဲ့ ” 


အမေ ပြောတဲ့စကားကို ဦးထွန်းတင်ကြားတော့ ပြန်အော်တယ်။ အမေကလည်း မျက်စောင်းတဝင့်ဝင့်နဲ့ ပါးစပ်ကနေ
 တတွတ်တွတ်ရွတ်တော့တယ်။


“ အစကတော့အားကိုးရမလားလို့ပေါ့၊ အခုတော့ ဘယ်အချိန်အန်ဖတ်ဆို့သေမလဲမသိတဲ့သူကို အိမ်ပေါ်ခေါ်တင် ထား
သလိုဖြစ်နေပြီ” 


“  ငါလည်းရသလောက်ပေးနေတာပဲလေ၊ မင်းလိုသားသမီးတစ်ပြုံတစ်မနဲ့ဒုက္ခသည်ကို ငါယူတာပဲကံကောင်း  ”  

    
“ ရှင့်အတွက်ကံကောင်းပေမယ့် ကျွန်မအတွက်မကောင်းဘူးတော်ရေ၊ တစ်နေကုန် သောက်စားမူးရူးနေပြီး ရသမျှ
အပ်သလေး ဘာလေးနဲ့၊ အလကား ဆန်ကုန်မြေလေး ” 


အမေတို့ရန်ဖြစ်တာ ကျွန်မအတွက်မဆန်းတော့ဘူး။ အဲဒါတွေက ဒီအိမ်ရဲ့ဓလေ့တစ်ခုလိုဖြစ်နေပြီလေ။ ကျွန်မ အတွက်
တော့ ရှက်ရပေါင်းများလွန်းလို့ အရေခွံတောင်ထူနေခဲ့ပြီ။ တစ်ခါတစ်လေများ ကံကြမ္မာဆိုတာကို ခေါ်ပြီးမေးကြည့်ချင်
တယ်။ ကျွန်မကိုဘာကြောင့်များ ဒီဇာတ်ကိုကစေရ သလဲလို့ပေါ့။ အမေ့ကိုတော့ မေးကြည့်ဖြစ်ပါတယ်။ အမေက ရိုးရိုး
ရှင်းရှင်းပဲဖြေတယ်။


“ ကံဆိုးလို့ပေါ့ဟယ် ”  တဲ့။


(၂)


ကံဆိုတာများ ကျွန်မတို့အပေါ်မှာပဲ ကွက်ပြီးဆိုးနေသလားအောက်မေ့ရတယ်။ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်
ရတဲ့ အမေ အိပ်ယာထဲလဲနေပြီလေ။ ဒီတော့ ဒုက္ခအိုးကို ကျွန်မတစ်ယောက်တည်းရွက်ရတော့တာပေါ့။ မိသားစုတစ်ပြုံ
လုံးကို ကျွန်မတစ်ယောက်တည်းတာဝန်ယူရတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ။ ဒီတော့ အသက် ငယ်ငယ်နဲ့ ကျွန်မဆံပင်
တွေ ဖြူချင်နေပြီ။


“ ဘဝဆိုတာများ နေပျော်စရာတောင်မရှိပါလားအမေရယ်၊ ညိုတော့ ဒီဘဝဆိုးကြီးကိုအရမ်းစိတ်နာတာပဲ ” 


အမေ့ကိုဆေးတိုက်ရင်းနဲ့ ညည်းညူမိတယ်။ အမေကတော့ အရောင်ဖျော့နေတဲ့မျက်ဝန်းတွေနဲ့ ကြည့်ပြီး လှမ်းပြော
တယ်။


“ ကိုယ့်ဘဝကိုစိတ်နာမနေနဲ့ မိညို၊ ညည်းစိတ်နာရမှာက ငွေကိုပဲ၊ ငွေမရှိလို့ ဒီလိုဖြစ်ရတာ၊ ငွေရှိရင်လူရာဝင်တယ်၊
ဒီတော့ ငွေကိုကြိုးစားပြီးရှာ၊ ငွေကအရေးကြီးဆုံးပဲ၊ အဲဒါ မြဲမြဲမှတ်ထား ” 


အမေ့စကားက ကျွန်မခေါင်းထဲမှာ သံမှိုနဲ့ရိုက်သလို စွဲသွားတယ်။ ဟုတ်တယ်။ ကျွန်မတို့မှာငွေမရှိလို့ ဒုက္ခရောက်
 ရတာ။ ဒီတော့ ကျွန်မ ငွေရှာရမယ်။ ခက်တာက ငွေများများရအောင်ဘယ်လိုရှာရမလဲဆိုတာ ကျွန်မ မသိဘူး။
ကျွန်မက ပညာလည်းမတတ်ဘူးလေ။ ဒီတော့ ပညာနဲ့ရင်းပြီး ငွေရှာဖို့တော့လုံးဝမဖြစ်နိုင်ဘူး။ ဦးမြဇံရဲ့ပွဲရုံမှာ
လုပ်လို့ကလည်း တစ်ပဲခြောက်ပြားကနေတက်မှာ မဟုတ်ဘူး။ ကျွန်မက ရုပ်ရည်လေးတစ်ခုပဲပြည့်စုံတာလေ။
ဒီရုပ်ရည် ကလည်း ဘာသုံးစားရလို့လဲနော်။


တစ်ခါတစ်လေများ ချမ်းသာတဲ့သူဌေးတစ်ယောက်နဲ့တွေ့ပါစေလို့ စိတ်ကူးယဉ်မိတယ်။ စိတ်ကူးနဲ့ လက်တွေ့
 ခြားနားလိုက်ပုံများ သူဌေးဆိုတာ လမ်းမှားပြီးတောင်ရောက်မလာခဲ့ဘူး။ ဒီတော့ ကျွန်မလည်း ကံဆိုးမဘဝနဲ့
ဒုက္ခတောမှာ မျောပြီးရင်း မျောနေဆဲပဲပေါ့။


တစ်နေ့တော့ ကျွန်မမျှော်လင့်ထားတဲ့နေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်။ မြို့ကနေလာတဲ့ ဦးထွဋ်ခေါင်
နဲ့တွေ့ခဲ့ရတယ်။ ဦးထွဋ်ခေါင်က ဒီမှာရှိတဲ့သူ့ရဲ့သစ်သီးခြံကိုလာတာတဲ့။ အဲဒီမှာ ဦးထွဋ်ခေါင်ရဲ့ကားနဲ့ ကျွန်မ
တိုက်မိခဲ့တာ ပေါ့။ တိုက်မိတဲ့ကားကိုပဲ ပြန်အားနာရလောက်အောင် ကားကြီးက တောက်ပြောင်နေတာပဲ။များများ
တော့ မထိခိုက်မိပါဘူး။ ကျွန်မ ခြေထောက်ပဲနည်းနည်းနာသွားတယ်။ ခြေတောက်နာနေတာကိုတောင် ကျွန်မ
ဂရုမစိုက်အားဘူး။ ဦးထွဋ်ခေါင် ဝတ်ထားတဲ့ ဆွဲကြိုးတွေ လက်စွပ်တွေကိုကြည့်နေမိလို့လေ။


“ ညီမလေး ဘယ်နားနာသွားသေးလဲ၊ ကိုကြီး ဘာကူညီပေးရမလဲ ” 


အသံက ချိုသာပေမယ့် ကျွန်မ နားထဲမှာ ကြားရတာတစ်မျိုးဖြစ်နေတယ်။ သူ့အသက်က ငါးဆယ်ကျော်လောက်
ရှိရောပေါ့။ ဒါနဲ့များ ကျွန်မကို ညီမလေးတဲ့။ သူ့ကိုယ်သူကျတော့ ကိုကြီးတဲ့။ ကျွန်မ ရယ်ချင်စိတ်ကို အတင်းမြိုသိပ်
ပြီး ပြော လိုက်ရတယ်။


“ ဟို ညို့ခြေထောက်နာနေတယ် ” 


 “ ခြေထောက်အဆစ်လွဲသွားလို့ထင်တယ်၊ ကဲ .. ကားပေါ်တက်၊ ကိုကြီး ဆေးခန်းလိုက်ပို့ပေးမယ်၊ ဒီမှာဆေးခန်း
ရှိတယ်မဟုတ်လား ” 


ကျွန်မ ခေါင်းညိတ်ပြလိုက်မိတယ်။ သူက ဆေးခန်းကိုလိုက်ပို့ပေးတယ်။ ပြီးတော့ အိမ်ကိုလိုက်ပို့ပေးတယ်။ အိမ်
ရောက်တော့ အမေနေမကောင်းမှန်းသိသွားပြီး ဆေးတွေဝယ်လာပေးတယ်။ ကျွန်မကိုလည်း ပိုက်ဆံတစ်ထပ်
ပေးသွား သေးတယ်။ အမေကတော့ နေမကောင်းတဲ့အကြားက ခပ်ယဲ့ယဲ့လေးပြုံးတယ်။ အမေ့ အပြုံးမှာ
အဓိပ္ပါယ်ပေါင်းစုံပျော်ဝင်နေတယ်။ ပြီးတော့ ကျွန်မကိုပြောသေးတယ်။


“ မိညို .. ညည်း ကံကောင်းစပြုလာပြီ ”  တဲ့။


“ ဘာကိုကံကောင်းတာလဲဟင်အမေ ” 


ကျွန်မ နားမလည်လို့မေးမိတော့ အမေက စိတ်မရှည်သလိုကြည့်တယ်။


“ ညည်း .. တော်တော်အပါလား မိညို၊ သူ ညည်းကိုကြည့်သွားတဲ့ပုံက မရိုးသားဘူးဟဲ့၊ သေချာတယ် .. သူ
ညည်းကိုစိတ်ဝင်စားနေတာပဲဖြစ်ရမယ် ” 


“ အမေကလည်း .. ဦးထွဋ်ခေါင်က ညိုထက်အသက်ကြီးတဲ့ဥစ္စာ ” 


“ အသက်ကြီးတာဘာဖြစ်လဲဟဲ့၊ ကြီးရင်မှီ ငယ်ရင်ချီတဲ့၊ အဓိကတော့ ငွေပဲ ” 


အမေကတော့ ငွေမှိုင်းမိနေပြီလေ။ ပါးစပ်ကထွက်သမျှ ငွေပဲဖြစ်နေတော့တယ်။ ဦးထွဋ်ခေါင်နဲ့ ကျွန်မက အသက်
ကွာလွန်းတယ်လေ။  ပြီးတော့ ဦးထွဋ်ခေါင်မှာ သားမယားမရှိဘူးလို့ပြောနိုင်လား။


“ ဦးထွဋ်ခေါင်မှာ မိန်းမတွေ သားတွေရှိမှာပေါ့ အမေရဲ့၊ စိတ်ကူးယဉ်မနေပါနဲ့တော့ အမေရယ် ” 


ကျွန်မရဲ့စကားကြားတော့ အမေ ခဏလေးငြိမ်သက်သွားတယ်။ တွေတွေလေးနဲ့ တစ်ခုခုကိုစဉ်းစားနေသလို
ပဲ။ အမေ့ မျက်ဝန်းတွေလည်း ဖျော့တော့ ရီဝေလို့။ ပြီးမှ ကျွန်မကို စိုက်ကြည့်ပြီး လှမ်းပြောတယ်။


“ ညည်းကလည်းအေ .. သူ့မှာ သားမယားရှိရင် ညည်းကိုဂရုစိုက်ပါ့မလားဟဲ့၊ မပြောကောင်းမဆိုကောင်း
သူ့မှာ အိမ်ထောင်ရှိခဲ့ရင်တော့ ခေါင်းထဲကထုတ်ပစ်လိုက်၊ ငါတို့ကဘဝမလှပေမယ့် သိက္ခာလှအောင်နေရ
မယ်၊ ဒါပေမဲ့ လူပျိုကြီး လည်းဖြစ်နိုင်တာပဲဟယ် ” 


အမေကတော့ မလျော့သောဇွဲနဲ့ပြောရှာတယ်။ ကျွန်မ ဘာမှပြန်မပြောတော့ပဲ ငြိမ်ပြီးနားထောင်နေလိုက်တော့
တယ်။ အသက်အရွယ်တွေထည့်မတွက်ရင် ဦးထွဋ်ခေါင်က ကျွန်မအတွက် အားကိုးစရာရွှေတောင်ကြီးပါ။
ဒါပေမဲ့ နှုတ်ခမ်းကသာ နာနေတာပါ။ မုန့်ဆီကြော်က ဘယ်ဆီမှာလဲမသိသေးဘူးလေ။


(၃)


ဦးထွဋ်ခေါင်က ကျွန်မ ဘဝအတွက်တော့ အားကိုးစရာရွှေတောင်ကြီးပါပဲ။ ကျွန်မတို့ လိုအပ်တာမှန်သမျှ
 ဖြည့်ဆည်းပေးတယ်။ ဦးထွဋ်ခေါင်ရဲ့ကျေးဇူးကြောင့် အမေလည်း နေကောင်းသွားပြီလေ။ အမေတော့
ဦးထွဋ်ခေါင် အကြောင်းပြောလို့တောင်မဆုံးဘူး။


“ ကျေးဇူးတင်လိုက်တာမောင်ထွဋ်ခေါင်ရယ်၊ ကျေးဇူးတွေများလွန်းလို့ ဘယ်လို ဆပ်ရမလဲတောင်မသိ
တော့ပါဘူးကွယ် ” 


“ ကျေးဇူးတင်ဖို့မလိုပါဘူး ဒေါ်ဒေါ်ရယ်၊ အခုလိုကူညီခွင့်ရတာကိုပဲ ကျွန်တော် ဝမ်းသာလှပါပြီ ”


ဦးထွဋ်ခေါင်ကပြောပြီး ကျွန်မဘက်ကိုဝေ့ဝဲကြည့်တယ်။ ကျွန်မ ရှက်ရွံ့စွာနဲ့မျက်နှာလွှဲလိုက်မိတယ်။
ဦးထွဋ်ခေါင် ကျွန်မကို စိတ်ဝင်စားနေတာ ကျွန်မ ရိပ်မိတယ်။ ပြီးတော့ ဦးထွဋ်ခေါင်က လူပျိုကြီးတဲ့။ 
အမေကတော့ သဘောအကျကြီး ကျလို့ပေါ့။


ဒီလိုနဲ့ ဦးထွဋ်ခေါင်နဲ့ ကျွန်မ နီးစပ်သွားတယ်။ ဦးထွဋ်ခေါင်က ကျွန်မကို ချစ်လိုက်တာများတုန်နေတာပဲ။
အမေ ပြောသလိုပေါ့။ ကြီးရင်မှီ ငယ်ရင်ချီလေ။ ပြီးတော့ ပြောသေးတယ်။ ဦးထွဋ်ခေါင်က ကျွန်မကို
လက်ထပ်ယူမှာတဲ့။


“ လက်မထပ်ခင် ဘာမှမလိုက်လျောမိစေနဲ့၊ ကိုယ်ကမိန်းကလေး ” 


အမေ့စကားကိုနားထောင်ပြီး ကျွန်မ အနေအထိုင်ဆင်ချင်ခဲ့ပါတယ်။ ပတ်ဝန်းကျင်ကတော့ ရှေ့တစ်မျိုး
ကွယ်ရာ တစ်မျိုးပြောနေကြတာပဲ။ အသက်ကြီးတဲ့သူဌေးကို အမိဖမ်းတာတဲ့။ ဘာပဲပြောပြော ကျွန်မ ဂရု
မစိုက်ပါဘူး။ ကျွန်မဘဝမှာ အိမ်ထောင်ရေးဆိုတာကို အချစ်နဲ့ဆုံးဖြတ်ခဲ့တာမှမဟုတ်တာ။ ဦးနှောက်နဲ့
ဆုံးဖြတ်ခဲ့တာလေ။


အဓိကတော့ ဦးထွဋ်ခေါင်က ချမ်းသာတယ်။ ပြီးတော့ လူပျိုလူလွတ်။ ဦးထွဋ်ခေါင်နဲ့ လက်ထပ်လိုက်ရင်
ကျွန်မတို့ ဆင်းရဲတွင်းကလွတ်မယ်။ ဒါပဲ။ ကျန်တာဘာမှထည့်စဉ်းစားမနေတော့ဘူး။ ပြီးတော့ ပြောသေး
တယ်။ လက်ထပ်ပြီးရင်နေဖို့ အိမ်တစ်ဆောင်ဝယ်ပေးမယ်တဲ့။ အမေတို့ကတော့ ပျော်နေကြတယ်။
အမေပျော်တော့ ကျွန်မလည်းပျော်တယ်။


ဒါပေမဲ့ လေပြည်သာနေတဲ့အချိန်မှာ မုန်တိုင်းဝင်တတ်တာ သဘာဝဆိုပေမယ့် ကျွန်မတို့အတွက် ထိချက်ပြင်း
 လှတာအမှန်ပဲ။ ဦးထွဋ်ခေါင်နဲ့ ကျွန်မတို့မင်္ဂလာကိစ္စဆွေးနွေးနေကြတုန်း အိမ်ရှေ့ကို ကားတစ်စီးထိုးရပ်လာ
တယ်။ ကားထဲက ဆင်းလာတဲ့မိန်းမကြီးရဲ့တစ်ကိုယ်လုံး စိန်ရောင် ရွှေရောင် တဖိတ်ဖိတ်တောက်နေတာပဲ။
 ဒါပေမဲ့ မိန်းမကြီးရဲ့ပါးစပ်က ထွက်လာတဲ့ စကားလုံးတွေက ကျွန်မတို့ကို တုန်လှုပ်သွားစေတာပဲ။


“ ဟဲ့ လင်ခိုးမ .. ညည်းတို့မှာ ယောကျာ်းဒီလောက်ရှားသလားဟင်၊ ငါ့ယောကျာ်းကိုမှ သူဌေးဆိုပြီးအပိုင်
ချိုင်လိုက် တာပေါ့လေ ” 


လင်ခိုးမ တဲ့။ ဘယ်လောက် ရိုင်းစိုင်းပြင်းထန်လိုက်တဲ့စကားလဲ။ အဲဒီစကားက ကျွန်မ ရင်ဝကိုခပ်ပြင်းပြင်းဝင်
ဆောင့်တယ်။ အသက်ရှူဖို့တောင် ကျွန်မ မေ့လျော့နေခဲ့တယ်။


“ ကဲဟယ် .. ဖြန်း .. ဖြန်း ”


အဲဒီအချိန်မှာ မထင်မှတ်တဲ့လုပ်ရပ်ကိုဝင်လုပ်လိုက်တာက အမေ။ မိန်းမကြီးရဲ့ပါးကို ဘယ်ပြန်ညာပြန်ရိုက်ပစ်
လိုက် တာများ ဖြန်းခနဲပဲ။ မိန်းမကြီးက အံ့သြချိန်တောင်မရလိုက်ပဲ ယိုင်ခနဲဖြစ်သွားတယ်။ ဦးထွဋ်ခေါင်က
 မိန်းမကြီးဆီပြေးသွားပြီး ဖက်ထားလိုက်တယ်။


“ ခင်ဗျား ဘာလုပ်တာလဲ၊ ဒါ ကျုပ် မိန်းမဗျ ” 


“ ဘာ .. နင်ပြောတော့ လူပျိုကြီးဆို၊ ကဲဟယ် .. ဖြန်း  ”


အမေ့ရဲ့ဘာဆိုတဲ့အသံနဲ့အတူ ဘယ်ပြန်ညာပြန်ရိုက်ချက်က ဖြန်းကနဲထွက်လာတယ်။ ဦးထွဋ်ခေါင် မျက်နှာကြီး
လည်ထွက်သွားတာပဲ။


“ တောက် .. ခင်ဗျားနော် ” 


ဦးထွဋ်ခေါင်က ဒေါသတကြီးအံကြိတ်တယ်။ အမေနဲ့ ကျွန်မကို တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်လိုကြည့်
တယ်။ ဦးထွဋ်ခေါင်ကိုမြင်ရတာ ကျွန်မအတွက် နေလို မီးလို ပူလှတယ်။


“ ဒီမှာ ညည်းတို့အဆင့်အတန်းနဲ့ ကျုပ်တို့ကိုရိုက်ရဲတယ်၊ ညည်းတို့ကို တရားစွဲပြီး ထောင်ချပစ်မယ် ” 


မိန်းမကြီးက အော်ပြောတယ်။ အမေကတော့ ဒေါသစိတ်အပြည့်နဲ့ ထမီကိုတိုတို ပြင်ဝတ်တယ်။


“ ညည်းကများ တရားစွဲမလေး ထောင်ချမလေးနဲ့၊ ကျုပ်သမီးအပျိုစစ်စစ်ကို ညည်းလင်က လူပျိုကြီးဆိုပြီး
ကြောင်သူတော် ကြွက်သူခိုးလုပ်ခဲ့တာကိုရော ကျုပ်က ကျေနပ်မယ်ထင်နေလား ” 


“ ဘယ်သူက သူခိုးလဲ၊ ကျုပ်ယောကျာ်းချမ်းသာမှန်းသိလို့ ညည်းတို့အပိုင်ကြံတာ” 


“ ညည်း ပါးစပ်ပိတ်ထားစမ်း၊ ကျုပ်တို့ဘဝက သုညဖြစ်ပေမယ့် ကိုယ်ကျင့်တရားမှာတော့ အမှတ်ပြည့်ပဲဟဲ့၊
ကျုပ် ဘာဖြစ်ဖြစ် ကျုပ် သမီးကို စော်ကားတာတော့ မခံနိုင်ဘူး၊ ညည်းတို့ကိုသတ်ပြီး ကျုပ်ထောင်ထဲဝင်မယ် ” 


အမေက ပြောရင်းနဲ့ အိမ်ထဲကိုပြေးဝင်သွားတယ်။ ဓားမကိုယူပြီးထွက်ပြေးလာတယ်။ ကျွန်မ ရင်ထိတ်သွားပြီး
အမေ့ကို ပြေးဆွဲရတယ်။ ဦးထွဋ်ခေါင်တို့လည်း အခြေအနေမဟန်မှန်းသိတော့ ကားကိုမောင်းပြီးထွက်သွားကြ
တယ်။


အဲဒီတော့မှ အမေဓားကိုပစ်ချပြီး ကျွန်မကို လှမ်းဖက်တယ်။ အမေ ငိုတယ်။ ကျွန်မလည်း ငိုတယ်။ အမေနဲ့ကျွန်မ
 ဖက်ပြီးငိုကြတယ်။ ကျွန်မ ငိုတာက ကျွန်မအရှေ့မှာမားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ အမေ့ကြောင့်ပါ။ အမေ
သာမရှိခဲ့ရင် သူတို့ရဲ့စကားလုံးတွေအောက်မှာ ကျွန်မ ဘဝတန်ဖိုးမဲ့ခဲ့ရမှာ။ အခုတော့ အမေ့ရဲ့ မေတ္တာအတိမ်
အနက်ကို ပိုပြီးနားလည် လာခဲ့ရတယ်။

ပြီးတော့ ဒီရှက်စရာကောင်းတဲ့အဖြစ်အပြက်ကိုအခြေခံပြီး ကျွန်မ သေသေချာချာနားလည်လိုက်တယ်။ ဆင်းရဲတာက
 ရှက်စရာမဟုတ်ဘူးဆိုတာပါပဲ။ ဆင်းရဲတဲ့မိန်းမတိုင်း သူများခြေရင်းမှာအောက်ကျို့ခံပြီး မာနချနေစရာလည်းမလိုဘူး
လို့ ထင်တယ်။ ကိုယ်သာမှန်နေရင် မှားနေတဲ့သူဌေးရဲ့ပါးကိုတောင် ဘယ်ပြန်ညာပြန်ရိုက်ပစ်နိုင်တယ်ဆိုတာ အမေက
လက်တွေ့ သက်သေပြခဲ့ပြီပဲလေ။     ကျွန်မ သေသေချာချာသိလိုက်တာက အမေနဲ့အမှန်တရားသာရှိနေရင် ဘဝမုန်တိုင်
းဒဏ်ကို ကြံ့ကြံ့ခံနိုင်တယ် ဆိုတာပါပဲ။

                                                                                   အပျိုစင်မဂ္ဂဇင်း
                                                                         အောက်တိုဘာလ၊ ၂၀၁၂ ခုနှစ်။

Sunday, May 26, 2013

ဥက္ကဌရွေးပွဲ

 (၁)


ဒီကျောက်ခုံရွာသားတွေက မယားကြောက်နက္ခတ်နဲ့ပဲမွေးလာသလားမသိဘူး။ မိန်းမကိုကြောက်တဲ့နေရာမှာတော့
ပြိုင်စံရှားပဲ။ ဘာပဲလုပ်လုပ် မိန်းမမျက်နှာကိုကြည့်ရတာ။ မိန်းမမျက်နှာတစ်ချက်ညှိုးပြီဆိုတာနဲ့ ဘယ်ချောင်ပြေးပုန်း
ရမလဲ မသိအောင်ကို ကြောက်ကြရတာ။ ဒီအစွဲက အခုမှရှိလာတာမဟုတ်ဘူး။ အရင့်အရင်ကတည်းက မယားကြောက်
ဘွဲ့ကိုလက်ဆင့်ကမ်းလာခဲ့ကြတာ။


ကျောက်ခုံရွာမှာ သြဇာအရှိဆုံးက မိန်းမတွေလို့ကို ပြောစမှတ်ရှိခဲ့ကြတာ။ မိန်းမကိုကြောက်တဲ့နေရာမှာများ ပြိုင်ဘက်
ကင်းစွာနဲ့ကို ဗိုလ်စွဲထားကြတာ။ မိန်းမက ဟေ့ဆို သူတို့က ဟိတ် မလုပ်ရဲကြဘူး။ မိန်းမပါးစပ်ကထွက်ကျလာတဲ့ စကား
တစ်ခွန်းက သူတို့ သေဆိုသေ ရှင်ဆိုရှင်ပဲ။


အခုလည်း ကိုသာစံတစ်ယောက် ရွာနောက်ပိုင်းကိုသုတ်သီးသုတ်ပြာနဲ့လျှောက်လာတယ်။ ကိုသာစံရဲ့မျက်နှာပေါ် မှာ
ထိတ်လန့်တုန်လှုပ်မှုတွေကအထင်းသား။ လက်ထဲမှာလည်း ဆန်တစ်ပြည်ကိုကိုင်လို့။ ပတ်ဝန်းကျင်ကိုတောင် ငဲ့စောင်း
 မကြည့်အားဘူး။ ခြေလှမ်းသွက်သွက်လှမ်းလို့ ရွာနောက်ပိုင်းကိုပဲ မပြေးရုံတစ်မယ်လျှောက်နေခဲ့တယ်။


“ အတတ်ဟောဗေဒင် ကိုကြည်ခင် ”  လို့ဆိုင်းဘုတ်ထောင်ထားတဲ့အိမ်ရှေ့ကိုရောက်တော့ ကိုသာစံရဲ့ခြေလှမ်းတွေ
တုံ့ကနဲရပ်သွားတယ်။ ပြီးမှ ရင်ဘတ်ကိုအသာဖိပြီး ပတ်ဝန်းကျင်ကိုအသာစောင်းငဲ့ကြည့်တယ်။ ဘယ်သူမှမရှိဘူးဆိုမှ
 ကိုကြည်ခင်ရဲ့အိမ်ပေါ်ပြေးတက်သွားတယ်။ အလန့်တကြားနဲ့ပြေးတက်လာတဲ့ ကိုသာစံကိုမြင်တော့ ကိုကြည်ခင် လန့်
သွားတယ်။


 “ ရှူး … ဖြည်းဖြည်းလုပ်ပါဗျ၊ ကျုပ် မိန်းမအိပ်နေလို့၊ တော်ကြာဆူရကောင်းမလားဆိုပြီးကျုပ်ကိုအပြစ်ရှာနေဦးမယ်ဗျ ” 


ဒီတော့မှ ကိုသာစံက ခြေလှမ်းကိုတုန့်ဆိုင်းပြီး ဖြည်းဖြည်းလျှောက်လာခဲ့တယ်။ ကိုကြည်ခင်ရဲ့ရှေ့ကိုရောက်တာ့ ဆန်
တစ်ပြည်ကိုချပြီး အားကိုးတကြီးကြည့်တယ်။


“ ဘာဖြစ်ပြန်တာလဲ သာစံရ၊ ကျုပ်အာရုံထဲမှာပေါ်လာတဲ့အတိုင်းပြောရရင်တော့ ခင်ဗျား မိန်းမ မသိအောင်အပြစ်တစ်ခု
လုပ်မိခဲ့ပြီထင်တယ် ” 


ကိုကြည်ခင်ရဲ့စကားအဆုံးမှာ ကိုသာစံရဲ့မျက်နှာကြီးဝိုင်းစက်သွားတယ်။ ကိုကြည်ခင်ရဲ့စကားကမှန်တယ်ဆိုတဲ့ သဘော။
ဒီတော့ ကိုကြည်ခင်က မျက်ခုံးကိုအသာတွန့်ပြီး ဆရာကြီးပုံစံနဲ့ထပ်ပြောတယ်။


“ ဒီတော့ ခင်ဗျားက မိန်းမ ဆူတာ ကြမ်းတာ မခံရအောင် ကျုပ်ဆီအပြေးလာခဲ့တာပေါ့ ”


ကိုကြည်ခင်ပြောသမျှ ကိုသာစံကခေါင်းချည်းပဲညိတ်နေတယ်။ ကိုကြည်ခင်ကလည်း သူပြောတာမှန်နေတော့ ဘဝင်လေး
နည်းနည်းကိုင်လာတယ်။ ဒီရွာမှာ ဗေဒင်ဆရာဆိုလို့လည်း သူ့တစ်ယောက်တည်းရှိတာကိုး။ ဒီတော့ ဘာပဲ ဖြစ်ဖြစ် သူ့ဆီပဲ
လာနေကြရတာ။


“ အေးပေါ့ဗျ၊ ခင်ဗျားအားကိုးမယ်ဆိုလည်း အားကိုးစရာသင့်ပါတယ်၊ ကျုပ်ဟောရင်လွဲခဲတယ်၊ ကဲ အကြောင်း အရာလေး
ရှင်းစမ်းပါဦး ” 


“ ကျုပ် မိန်းမရဲ့အဝတ်ချုပ်တဲ့အပ် ပျောက်သွားလို့ဗျ၊ အဲဒါ ကျုပ်မိန်းမသိရင် ကျုပ်ကိုဆူလို့ပြီးမှာမဟုတ်တော့ဘူးဗျ၊ ပျောက်
သွားတဲ့အပ်ပြန်ရအောင်လုပ်ပေးစမ်းပါဗျာ ” 


ဖြစ်ကြောင်းကုန်စင်ကိုလည်းသိရော ကိုကြည်ခင် ခေါင်းတညိတ်ညိတ်လုပ်နေပြန်တယ်။ ကိုသာစံကတော့ ကိုကြည်ခင်ကိုပဲ
အားကိုးတကြီးကြည့်နေရှာတယ်။ သူ့ခမြာ အပ်တစ်ချောင်းပျောက်တာ ရာဇဝတ်မှုကြီးကျူးလွန်မိသလို ကြောက်ဒူးတုန်နေ
ရှာတာ။


“ ပျောက်တာက ဘယ်နားပျောက်တာလဲ ” 


“ အိမ်ပေါ်မှာဗျ၊ ကျုပ်လက်ထဲကလွတ်ကျသွားတာ၊ ကြမ်းခင်းပေါ်ကိုကျသွားတာပဲ၊ ကျုပ်ကြည့်လိုက်တော့ မတွေ့တော့ဘူး ” 


ကိုသာစံရဲ့စကားကိုကြားတော့ကိုကြည်ခင်တွေးတွေးဆဆနဲ့ခေါင်းညိတ်နေပြန်တယ်။ ကိုသာစံကတော့ သူ့မိန်းမ သိမှာစိုး
လို့ကြောက်နေရှာတာ။ သူ့မိန်းမ စိန်ခင်ကလည်း အာကြမ်းလျှာကြမ်း။ ပါးစပ်ကပြောရင် လက်ကပါပြီးသား။ ဒီတော့ ကိုသာစံ
မကြောက်ပဲနေမလား။


“ ကျုပ်နဲ့တွေ့ရင် ခင်ဗျားအဆင်ပြေပြီသာမှတ်လိုက်တော့၊ အဲဒီအပ်က ခင်ဗျားအိမ်ပေါ်မှာပဲရှိတယ်၊ အပ်ကျသွားတဲ့ကြမ်းခင်း
တဝိုက်နားမှာ သေချာရှာ၊ ပြန်တွေ့လိုက်မယ် ” 

ကိုကြည်ခင်က ပိုင်ပိုင်နိုင်နိုင်ပြောတော့ ကိုသာစံ မျက်နှာကြီးဝင်းပသွားတယ်။ ပြီးတော့ ဗေဒင်မေးဖို့ယူလာတဲ့ ဆန်တစ်ပြည်
ကို ရိုရိုသေသေလှမ်းပေးတယ်။


“ ကျေးဇူးပဲဗျာ၊ ရော့ ဒါကကိုကြည်ခင်အတွက် ဆန်တစ်ပြည်ယူလာတာ၊ ကျုပ်သွားရှာကြည့်လိုက်ဦးမယ်ဗျာ ” 


ဆန်တစ်ပြည်ကိုပေးခဲ့ပြီး ကိုသာစံပြေးလာခဲ့ပြန်တယ်။ မိန်းမဈေးကပြန်မလာခင် အပ်ပြန်ရှာတွေ့ဖို့ကအရေးကြီး တယ်။
 မိန်းမပြန်လာလို့မှ သူ့အပ်မတွေ့ရင် ကိုသာစံပြေးပေါက်မှားမှာ။ ဒါကြောင့် ကိုကြည်ခင်ပြောတဲ့အတိုင်း အပ်ကျတဲ့ နေရာ
တစ်ဝိုက်ကိုသေချာလိုက်ရှာရတယ်။ ပြီးတော့ အိမ်ရှေ့ကိုလည်းကြည့်ရသေးတယ်။ မတော်လို့ မိန်းမပြန်လာပြီးတွေ့ သွားရင်
 ကိုသာစံအတွက်လွယ်မှာမဟုတ်ဘူး။ခဏနေတော့ ကြမ်းခင်းကြားမှာကျနေတဲ့ အပ်ကိုတွေ့လိုက်ရတယ်။ ဝမ်းသာတဲ့စိတ်
က ကိုသာစံ ကိုလွှမ်းခြုံသွား တယ်။ ကိုကြည်ခင်ကိုလည်း ကျေးဇူးအတင်ကြီးတင်မိတယ်။ ရှာလို့တွေ့လာတဲ့အပ်ကို အပ်
ချည်လုံးထဲကျကျနနပြန်စိုက် ထားလိုက်တယ်။ ပြဿနာတစ်ရပ်တော့ပြီးသွားပြီ။ မိန်းမဆူတာလည်း မခံရတော့ဘူး။
ကိုသာစံရင်ထဲ ဘုရားပွဲလှည့်သလို ကြည်နူးမှုတို့ပျံ့နှံ့နေခဲ့တယ်။


ဈေးကနေ မိန်းမပြန်လာတော့လည်း ကိုသာစံ မျက်နှာကြီးဖုံးဖိမရအောင် ရယ်မြူးရိပ်တို့ထင်ဟပ်နေတယ်။ ကိုကြည်ခင်
ရဲ့ဗေဒင်ဘယ်လောက်မှန်ကြောင်းပြောချင်လိုက်တာမှ ပါးစပ်ကိုယားနေတာပဲ။ ဒါပေမယ့် ပြောလို့လည်း မဖြစ်သေးပါဘူး။
ပြောချင်စိတ်နဲ့ မပြောရဲတဲ့စိတ်က ကိုသာစံကိုလွန်ဆွဲနေခဲ့တယ်။ ကိုသာစံရဲ့မျက်နှာအရိပ်အကဲကို မိန်းမကရိပ်သွားတယ်။


“ ကိုသာစံ .. တော် ကျုပ်မသိခင်ဘာတွေများလုပ်ထားတုန်း ” 


မိန်းမဆီက ခပ်မာမာစကားထွက်လာတော့ ကိုသာစံ ဆတ်ကနဲတုန်သွားတယ်။ ဒါပေမဲ့ မျက်နှာပေါ်မှာတော့ ပြုံးချင်သလို
ရယ်ချင်သလိုနဲ့။ စပ်ဖြဲဖြဲကြီးဖြစ်လို့။


“ ဘာမှမလုပ်ပါဘူး မိန်းမရဲ့၊ ဒီလိုပါပဲ ” 


“ ဘာ ဒီလိုပါပဲလဲ၊ တော့်အကြောင်းကျုပ်သိတယ်၊ ပြောစမ်း၊ ကျုပ်ကွယ်ရာမှာဘာလုပ်ထားလဲ ” 


မိန်းမကထပ်မေးလာလည်း ကိုသာစံမဖြေဘူး။ စပ်ဖြဲဖြဲနဲ့ပဲ မိန်းမကိုကြည့်တယ်။ ကိုသာစံရင်ထဲမှာတော့ ပြောချင်ရှာလွန်း
လို့ ပါးစပ်ကလည်းယားလှပြီ။


“ တကယ်ပြောတာပါ မိန်းမရဲ့၊ ကျုပ် ပျော်လို့ပါ၊ ဟဲ ဟဲ ” 


“ ကိုသာစံ .. ” 


မိန်းမဆီက ကိုသာစံနာမည်ကြီးခပ်ကျယ်ကျယ်ထွက်လာတော့ စပ်ဖြဲဖြဲမလုပ်ရဲတော့ဘူး။ နဂိုကမှ မယားကြောက်ရတဲ့
ဓာတ်ခံကရှိထားတော့ မိန်းမရှေ့မှာ ကျောက်ရုပ်လိုရပ်နေမိတယ်။ ပြောလိုက်ရမလားဆိုတဲ့အတွေးရောက်လာပေမယ့်
ပြောချင်စိတ်က ကိုသာစံကို လွှမ်းမိုးနေခဲ့ပြီ။ နောက်ဆုံး ကိုသာစံမနေနိုင်တော့ဘူး။ မအောင့်နိုင် မအီးနိုင် ပြောချလိုက်
တော့ တယ်။


“ ဒီလို မိန်းမရဲ့၊ မနက်က မိန်းမရဲ့အပ်လေးပျောက်သွားတာ ” 


“ အဲဒီတော့ .. ” 


“ ကျုပ်လည်း ထူပူသွားတာပေါ့၊ မိန်းမသိရင်လည်း အဆူခံရတော့မယ်လေ၊ ဒါနဲ့ မိန်းမ အဆူမခံရအောင် ကိုကြည်ခင်
ဆီပြေးသွားရတာပေါ့၊ သူ့ဟောချက်က ဒက်ထိကိုမှန်တယ် မိန်းမရဲ့ ” 


“ ဟုတ်လား ဘယ်လိုမှန်သတုံး ကိုသာစံ၊ တော် မြန်မြန်ပြောစမ်း ” 


“ အပ်ကျသွားတဲ့ကြမ်းခင်းပေါ်မှာရှာတဲ့၊ သူပြောတဲ့အတိုင်း ကျုပ် ရှာတော့ အပ်ကိုတွေ့တော့တာပဲ မိန်းမရဲ့၊ အံ့သြစရာ
ကောင်းလိုက်တာ၊ ဆန်တစ်ပြည်နဲ့သွားမေးရုံနဲ့ ပျောက်နေတဲ့အပ်ရှာတွေ့တော့တာပဲ ” 


ကျုပ်ပြောလိုက်တော့ ကျုပ် မိန်းမ မျက်လုံးကြီးပြူးထွက်လာရောဗျ။


“ ဘာ အပ်တစ်ချောင်းပျောက်သွားတာ ဆန်တစ်ပြည်နဲ့သွားမေးတယ် ဟုတ်လား ” 


“ ဟုတ်တယ် မိန်းမရဲ့၊ အခုမိန်းမရဲ့အပ်လေးပြန်ရပြီလေ ” 


“ သြော် .. တော်လှသကိုး၊ ဒါနဲ့ဗေဒင်ကနောက်ထပ်ဘာဖြစ်မယ်ဆိုတာ မဟောလိုက်ဘူးလားတော်ရဲ့ ” 


“ မဟောလိုက်ဘူး မိန်းမရဲ့၊ မိန်းမကဘာသိချင်လို့လဲ ” 


ကိုသာစံက ဝမ်းသာအားရမေးလိုက်တယ်။ မိန်းမလည်း သူဗေဒင်မေးတာမှန်သွားလို့စိတ်ဝင်စားသွားတယ်ထင်ရဲ့။
ဒါပေမဲ့ ကိုသာစံ အထင်နဲ့အမြင်လွဲသွားတယ်။ မိန်းမရဲ့မျက်နှာကြီးက သပြေသီးလို ညိုမည်းလာတယ်။


“ ကျုပ်သိချင်တာမဟုတ်ဘူး၊ တော်သိရမှာ၊ အပ်တစ်ချောင်းပျောက်တာကို ဆန်တစ်ပြည်နဲ့သွားမေးရင် ဒီလိုဖြစ်
တတ်တယ်ဆိုတာ ကျုပ်ကလက်တွေ့ဟောပေးလိုက်တယ်၊ မှတ်ထား ” 


မိန်းမပစ်လိုက်တဲ့ သနပ်ခါးတုံးက ကိုသာစံရဲ့နဖူးကိုမိတ်ဆက်မိသွားတယ်။ ကိုသာစံ နောက်ပြန်လဲကျသွားပြီး ကြယ်
တွေလတွေကိုပါ မြင်လိုက်ရတယ်။ ကြယ်တွေလတွေရဲ့ကြားမှာမှ ဒေါသထွက်နေတဲ့ သူ့မိန်းမရဲ့မျက်နှာကိုလည်း လှမ်း
မြင်လိုက်ရလေတော့တယ်။


(၂)


ရွာဦးကျောင်းနောက်က ဇရပ်ထဲမှာ လူစုံတက်စုံရှိနေခဲ့တယ်။ ကိုသာစံအပါအဝင် ကျောက်ခုံရွာသားအားလုံး ဇရပ်ထဲမှာ
ရှိနေကြတယ်။ သူတို့အားလုံးစုဝေးနေကြတာက မိန်းမတွေမသိအောင် တိတ်တဆိတ် အစည်းအဝေးလုပ်နေခြင်းရယ်ပါ။
မနေ့က မိန်းမလက်ချက်နဲ့ ကိုသာစံနဖူးကွဲသွားတယ်။ အခုတောင် နဖူးမှာ အဝတ်စုတ်လေးစည်းပြီး ကိုသာစံထိုင်နေရ
တာ။


ကိုသာစံရဲ့အဖြစ်ကိုကြည့်ပြီး ကျန်တဲ့သူတွေလည်းမကျေနပ်ကြဘူး။ ယောက်ျားတွေက မိန်းမတွေရဲ့လက်ဝါးကြီး အုပ်မှုထဲ
က ရုန်းထွက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လျှို့ဝှက်အစည်းအဝေးလုပ်ကြတယ်။ ဇရပ်ရှေ့ကနေ ကိုဘညိုက ကင်း စောင့်နေ
တယ်။ ဒါမှ မိန်းမတွေလာရင် ချက်ချင်းအချက်ပေးလို့ရမှာ။


“ အဟမ်း .. အဟမ်း ” 


ဗေဒင်ဆရာ ကိုကြည်ခင်က အခမ်းအနားမှူးလုပ်မှာမို့ အဟမ်းဆိုပြီး ချောင်းတစ်ချက်ဟန့်လိုက်တယ်။ ဒီတော့ ထိုင်နေ
ကြတဲ့ရွာသားအားလုံးရဲ့အကြည့်က ကိုကြည်ခင်ဆီရောက်သွားတယ်။


“ အခုကျုပ်တို့အစည်းအဝေးလုပ်တဲ့ရည်ရွယ်ချက် မိန်းမတွေကိုတော်လှန်ဖို့ပါပဲ၊ ဟုတ်ပါရဲ့လား ရွာသားတို့  ” 


“ ဟုတ်တယ်ဗျို့၊ တော်လှန်ရမယ် ” 


ကိုကြည်ခင်ရဲ့စကားအဆုံးမှာ ရွာသားတွေက ပြိုင်တူထောက်ခံကြတယ်။ အသံမထွက်လာတဲ့သူရယ်လို့ တစ်ယောက်မှ
မရှိကြဘူး။ သူတို့ရင်ထဲမှာ မိန်းမတွေကိုဘယ်လောက်တောင် စိတ်ကုန်နေကြပြီလဲမသိ။


“ ဒါဆို ကျုပ်တို့ဆီမှာ ခေါင်းဆောင်တစ်ယောက်တော့ရှိရမယ်၊ မိန်းမတွေပြောသမျှ ဆူသမျှ ကြမ်းသမျှ ကျုပ်တို့ မခံစားနိုင်
တော့ဘူး၊ သူတို့ပြောသမျှ ရဲရဲဝံ့ဝံ့တော်လှန်နိုင်ဖို့ ကျုပ်တို့ ဥက္ကဌရွေးရမယ်၊ ကဲ ဘယ်သူ ဥက္ကဌလုပ်မလဲ ” 


ကိုကြည်ခင် ဆီက စကားသံထွက်လာတော့ ရွာသားတွေဆီက အသံတိတ်ကျသွားတယ်။ အားလုံးက မိန်းမ ကြောက်ရသူ
တွေချည်းမို့ ဥက္ကဌလုပ်ဖို့တွန့်နေကြတယ်။ ပြောမယ့်သာပြောနေရတာ။ မိန်းမတွေကိုတော်လှန်ဖို့ သူတို့ တော်တော် ကြိုး
စားကြရဦးမှာ။


“ ဘယ်သူလုပ်ကြမလဲ၊ ဥက္ကဌလုပ်ဖို့ တစ်ယောက်ယောက်တာဝန်ယူမှရမယ် ”


ကိုကြည်ခင်ရဲ့စကားကိုကြားတော့ ရွာသားတွေတိတ်ဆိတ်နေကြပြန်တယ်။ အခုပဲ မိန်းမတွေကိုတော်လှန်မယ်ဆိုတဲ့
ရွာသားတွေ။ ဥက္ကဌဆိုတဲ့အသံလည်းကြားရော ခေါင်းတောင်မထောင်နိုင်ကြတော့ဘူး။ အဲဒီအချိန်မှာပဲ အပြင်ကနေ
အော်သံက ကျယ်ကျယ်လောင်လောင်ထွက်လာတယ်။


“ မိန်းမတွေလာနေပြီဟေ့၊ မိန်းမတွေအားလုံးစုပြီး ဒီဘက်လာနေကြပြီ၊ ကိုသာစံမိန်းမ စိန်ခင်က ဦးဆောင်လာတာ ” 


ကင်းစောင့်နေတဲ့ ကိုဘညိုဆီကအသံလည်းကြားရော အားလုံးဆောက်တည်ရာမရဖြစ်သွားကြတယ်။ ချက်ချင်း ဆိုသလို
 ပြေးပေါက်ရှာတဲ့သူကရှာ။ ပြတင်းပေါက်ကနေ ခုန်ဆင်းသူကဆင်း။ ပုန်းစရာနေရာ ရှာတဲ့သူကရှာနဲ့ ဇရပ်ထဲမှာ ဗြောင်း
ဆန်သွားတော့တယ်။ မိန်းမဆိုတဲ့အသံကြားတာနဲ့ ကြောက်လို့ကောင်းနေကြတုန်းပဲ။


“ သွားပြီဗျ၊ မိန်းမတွေ ကျုပ်တို့ဆီလာတာမဟုတ်ဘူး၊ ရွာထိပ်က အလှူကိုသွားကြတာ ” 


ကိုဘညိုရဲ့အသံကိုကြားမှ သက်ပြင်းချသံတွေနဲ့အတူ ပုန်းနေရာက အသီးသီးထွက်လာရတော့တယ်။ ပြီးတော့
ကိုဘညိုကို အပြစ်တင်သလိုကြည့်ကြတယ်။ မိန်းမတွေဒီဘက်လာတာမှတ်လို့ သူတို့ပုန်းလိုက်ကြရတာ။ အခုတော့
ရွာထိပ် က အလှူသွားတာတဲ့။ အခုမှ သူတို့ရင်ထဲပေါ့သွားကြရတယ်။


အဲဒီမှာထူးခြားချက်တစ်ခုကို သူတို့အားလုံးတွေ့လိုက်ကြရတယ်။ ကိုသာစံတစ်ယောက် အခြားသူငှာတွေလို
ပြေးပုန်းမနေခဲ့ဘူးလေ။ အစကတည်းက ထိုင်နေတာ အခုထိ ထိုင်မြဲတိုင်း ထိုင်နေတုန်းပဲ။ အားလုံး ဝမ်းသာ
အားရဖြစ် သွားကြတယ်။ ပြီးတော့ ကိုသာစံကို ဥက္ကဌတင်ကြဖို့ဆုံးဖြတ်ပြီးသားဖြစ်သွားတယ်။ ကိုသာစံက
 မိန်းမတွေလာပြီ ဆိုတာတောင် မကြောက်မရွံ့နဲ့ဒီအတိုင်းထိုင်နေတာ ဥက္ကဌမတင်သင့်ဘူးလား။


ကိုသာစံကို ဥက္ကဌတင်ကြဖို့ ဆုံးဖြတ်ချက်နဲ့အတူ ကိုသာစံအနားကိုလျှောက်လာကြတယ်။ ကိုသာစံကို ဝမ်းသာ
 အားရလည်း ကိုင်လိုက်ရော ကိုသာစံခန္ဓာကိုယ်ကြီး ထိုင်နေရာက ဗြုန်းခနဲကျသွားတယ်။ အားလုံး အံ့သြသွားကြ
တယ်။ သူတို့ထင်သလို ကိုသာစံက မကြောက်မရွံ့ထိုင်နေတာမှမဟုတ်ပဲ။ မိန်းမတွေလာပြီဆိုတဲ့အသံကြားလို့
အကြောက်လွန်ပြီး ထိုင်နေရင်း သတိမေ့သွားမှန်းသိလိုက်ရလေတော့တယ်။


                                                                               ရယ်စရာမဂ္ဂဇင်း
                                                                                  မေလ ၊ ၂၀၁၃

Tuesday, May 21, 2013

အနက်ရောင်ဘ၀များ၏အဆိပ်သင့်ဗျူဟာ


သူကတော်တော်လေးကိုဆွဲဆောင်မှုရှိတယ်။ အရမ်းလည်း ညှို့နိုင်လွန်းတယ်။ သူ့ကိုမြင်ရင် လိုချင်တပ်မက်
စိတ် တွေဝင်လာတယ်။ စွဲလန်းမိရင် လောဘရမ္မက်တွေ ကြီးလာတယ်။ သူက လူတိုင်းရဲ့သည်းခြေကြိုက်ပဲ။
ဒါကြောင့် သူ့ကို လူတွေမက်မက်မောမောရှာဖွေနေကြတာပေါ့။


(၁)


ကျွန်မနာမည်က နုငယ်ပါ။ ကျွန်မနေတာက နှမ်းကျဲဆိုတဲ့တောရွာလေးမှာ။ ဒါပေမဲ့ ကျွန်မက တောကိုမုန်း
တယ်။ ပြီးတော့ အမေ့နောက်ယောကျာ်းဦးထွန်းသာကိုလည်းမုန်းတယ်။ ဦးထွန်းသာက ပထွေးပီပီ မယား
ပါသမီးဖြစ်တဲ့ ကျွန်မကို မသထာချင်ဘူး။ ဒါကြောင့် ကျွန်မကို ဇွတ်အတင်းအလုပ်လုပ်ခိုင်းတယ်။ နေ့တိုင်း
 ကောက်စိုက်ရ ပျိုးနှုတ်ရနဲ့။ ရလာတဲ့ငွေက နည်းနည်းလေးရယ်။ အဲဒီငွေကလည်း ပထွေးလက်ထဲရောက်
ပြီး အရက်ဖိုးဖြစ်သွားရော။ ဒီတော့ အလုပ်တွေချည်းလုပ်ရပြီး ငွေရနည်းတဲ့အလုပ်ကို ကျွန်မစိတ်ပျက်လာ
မိတယ်။


တစ်နေ့တော့ ကံဆိုးချင်တဲ့ကျွန်မ သားကောင်ချောင်းတဲ့မုဆိုးနဲ့တွေ့ခဲ့ရတယ်။ မုဆိုးကလည်း တခြားသူ
မဟုတ်ဘူး။ ကျွန်မရဲ့ပထွေး ဦးထွန်းသာလေ။ ကျွန်မရဲ့ဘဝကို အညွန့်ကျိုးအောင်ဖျက်ဆီးဖို့ကြံစည်ခဲ့တာ။
အမေအရောက်မြန်ပေလို့သာ ပေါ့။ မဟုတ်ရင် ကျွန်မဘဝပျက်ရမှာ။


ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေက ကျွန်မကိုဆူလို့မဆုံးဘူး။ မိန်းကလေးတန်မဲ့ အနေအထိုင်မဆင်ချင်ဘူး
တဲ့။ ပေါ့ပေါ့ နေ ပေါ့ပေါ့စား မိန်းမတဲ့။ အမေ့ရဲ့ပါးစပ်ဖျားမှာ ကျွန်မကအဓိကတရားခံဖြစ်လာခဲ့တယ်။
ဘယ်လောက်များရင်နာဖို့ကောင်း လိမ့်သလဲ။ လောကကြီးမှာသွေးအနီးဆုံးဖြစ်တဲ့အမေကတောင်
ကျွန်မကို တန်ဖိုးထားမငဲ့ကွက်တော့ဘူး။


အဲဒီအချိန်ကစပြီး အမေကကျွန်မကို မျက်လုံးဒေါက်ထောက်ကြည့်နေတော့တယ်။ အမြဲတမ်းအပြစ်မရှိ
အပြစ်ရှာ နေတာပဲ။ အမေတစ်ခု သမီးတစ်ခုဘဝမှာ နွေးထွေးမှုဆိုတာ ရှားပါးတဲ့အရာတစ်ခုလိုပဲ။ အမေ့
ရဲ့ပြောဆိုဆက်ဆံပုံတွေက ကျွန်မရင်ကို မီးစနဲ့ထိုးသလို ပူပြင်းနာကျင်စေတာအမှန်ပဲ။


နောက်ဆုံးတရားခံရှာလိုက်တော့ ငွေပဲ။ ငွေမရှိလို့ ဆင်းရဲရတာ။ ဆင်းရဲလို့ မိသားစုအဆင်မပြေဖြစ်ရ
တာ။ ဒုက္ခ ရောက်ကြရတာ။ ဒါတွေက ငွေမရှိလို့ဖြစ်ရတဲ့ နောက်ဆက်တွဲပြဿနာတွေပေါ့။ ငွေမရှိရင်
လူရာမဝင်ဘူး။ အဲဒီအချိန်ကစပြီး ကျွန်မစိတ်ထဲမှာ ငွေကပဲအချိန်တိုင်းနေရာယူလာခဲ့တယ်။ ကျွန်မရဲ့
ကိုးကွယ်ရာကငွေဖြစ်သွားတယ်။ ဒီတော့ ငွေရှိအောင် ရှာရမယ်။ ငွေများများရှာနိုင်ဖို့ကတော့ ကောက်
စိုက်ပျိုးနှုတ်ရုံနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး။


အဲဒီအချိန်မှာ အခွင့်ကရေးတစ်ခုကဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်။ မြို့ကလာတဲ့မိန်းမကြီး
တစ်ယောက်က အလုပ်သမားလာရှာတာတဲ့။ ဒီသတင်းကြားတော့ အမေက အဲဒီမိန်းမကြီးကို အိမ်ခေါ်။
ထမင်းတွေဘာတွေဖိတ်ကျွေးပြီး အတင်းဖားတော့တာပဲ။


အမေက ကျွန်မကို မလိုလားတော့ဘူးဆိုတာ ကျွန်မသိတယ်။ အမေက သူ့ယောကျာ်းနဲ့ ကျွန်မဝေးသွား
ဖို့ရည်ရွယ် တာလေ။ ဒီအကြောင်းတွေသိပေမယ့် အရမ်းကြီးလည်းဝမ်းမနည်းမိပါဘူး။ ကျွန်မမှာ သံယော
ဇဉ်တွေ မေတ္တာတွေအစား ငွေကနေရာအပြည့်ယူထားခဲ့ပြီပဲ။


ဒီလိုနဲ့ အမေ့ရည်ရွယ်ချက်အောင်မြင်သလို ကျွန်မရည်မှန်းချက်လည်းပြည့်မြောက်ခဲ့တယ်ဆိုပါတော့။
 မြို့မှာ အလုပ် သွားလုပ်ဖို့အတွက် အဆင်ပြေသွားခဲ့တယ်လေ။ ကောင်းကောင်းဝတ်ပြီး ကောင်း
ကောင်းစားရမယ်တဲ့။ လခလည်း ကောင်း ကောင်းရမယ်တဲ့။ ဒီတော့ မြို့တက်အလုပ်လုပ်မယ့်
အကြောင်းစဉ်းစားပြီး ကျွန်မ အိပ်လို့တောင်မပျော်ဘူး။


မြို့ကိုရောက်တော့ နိုက်ကလပ်ဆိုလား ဘာလား။ အဲဒီမှာစားပွဲထိုးလုပ်ရတယ်။ တောမှာတုန်းက
 သနပ်ခါးအထူထူ လိမ်းပြီး အကျီဖားဖားကိုဝတ် ဆံပင်ကိုဖိုသီဖတ်သီသိမ်းတင်ပြီးနေပူထဲမှာလုပ်
ရတာ။ ဒီမှာတော့သက်သာသလားမမေးနဲ့။ ဆံပင်တွေကိုအခွေလိုက်ဖြစ်အောင်ကောက်ပြီး မိတ်ကပ်
အဖွေးသားနဲ့နေရတာ။ အဝတ်အစားဆိုလည်း ခေတ်ပေါ်လည်ဟိုက် အင်္ကျီနဲ့ စကဒ်တိုလေးက
ဘယ်ခွဲညာခွဲ။ လခကလည်းကောင်းတော့ ငွေကောင်းကောင်းစုလို့ရတယ်။ ပြီးတော့ ဒီကိုလာကြ
တဲ့လူတွေကလည်း ကျွန်မကို မုန့်ဖိုးတွေပေးသုံးကြတယ်။


တစ်ချို့လူတွေဆို အတော့်ကိုလက်ရဲဇက်ရဲနိုင်လှတယ်။ မပြောမဆိုနဲ့ ကျွန်မရဲ့လက်ကို ပိုင်စိုးပိုင်နင်း
လှမ်းကိုင် တတ်တယ်။ ထိကပါး ရိကပါးလုပ်ကြတာကလည်း အကြိမ်ကြိမ်ပဲ။ အစပိုင်းမှာ စိတ်ထင့်
သွားတတ်ပေမယ့် နောက်တော့ ကျွန်မ မတုန်လှုပ်တော့ဘူး။ လက်ကလေးတစ်ခါအကိုင်ခံလိုက်ရုံနဲ့
သူတို့အိတ်ထဲကထွက်ကျလာတဲ့ငွေတွေက ကျွန်မရတဲ့ လခထက်များနေတာကိုး။


ဘဝပေးကံမကောင်းလို့ဆင်းရဲနေပေမယ့် ကျွန်မရဲ့ရုပ်ရည်ကတော့ အပြစ်ပြောစရာကိုမရှိဘူး။ ကြာ
လာတော့ မသင်ရဘဲနဲ့ ညှို့နည်းတစ်ထောင် မြူဆွယ်နည်းအဖုံဖုံကို တတ်ကျွမ်းလာခဲ့တယ်။ အဲဒီ
ပညာတွေကို ကျွန်မ ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ခဲ့တယ်။ အရက်တွေချပေးရင်း မျက်လုံးလေး
ပေကလပ် ပေကလပ်နဲ့ကြည့်လိုက်ရင်ပဲ သကောင့်သားတွေ ဘယ်ခံနိုင်ပါ့မလဲ။ လာခဲ့ရောပေါ့
ငွေစက္ကူတွေ။    


ရလာတဲ့ငွေတွေက သန့်ရှင်းတဲ့ငွေလား မသန့်ရှင်းတဲ့ငွေလား မစဉ်းစားဘူး။ အဲဒီလိုစဉ်းစားဖို့
အချိန်တောင်မရှိဘူး။ ရတဲ့နည်းနဲ့ငွေရှာတာပဲ။ ကျွန်မရဲ့ဘဝကိုတောင် ရက်ရက်ရောရောပေးပြီး
ငွေရအောင်ရှာခဲ့တယ်။ ရသမျှငွေတွေကိုလည်း မစားရက် မသောက်ရက်စုဆောင်းထားခဲ့တယ်။


တစ်နေ့တော့ သားကောင်ကြီးကြီးတစ်ကောင်ဖမ်းမိခဲ့တယ်။ မုဆိုးဖိုသူဌေးကြီးလေ။ ဦးမြခေါင် တဲ့။
ချမ်းသာလိုက် တာလည်း မပြောပါနဲ့တော့။ ကျွန်မထက်တော့ သုံးဆယ့်ငါးနှစ်လောက်ကြီးတယ်။
ဒါတွေက ပြဿနာမရှိဘူး။ အဓိကတော့ ဦးမြခေါင်က ငွေရှိတယ်။ ချမ်းသာတယ်။ ဒါဆိုပြီးပြီပေါ့။


ဦးမြခေါင်က ကျွန်မကို လက်ထပ်ချင်သတဲ့။ ကျွန်မအတွက်တော့ ရေငတ်တုန်း ရေတွင်းထဲကျသ
လိုပါပဲ။ ကန္တာရမှာ ရေကြည်တစ်ပေါက်တွေ့တာတောင် ဒီလောက်ဝမ်းသာမိမှာမဟုတ်ဘူး။ ဒီလိုနဲ့
ဦးမြခေါင်နဲ့ ကျွန်မ လက်ထပ်လိုက်ကြတယ်။ ဦးမြခေါင်ရဲ့တိုက်ကြီးကိုစရောက်တော့ အိပ်မက်မက်
နေသလားအောက်မေ့ရတယ်။ ကြီးကျယ်လိုက်တာများ နတ်ပြည် ရောက်နေသလားပဲ။ မီးခံသေတ္တာ
ကိုဖွင့်ပြတော့ ကျွန်မမျက်လုံး တွေအရောင်တောက်သွားတယ်။ ရွှေတွေ ငွေတွေ စိန်တွေ ဆိုတာ
ကစားစရာလားအောက်မေ့ရတယ်။


ကျွန်မလိုချင်တဲ့ ဘဝကိုရောက်ခဲ့လို့ အရမ်းကြည်နူးသွားမိတယ်။ နေ့တိုင်း နေ့တိုင်း မီးခံသေတ္တာကို
ဖွင့်ကြည့်ရတာ လည်း မမောနိုင်အောင်ပါပဲ။ ဦးမြခေါင်ကလည်း ကျွန်မကိုအရမ်းအလိုလိုက်တယ်။
ငွေဆိုလည်း စိတ်တိုင်းကျသုံးနိုင် ဖြုန်းနိုင် ခဲ့တယ်။     ဒီလိုသာယာနေတဲ့ ကျွန်မဘဝကို ကံကြမ္မာဂြိုလ်
ဆိုးက အရိပ်မိုးလိုက်ပုံများ ကြောက်ခမန်းလိလိပါပဲ။ ကျွန်မ ငွေပုံပေါ်မှာစံနေနိုင်တာဘယ်လောက်များ
ကြာသေးလို့လဲ။ ဒါနဲ့တောင် ဒီလိုအဖြစ်ဆိုးမျိုးကြုံရသတဲ့လား။


ကျွန်မမှာ .. ကျွန်မမှာ ကုလို့မရတဲ့ရောဂါဆိုးကြီးရှိနေပြီတဲ့။ HIV ပိုးတွေက ကျွန်မခန္ဓာကိုယ်တစ်ခုလုံး
ကို စီးဝင်ပျံ့နှံ့  နေပြီတဲ့။ လူ့လောကမှာ အသက်ရှင်နေနိုင်ဖို့အခွင့်အရေးကမရှိသလောက်ရှားပါးနေခဲ့ပြီ။
အသက်ရှင်တဲ့ကာလပတ်လုံးမှာ လူဖြစ်ရှုံးစေတဲ့ရောဂါမျိုး ကျွန်မမှာစွဲကပ်နေခဲ့ပြီ။    


အမှားကိုသိတဲ့အချိန်မှာ အရာအားလုံးနောက်ကျသွားခဲ့ပြီ။ နောင်တဆိုတာကို နောက်ကျမှ ကျွန်မ
ရခဲ့ပြီ။ ကျွန်မ ကိုးကွယ်ခဲ့တဲ့ ငွေ။ ကျွန်မ လိုချင်တပ်မက်ခဲ့တဲ့ငွေ။ ဒီငွေတွေ ကျွန်မမှာ အပြည့်အလျှံ
ရှိနေပြီ။ ဒါပေမဲ့ ကျွန်မအတွက် ဒီငွေ တွေက စက္ကူစုတ်လောက်တောင် တန်ဖိုးမရှိတော့ပါလား။
 ကျွန်မ ဘဝကိုတောင် တန်ဖိုးမထားမငဲ့ကွက်ပဲ ငွေကိုအရူးအမူး ရှာခဲ့တာ။ အခုတော့ ဒီငွေတွေက
ကျွန်မအတွက် ဘာများအသုံးဝင်သေးလို့လဲ။  ငွေနောက်လိုက်ခဲ့တဲ့ကျွန်မဘဝ မှောင်မိုက် နက်ရှိုင်း
လွန်းတဲ့အမှောင်ထုထဲ နစ်မြုပ်သွားခဲ့ရတော့တယ်။


 (၂)


ကျွန်မနာမည်က နွယ်နွယ်။ ကျွန်မက ပန်းရောင်းပါတယ်။ မုဆိုးမအမေအိုကြီးနဲ့ အတူတူနေပါတယ်။
ပန်းရောင်းရ တဲ့ငွေလေးက ကျွန်မတို့သားအမိနှစ်ယောက်အတွက်စားလောက်ရုံလေးပေါ့။ အစပိုင်း
မှာအဆင်ပြေနေပေမယ့် အမေက ရောဂါလေးတရှောင်ရှောင်ဖြစ်လာတော့ ငွေလိုပြီပေါ့။ တစ်နေ့ ပန်း
ရောင်း တစ်နေ့စားဆိုတော့ ဘယ်မှာစုဆောင်းထားတဲ့ ငွေ ရှိပါ့မလဲ။ နောက်ဆုံးအမေ့ရောဂါအခြေ
အနေဆိုးလာတော့ အိမ်လေးပေါင်ဖို့ပြင်ရရော။ ပြောမယ့်သာပြောရတယ်။ အိမ်ဆို ပေမဲ့ တဲသာသာမို့
ဘယ်သူမှအပေါင်မခံကြဘူး။ အဲဒီနောက် ကြံရာမရဖြစ်နေတုန်းမှာပဲ ဦးလေးစိန်နဲ့တွေ့ခဲ့တာပေါ့။


ဦးလေးစိန်က အသက်ခြောက်ဆယ်အရွယ်လောက်ရှိတယ်။ ဒါပေမယ့် ရုတ်တရက်ကြည့်ရင် လေး
ဆယ်ကျော် လောက်ပဲထင်ရတယ်။ ချမ်းသာကုံလုံသူဆိုတော့ ဇရာရုပ်ကို ဟန်လုပ်ထားနိုင်တာပေါ့။
 ပြီးတော့ ကိုယ်ပိုင်ကားလေး တစ်စီးလည်းရှိသေးလေရဲ့။ ကျွန်မနဲ့ တွေ့ခဲ့ပုံကလည်း မဆန်းပါဘူး။
ပန်းရောင်းထွက်တဲ့ ကျွန်မနဲ့ ဦးလေးစိန်ရဲ့ကားနဲ့ ပွတ်တိုက်မိသွားတယ်။ အဲဒီကနေစပြီး ဇာတ်လမ်း
စခဲ့တယ်လို့ပြောရမလားပဲ။


ဦးလေးစိန်က ကျွန်မ ကိုအိမ်ပြန်ပို့ပေးရာက ကျွန်မဘဝကို သနားသွားတယ်။ အမေ့ကိုဆေးရုံတင်ပေး
တယ်။ ဆေးဖိုး စရိတ်ကိုအားလုံးကိုခံပေးတယ်။ အားကိုးမဲ့နေတဲ့ ကျွန်မ အတွက်တော့ ဦးလေးစိန်က
အားကိုးစရာရွှေတောင်ကြီးပေါ့။ ဒါပေမဲ့ ပိုက်ဆံသာသောက်သောက်လဲကုန်သွားတယ်။ အမေရဲ့ရောဂါ
ကတော့ မသက်သာလာခဲ့ပါဘူး။ နောက်ဆုံး အမေ လောကကြီးကိုအရှုံးပေးပြီး ကျောခိုင်းသွားခဲ့တယ်။


အမေ ဆုံးတဲ့အချိန်မှာ ဦးလေးစိန် ရှိနေလို့သာပေါ့။ မဟုတ်ရင် ကျွန်မ အရမ်းနာကျင်ကြေကွဲမိမှာအမှန်ပဲ။
 ဦးလေးစိန် ကို ကျွန်မက အဖေတစ်ယောက်လိုအားကိုးခဲ့တယ်။ အမေ ဆုံးပြီး တစ်ပတ်ကြာတော့ ဦးလေး
စိန်က လက်ထပ်ခွင့်တောင်း လာတယ်။ ကျွန်မ အရမ်းအံ့အားသင့်သွားတယ်။ ဦးလေးစိန်နဲ့ ကျွန်မကသား
အဖအရွယ်ကြီးလေ။ ပတ်ဝန်းကျင်က ကျွန်မကို ဘယ်လိုထင်ကြမလဲ။


ကျွန်မကငြင်းတော့ ဦးလေးစိန်က စာရင်းစာရွက်တစ်ရွက်ထုတ်ပြတယ်။ ကျွန်မယူကြည့်လိုက်တော့မှ
အမေ့ရဲ့ ဆေး စရိတ်ဖြစ်နေတယ်။ ကျွန်မ သဘောပေါက်သွားတယ်။ ဦးလေးစိန်က ဒီယုန်မြင်လို့ဒီခြုံထွင်
ခဲ့တာကိုး။ ကျွန်မ အရမ်းနောင်တ ရမိတယ်။ ငါးစာသာမြင်ပြီး ငါးမျှားချိတ်ကိုမမြင်မိတဲ့ ကျွန်မ အပြစ်ပေါ့။
 ကျွန်မ ဦးလေးစိန် ကိုတောင်းပန်ကြည့်တယ်။ ဦးလေးစိန်ကတော့ ခါးခါးသီးသီးပဲ။ လက်မထပ်ရင်
အကြွေးကျေအောင်ဆပ်တဲ့။ ကျွန်မ ဘယ်လို လုပ်ရမလဲ။ ဆပ်ရမယ့် ငွေပမာဏကများလွန်းလှတယ်လေ။


နောက်ဆုံးကျွန်မ ခေါင်းညိတ်လိုက်ရတယ်။ ပတ်ဝန်းကျင်ရဲ့အပုတ်အခတ်စကားတွေကို ကျွန်မ ကြံ့ကြံ့ခံ
နိုင်အောင် ကြိုးစားခဲ့ရတယ်။ ငွေမက်လို့ အဘိုးကြီးကိုတောင်မရှောင်ဘူးတဲ့။ ကိုယ့်အဖေအရွယ်ကိုယူတဲ့
မိန်းမတဲ့လေ။ သူတို့ပြောသမျှ ကျွန်မ ဘာတစ်ခွန်းမှစောဒကတက်ခွင့်မရှိခဲ့ဘူး။ ကျွန်မအကြောင်း ကျွန်မ
ကလွဲလို့ ဘယ်သူသိနိုင်ဦးမှာလဲ။


ဦးလေးစိန်နဲ့ လက်ထပ်ပြီး တစ်လပဲရှိသေးတယ်။ ပြဿနာက မီးခွက်ထွန်းပြီးရှာစရာတောင်မလိုပါဘူး။
သူ့အလိုလို ကိုရောက်လာပြန်တယ်။ ဦးလေးစိန်မှာ မိန်းမရှိတယ်တဲ့။ အဲဒီ မိန်းမကိုယ်တိုင်ရောက်လာခဲ့
တယ်။ ကျွန်မကိုရစရာမရှိအောင် ပြောလိုက်တာများ ကိုယ့်ကိုယ်ကိုသတ်သေပစ်ချင်တဲ့အထိ။ ကျွန်မ
လေ ရှက်လိုက်တာမပြောပါနဲ့တော့။


လင်ခိုးမ။ မယားကြီးငုတ်တုတ် ရှိနေတာသိရက်နဲ့ ကြာခိုတဲ့ ကောင်မ။ ဒီစကားလုံးတွေက ကျွန်မရဲ့
ဘွဲ့ထူးဂုဏ်ထူး တွေပေါ့။ စာနာမှုကင်းမဲ့တဲ့လူတွေရဲ့ ပါးစပ်ဖျားမှာ ကျွန်မဘဝတစ်ခုလုံးစုတ်ပြတ်သွား
ခဲ့တယ်။ ကျွန်မ ဘဝ တစ်ခုလုံး  ဘယ်လိုမှအဖတ်ဆည်လို့မရတော့ဘူး။  အနက်ရောင်ချောက်ကမ်းပါး
အောက်ကိုကျမှန်းမသိကျသွားခဲ့တယ်။ ဘယ်လိုမှ ပြန်တက်ဖို့ ခွန်အားမရှိတော့ဘူး။ ဦးလေးစိန်က
တော့ သူ့မိန်းမခေါ်ရာနောက် တစ်ကောက်ကောက်လိုက်သွားခဲ့တယ်။ ကံဆိုးလှတဲ့ ကျွန်မမှာသာ
ဗီလိန် ဇာတ်ရုပ်ကြီးနဲ့ကျန်ခဲ့လေရောပေါ့ရှင်။


(၃)


လမိုက်ညဆိုတော့ အမှောင်ထုကသိပ်သည်းလွန်းနေတယ်။ ကားမီးရောင်များမြင်မလားဆိုပြီး
 မျှော်ကြည့်မိတယ်။ ဒီနေ့ ကားတွေအလာကျဲသလိုပဲ။ ခါတိုင်းဒီအချိန်ဆို တွက်ခြေကိုက်နေ
လောက်ပြီ။ အခုတော့ လမ်းလျှောက်ရတဲ့ခြေတောက် တွေတောင်ညောင်းနေပြီ။ အလုပ်က
မဖြစ်သေး။


လွယ်ထားတဲ့ စလင်းဘက်အိတ်ကလည်း ဟန်ပြသက်သက်ပဲ။ အထဲမှာငွေနဲ့တူတာဆိုလို့
လိပ်စာကဒ်လေးတွေပဲ ရှိတယ်။ မနေ့က အိမ်ကိုငွေပို့လိုက်တော့ လက်ထဲမှာငွေပြတ်နေပြီ။
 ငွေမပို့လို့လည်းမဖြစ်ပြန်။ ဖုန်းဆက်ပြီး ငွေချည်းတောင်း နေတော့ ရသလောက်လေးရှာပြီး
ပေးလိုက်ရတာ။


တစ်လတစ်လကလည်း အကုန်မြန်လိုက်တာ။ ငွေကလည်း အကုန်အကျများသလားမမေးနဲ့။
ဒါတောင် အိမ်လခ မကုန်သေးဘူး။ သူငယ်ချင်းအိမ်မှာကပ်နေတော့ အဆင်ပြေနေရော။ စား
စရိတ်ကျတော့ မပေးလို့ဖြစ်မလား။ မပေးရင် အိမ်ပေါ်က ခေါင်းနဲ့ဆင်းပြေးရမှာ။


နယ်ကနေ မြို့မှာအလုပ်လာလုပ်တယ်ဆိုတာ ထင်သလောက်မလွယ်ဘူး။ ပညာကလည်း
 ဖြစ်ဖြစ်မြောက်မြောက် မတတ်ပြန်တော့ အလုပ်ရဖို့ကလည်းမလွယ်။ ဒီလိုနဲ့ ငွေနောက်လိုက်
မိပြီး အမှောင်လမ်းထဲ ရောက်မှန်းမသိ ရောက်သွားခဲ့ တယ်။ သူများမျက်ခုံးပေါ်မှာစင်္ကြံ
လျှောက်ရတဲ့အလုပ်ဆိုပေမယ့် ငွေရလွယ်တယ်။ ရတဲ့ငွေကလည်း နင့်နေတာပဲ။ ကောင်း
တဲ့အလုပ်မဟုတ်မှန်းသိပေမယ့် ဂရုမစိုက်တော့ဘူး။ ချိုရင် မြိုပြီး ခါးရင် ထွေးထုတ်လိုက်
တာပဲ။


အစကတော့အဆိုးလှဘူး။ ငွေရွှင်တော့ အဆင်ပြေတာပေါ့။ အခုတလော အဖမ်းအဆီးများပြီး
 အလုပ်ကအဆင်မပြေ ပြန်တော့ ကားတွေအလာများတဲ့ မြို့ပြင်ကဟိုင်းဝေးလမ်းမကြီးပေါ်မှာ
စားကျက်ရှာရပြန်တယ်။ အခုလို အခြေအနေကတော့ အဆိုးဆုံးပဲ။ ခေါက်တုံ့ ခေါက်ပြန်
လျှောက်နေရတာ တစ်နာရီကျော်နေပြီ။ ကားတစ်စီးမှ တောင်ဖြတ်လာတာမမြင်ရဘူး။
နောက်တော့ အဝေးကကားမီးရောင်သဲ့သဲ့ကိုလှမ်းမြင်ရတယ်။ ရင်တွေတောင်တလှပ်လှပ်
တုန်လာတယ်။ ဈေးဦးတော့ပေါက် ပြီထင်ပါရဲ့။


ဝမ်းသာမယ်လို့မကြံရသေးဘူး။ ကားနဲ့နီးလာတယ်ဆိုရင်ပဲ ပီးပေါ် ပီးပေါ်ဆိုတဲ့ အသံကိုကြား
လိုက်ရတယ်။ ကားက ရဲကားဖြစ်လို့နေတယ်။ ဒါကြောင့် ချုံပုတ်တစ်ခုနောက်ကို အသာလေး
ဝင်ပုန်းလိုက်ရတယ်။ ဘယ်နေရာမှာများ အမှုဖြစ်လို့လဲ မသိဘူး။ ဘုရား .. ဘုရား .. ကံသီပေ
လို့။ နို့မဟုတ် ရဲကားကိုတားလိုက်မိလို့ကတော့ မိရွှေကျော့တို့ ထောင်ထဲကိုကော့ကော့ လေး
ဝင်သွားရမှာ။ စဉ်းစားလိုက်တိုင်း ကြက်သီးတောင် တဖြန်းဖြန်းထမိတယ်။


နောက်တော့ သိပ်အရဲစွန့်လို့မရဲတော့ဘူး။ မျက်လုံးကိုပြူးပြီး သေသေချာချာလေးကြည့်ရတယ်။
 ဟော အဝေးက ကားမီးရောင်သဲ့သဲ့ကိုမြင်ရပြန်ပြီ။ ဒီတစ်ခါတော့ ပေါ်ပေါ်ထင်ထင်ပဲလမ်းမပေါ်
ထွက်ရပ်လိုက်တယ်။ ကားက ကုန်ကားဖြစ် နေတာကိုး။ မကြာပါဘူး။ နားယဉ်နေတဲ့ ကားဘရိတ်
အုပ်သံကိုကြားလိုက်ရတယ်။ အဲဒီနောက်မှာတော့ စိတ်မရှည်တဲ့ စကား သံခပ်ကြမ်းကြမ်းက
နောက်ဆက်တွဲအဖြစ်ထွက်ပေါ်လာတယ်။


“ ဟေ့ ကားလမ်းမပေါ်ထွက်ရပ်နေတာ မသာပေါ်သွားချင်လို့လား၊ ဒီမှာအေးအေးလူလူ တရားခွေ
ဖွင့်ပြီးကားမောင်း နေပါတယ်ဆိုမှ၊ စားနေကျကြောင်ဆိုရင်လည်း နောက်ကားကိုမျှော် ”  


အဆင်မပြေတဲ့အခါများ ဆက်တိုက်ကိုအဆင်မပြေပြန်။ အဲဒီလိုသမာဓိသိက္ခာရှင်တွေနဲ့ကျတော့
လည်း အလုပ်က မဖြစ်။ ကားမောင်းတာများ တရားခွေဖွင့်သလေး ဘာလေးနဲ့ ကြီးကျယ်နေလိုက်
တာ။ ဟွန်း .. သွားပေါ့။ သူ့ကားတစ်စီး တည်းလာမှာကျလို့။


ငွေ .. ငွေ .. လောကမှာ ငွေလောက်အရေးကြီးတာ ရှာလို့ကိုမတွေ့ဘူး။ အသုံးလွယ်သလောက်
ရှာရခက်တဲ့ငွေ။ ငွေမရှိဘဲ အသက်ရှင်ရတဲ့ဘဝလောက် လူဖြစ်ရှုံးတာမရှိဘူး။ တကယ် ..။ ဟော ..
 ငွေအကြောင်းစဉ်းစားနေတုန်း ကားမီး ရောင်တွေ့ပြန်ပြီ။ ဒီတစ်ခါ တော့ကံကောင်းပါစေ။
ဆုတောင်းတဲ့အတိုင်းကွက်တိပဲ။ တန်ဖိုးကြီးတဲ့ကားတစ်စီးက အနားမှာ ထိုးရပ်လာတယ်။
နွဲ့နှောင်းတဲ့အမူရာနဲ့ ကားဆီလျှောက်သွားလိုက်တယ်။ ကားထဲမှာ သက်လတ်ပိုင်းအရွယ်
လူတစ်ယောက်။ ပုံစံကတော့ ရေလျှံနေတဲ့ပုံပဲ။ ယောက်ျားတန်မဲ့ ရွှေကြိုးနဲ့ လက်စွပ်နဲ့။ အင်း
ကံကတော့ ကောင်းစပြုလာပြီ။


မကြာပါဘူး နှစ်ယောက်သားအပေးအယူတည့်သွားတယ်။ ကားပေါ်တက်ထိုင်လိုက်တော့ ကား
ကငြိမ့်ခနဲ မောင်း ထွက်သွားတယ်။ စီးဖူးတဲ့ကားတွေထဲမှာ ဒီတစ်ခါစီးရတဲ့ကားက အကောင်း
ဆုံးပဲ။ အဘေးမှာချထားတဲ့ အိတ်ကြီးကလည်း ဖောင်းပွလို့။ ဒီတစ်ခါရတဲ့သားကောင်ကတော့
အချီကြီးပဲ။


ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်နေတုန်း ကားကထိုးရပ်သွားတယ်။ ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်
လိုက်တော့ မျက်လုံးပြူး သွားမိတယ်။ ကားကဘာဖြစ်လို့ ရဲစခန်းရှေ့မှာရပ်ထားရတာလဲ။ ရင်က
 ထိတ်ကနဲတုန်သွားတယ်။


“ ကဲ အမိ ဆင်းတော့၊ သတင်းကြားနေတာကြာပြီ၊ အခုမှပဲ လက်ရဖမ်းမိတော့တယ် ”  


ဂျောက်ခနဲ အသံနဲ့အတူ လက်နှစ်ဖက်က စတီးလက်ကောက်နဲ့မိတ်ဆက်သွားတယ်။ ဘုရားရေ ..
ကယ်တော်မူပါ။  ငွေနောက်လိုက်ခဲ့တဲ့ မိရွှေကျော့ ။ အခုတော့ သံတိုင်နောက်ကို ကော့ကော့လေး
ဝင်ရတော့မယ်။ ကိုယ့်ကိုယ်ကို မုဆိုးလို့ ထင်ခဲ့တာ။ အခုမှ သားကောင်ဖြစ်မှန်းသိခဲ့ရတယ်။
အမှောင်လမ်းကိုမှရွေးလျှောက်ခဲ့မိတဲ့ မိရွှေကျော့။ အခုတော့ ဘဝလမ်း က ခြေရာလည်းပျောက်
ရေလည်းနောက်ခဲ့ရပြီ။


 (၄)


ငွေကို လူတိုင်းလိုချင်ကြတယ်။ ဒီတော့ ကောင်းတာရော မကောင်းတာရောလုပ်ပြီးငွေရှာကြတယ်။
 ဖြတ်လမ်းကရှာ သလို လွယ်တဲ့နည်းနဲ့လည်း ငွေနောက်ကိုလိုက်တတ်ကြတယ်။ ဒါပေမဲ့ လောဘ
ရမ္မက်ကြီးပြီးတပ်မက်လွန်းကြရင် ငွေဆိပ် သင့်တတ်တယ်။ လူတွေငွေဆိပ်သင့်ရင် ကုဖို့ဆေးမရှိ
တော့ဘူး။ ငွေပုံကြီးကိုမြင်ရင် လောဘစိတ်နဲ့ စိတ်ချမ်းသာကြတယ်။ ငွေတစ်ကျပ်လျော့ရင် သောက
စိတ်နဲ့ စိတ်ဆင်းရဲကြတယ်။ နောက်ဆုံးတော့လည်း ငွေနောက်လိုက်ရင်း လူတွေရဲ့ဘဝ အဆိပ်သင့်
သွားတတ်ကြတာပါပဲ။


                                                            ခင်မင်လေးစားစွာဖြင့်

တစ္ဆေခြောက်သောနေ့ရက်များ


နင် ရူးနေပြီ မြသွေး တဲ့။ ထိုစကားတစ်ခွန်းက နားထဲသို့ခပ်ပြင်းပြင်းတိုးဝင်လာ၏။ မြသွေး ရူးနေပြီတဲ့။
 မြသွေး ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ကြည့်မိ၏။ ဟုတ်သည်..။ သူတို့ပြောသလို မြသွေး ရူးနေခဲ့ပြီ။ မြသွေး
သူ့ကို အရမ်းသတိရ နေသည်။ အရမ်းလည်း ချစ်မြတ်နိုးသည်။ ထိုသို့ဖြစ်နေခြင်းက မြသွေးကို အရူး
တစ်ယောက်ဖြစ်မှန်းမသိဖြစ်ခဲ့ခြင်းပင်။ နှလုံးသားကိုရစ်နွယ်လာသည့်ကြိုးဆိုတာက အချည်လွယ်သ
လောက်အဖြတ်ခက်သည်မဟုတ်လား။ ထိုကြိုးကိုမဖြတ် နိုင်သရွေ့ မြသွေး ရူးနေရဦးမည်။ အခုချိန်အထိ
လည်း မိုက်မဲစွာ ရူးသွပ်နေဆဲပင်ဖြစ်လေသည်။


(၁)


အချစ်ဆိုတာ ပင်လယ်ရေလို သောက်လေသောက်လေငတ်မပြေနိုင်ဘူးတဲ့။ အချစ်က နူးညံ့သိမ်မွေ့သည်။
ဝိုင်တစ်ခွက်လိုလည်း ယစ်မူးစွာဖျားယောင်းတတ်သည်။ အချစ်နှင့်တွေ့လျှင် မာကျောနေသည့်နှလုံးသားက
နူးညံ့ သွားတတ်သည်တဲ့။ သူငယ်ချင်းတွေပြောသည့် အချစ်၏ဒဿနတွေအကြား မြသွေး၏ ဟားတိုက်ရယ်
မောသံများက အက်ကြောင်းထပ်ခဲ့ဖူး၏။ သူတို့ပြောသော အချစ်အကြောင်းသည် မြသွေးအတွက် ရယ်စရာ
ပြက်လုံးတစ်ခုထက်မပိုခဲ့ပါ။ အချစ်ဆိုတာများ ဖြူသလား မည်းသလား မြသွေး မသိပါ။ စိတ်ဝင်တစားလည်း
 မတွေးကြည့်ဖူးခဲ့ပါ။ မဟာသိပ္ပံဘွဲ့အတွက် စာတွေနှင့်လုံးပန်းနေရသည့် မြသွေးခေါင်းထဲတွင် စာမှလွဲ၍
အချစ်နှင့်ပတ်သက်သည့်အရာဟူသမျှ ရှိမနေခဲ့ပါ။


လက်ချင်းချိတ်၍တွဲသွားနေသည့်ချစ်သူစုံတွဲများအား အရူးတွေဟူ၍ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခဲ့ဖူးသည်။ သူငယ်
ချင်းတွေ ချစ်သူရသွားလျှင်လည်း အပူရှာကြသူတွေဟု မှတ်ချက်ပေးခဲ့ဖူးသည်။ “နင်တစ်နေ့တော့သိလာမှာပါ
မြသွေး”  ဟူသောသူငယ်ချင်းတွေ၏စကားကိုလည်း ပြက်ရယ်ပြုခဲ့သည်မှာလည်း အကြိမ်ကြိမ်။ တစ်ယောက်
တည်းနေ၍မှ ခန္ဓာ ငါးပါးနှင့်ပူလောင်နေရသည့်အထဲ အချစ်ကိုအကြောင်းပြုပြီးနှစ်ယောက်တစ်ဘဝသာဖြစ်
လာခဲ့လျှင် ခန္ဓာဆယ်ပါးနှင့် ဘယ်လောက်များပူလောင်လိမ့်မလဲ။ အချစ်ဆိုတာ ကြာလာတော့ အပြစ်တွေဖြစ်
မလာဘူးလို့ ဘယ်သူပြောနိုင်လဲ။ ကိုယ့်တစ်တွေး ကိုယ့်အယူအဆနှင့် ပြတ်သားစွာနေလာခဲ့သည့် မြသွေးပါ။


 ငြိမ်သက်နေသည့်ကန်ရေပြင်ကို ခဲတစ်လုံးပစ်ချလိုက်၍ ဂယက်ထသလိုမျိုးလား။ လေပြည်ညင်းတွေဆော့
ကစားသည့်အခါ သစ်ရွက်ကလေးတွေ ရှက်သွေးဖြာသွားသလိုမျိုးလား။ ပင်လယ်ပြင်တွင် ငွေလှိုင်းဖြူများ
ရင်ခုန်မြူးထူးစွာ ကခုန်နေသလိုမျိုးလား။ မြသွေး မတွေးတတ်ပေမယ့် သူနှင့်တွေ့သည့်နေ့က မြသွေး ထိုသို့
ဖြစ်ခဲ့ပါသည်။


နွေရာသီ၏ပူပြင်းသည့်နေ့လည်တွင် အအေးဆိုင်တစ်ဆိုင်၌ သူနှင့်ဆုံခဲ့ပါသည်။ မြသွေး၏မျက်နှာချင်းဆိုင်ဝိုင်း
တွင် ထိုင်နေသောသူ့ကို မြသွေး သတိလက်လွတ်ကြည့်နေမိခဲ့၏။ သူနှင့်အကြည့်ချင်းဆုံတော့ မြသွေး ရင်ခုန်
သွားမိသည်မှာ တားချိန်မရလိုက်ပါ။


သူက မြသွေးထက်အသက်ကြီးမည်ထင်ရ၏။ သူ့အကြည့်တွေက မကြာမကြာ မြသွေးဆီရောက်လာ၏။ မြသွေး
 ရင်ထဲမှာလည်း မြင်းရိုင်းတစ်ကောင်လို ခုန်ပေါက်ပြေးလွှားလို့။ သူ့ရှေ့တွင် ရှက်ကိုးရှက်ကန်းနှင့် မနေတတ်
အောင်ဖြစ်မိ၏။ သူက မြသွေးအဖြစ်ကို သဘောကျသလိုပြုံး၏။ သူ့အပြုံးတွင် မြသွေး တဒင်္ဂနစ်မျောသွားခဲ့ရ
သည်။သူငယ်ချင်းတွေရှေ့တွင် ဟန်မပြက်နေခဲ့ပေမယ့် နှလုံးသားတစ်ခုအရောင်ပြောင်းလုလုဖြစ်နေခဲ့၏။
အကြည့်တစ်ချက်နှင့် မူးမူးမိုက်မိုက်ဖြစ်ခဲ့ရတာ အချစ်များလား။  မြသွေး အရင်ကပြောခဲ့သလို မြသွေး ရူးနေ
ပြီထင်သည်။ ဟုတ်သည်။ သူ့ကြောင့် မြသွေး အချစ်ရူး တစ်ယောက်ဖြစ်ခဲ့ရလေပြီ။


(၂)


နောက်တစ်ခါ သူနှင့်ထပ်တွေ့ရသောအခါ မြသွေး အနားတွင် သူငယ်ချင်းတွေမရှိ။ မှတ်တိုင်တွင်ဘတ်စ်ကား
စောင့်နေစဉ် အရိပ်တခုကျလာသဖြင့်ကြည့်လိုက်သောအခါ သူ ဖြစ်နေ၏။ သူ့အပြုံးက မြသွေး အပေါ်တွင်
 ဖော်ရွေရင်းနှီး လွန်းနေခဲ့၏။


“ ကိုယ် မင်းနဲ့ခဏလောက်စကားပြောချင်တယ်၊ ခွင့်ပြုမလား ” 


မြသွေး ခေါင်းညိတ်လိုက်မိတာ မှားသွားလား။ တစ်ခါသာမြင်ဖူးသည့်ယောကျာ်းတစ်ယောက်၏စကားကို
လွယ်လင့်တကူလက်ခံလိုက်သည့်အတွက် မြသွေး မှားသွားမှန်းသိ၏။ သို့သော် ကိုယ့်နှလုံးသားကိုတော့
ကိုယ် မညာရက်နိုင်တော့။ နှလုံးသားတွင် တိတ်တခိုးစူးဝင်နေသည့်မြှားတစ်ချောင်းကို မြသွေး လျစ်လျူ
မရှုနိုင်အောင်ဖြစ်မိ၏။ အနီးတွင်ရှိသည့် အအေးဆိုင်ထဲတွင် သူနှင့်ဝင်ထိုင်ဖြစ်ခဲ့၏။


“ ကိုယ် မြသွေးကိုမေ့လို့မရဘူးဖြစ်နေတယ်၊ ဒါကြောင့် မြသွေးနောက်ကိုအရိပ်လိုလိုက်နေခဲ့တာ၊ ကိုယ့်
အချစ်ကို လက်ခံနိုင်မလားဟင် ” 


ရင်ခုန်သံကိုထိန်းချုပ်ရင်း မြသွေး နှုတ်ဆိတ်နေမိ၏။ အိုင်တီခေတ်တွင် မြသွေးနာမည်ကို သူသိနေသည်က
 အထူးအဆန်းတစ်ခုလို့မထင်မိတော့။ သူ့စကားလုံးများက ကျွန်မနားထဲဖျောက်ရခက်နေ၏။ ကျွန်မ အချစ်
ရူးရူးနေခဲ့  သည်မှာ ဆိုင်ထဲအထိလိုက်ပြီးရည်းစားစကားပြောခံရသည်ဟုလည်း ရှက်ရကောင်းမှန်းမသိ။
 အခုမှတွေ့သည့် လူ တစ်ယောက်ကို ယုံသင့်မယုံသင့်ဆိုတာလည်း ချင့်ချိန်နိုင်စွမ်းမရှိ။ နှလုံးသား၏ကွက်
လပ်တစ်ခုကို ဖြည့်စွက်ရန် အသင့်ဖြစ်နေခဲ့၏။


“ ကိုယ့်အချစ်ကိုလက်ခံပေးပါလား မြသွေးရယ် ” 


ဒီတစ်ခါခေါင်းညိတ်လိုက်မိသည်က နှလုံးသား၏ဆန္ဒအတွက် မြသွေး လိုလိုလားလားလက်ခံခဲ့ခြင်းဖြစ်၏။
မိန်းကလေးသဘာဝ ရှက်တာလေးရှိပေမယ့် နှလုံးသားကိုထိန်းချုပ်နိုင်စွမ်းမရှိခဲ့။ အညှာလွယ်လွန်းသည်ဟု
လည်း မမြင်မိတော့။ ချစ်တာကို ချစ်တာဟု ရိုးရိုးလေးပင်ခံစားခဲ့၏။ ပျော်ရွှင်သွားသည့် သူ့မျက်နှာပေါ်တွင်
 မြသွေး အား အထင်သေးရိပ်တို့ရှိမနေပါ။ လမ်းတစ်ခုမှာတွေ့ပြီး ရည်းစားတွေဖြစ်သွားကြသည်မှာ ရှေးရှေး
တုန်းကရိုးရိုးပုံပြင်လေး တစ်ပုဒ် ဖြစ်ချင်ဖြစ်မည်။ မြသွေး အတွက်တော့ ဆန်းကြယ်သည့်အိပ်မက်တစ်ခု
မက်ခွင့်ရခဲ့လေသည်။


ထိုနေ့က သူနှင့်ဘတ်စ်ကားအတူစီးရသည်မှာ ပို၍အဓိပ္ပါယ်ရှိသည်ဟုထင်မိ၏။ သူငယ်ချင်းများနှင့်သာ
 ရောက်ဖူးသည့်ပန်းခြံကိုလည်း သူနှင့်အတူသွားခဲ့၏။ သူက မြသွေးထက် လေးနှစ်ကြီးသည်မို့ မြသွေးကို
 သည်းသည်းလှုပ်ချစ်၏။ မြသွေးလည်း သူ့အပေါ်အားကိုးတွယ်တာလွန်းခဲ့၏။


မြသွေးတို့၏ ချစ်သူသက်တမ်းနည်းနည်းကြာမြင့်လာသောအခါ သူ့အပေါ် ချစ်စိတ်သာမက မြတ်နိုးတန်ဖိုး
ထား မှုတို့လည်းတိုးလာရ၏။ အရင်ကလို တစ်ကိုယ်တော် ဗယ်လင်တိုင်းလည်းလုပ်စရာမလိုတော့ပါ။
ချစ်သူများနေ့တွင် သူနှင့်အတူဖြတ်သန်းရသည်ကပင် အဓိပ္ပါယ်တချို့ပျော်ဝင်နေခဲ့ရသည်။ သူ အလုပ်
ကိစ္စနှင့် ခရီးထွက်သည့်အခါတိုင်း မြသွေး ပြင်းပြစွာလွမ်းဆွတ်တတ်ခဲ့သည်။ ချစ်မိတော့လည်း ခဏ
လေးတောင် မဝေးချင်မိတော့ပါ။ နေရာတိုင်းတွင် သူ့ပုံရိပ်တို့ကိုသာ မြင်ယောင်တမ်းတနေမိသည်ကို
ပိုလွန်းသည်ဟုလည်းမထင်ချင်တော့ပေ။ သူ ခရီးသွားသည့်အခါတိုင်း စာကျက်၍လည်းမရခဲ့။ သူ့
အကြောင်းတွေသာ တွေးမိ လာသည်နှင့်အမျှ တချို့သောကိစ္စများကို လျစ်လျူရှုချင်လာမိခဲ့သည်။


အတန်းပျက်သည့်အချိန်တွင် သူငယ်ချင်းများကို လိမ်တတ်လာသလို အိမ်ပြန်နောက်ကျသည့်အချိန်တွင်
မိဘတွေ ကို အကြောင်းပြချက်မျိုးစုံပြတတ်လာသည်။ အချစ်ကြောင့် လိမ်ညာရသည်ကိုပင် တစ်မျိုးခံစား
၍ကောင်းသည်ဟု မြသွေး ထင်မိခဲ့သေး၏။အရင်က စာနှင့်သာလုံးချာလိုက်နေခဲ့သောဦးနှောက်ထဲတွင်
သူ့အကြောင်းတွေ ခပ်စိပ်စိပ်လေးစိုးမိုးလာခဲ့သည်။ အတန်းထဲတွင်ထိပ်ဆုံးကရပ်တည်နိုင်ခဲ့သောပညာ
ရေးကတဖြည်းဖြည်းဆုတ်နစ်လာသည်ကိုတော့ အချစ်ကြောင့်ဟု ခေါင်းစဉ်မတပ်ချင်မိပေ။ အချစ်ကြောင့်
ရူးသွပ်နေကြသူများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်နေသည်ကိုပင် မြသွေး လိုလိုလားလားလက်ခံ
တတ်ခဲ့ပြီဖြစ်သည်။


(၃)


ဒီနေ့လည်း မြသွေး အတန်းလစ်ခဲ့ပြန်သည်။ သူငယ်ချင်းတွေကိုတော့ နေမကောင်းချင်၍ဟုသာ ဆင်ခြေ
ပေးခဲ့ရသည်။ သို့သော် သူငယ်ချင်းတွေက ယုံကြည်ဟန်တော့မပြ။ မြသွေး ခြေလှမ်းပျက်နေသည်ကို ရိပ်မိ
ချင်သလိုလို ဖြစ်နေကြပြီထင်သည်။ သူ ခရီးသွားရာက ပြန်ရောက်လာခဲ့ပြီ။ သူနှင့်မတွေ့ဖြစ်သည့်နေ့ရက်
များတွင် မြသွေး ပြင်းပြစွာ သတိရတမ်းတနေမိခဲ့ကြောင်း သူ့ကိုပြောပြချင်သည်။ သူ့ရင်ခွင်နွေးနွေးထဲတွင်
ခိုဝင်အလွမ်းဖြေချင်သည်။


သူနှင့်မြသွေး ပန်းခြံထဲတွင် လက်ချင်းချိတ်ကာ တွဲလျှောက်လာခဲ့သည်။ တစ်ချို့သော စုံတွဲများ၏ မဖွယ်
မရာ ပြုမှုကိုမြင်ရတော့ မြသွေး မျက်နှာပင်လွှဲလိုက်မိ၏။ ရဲတင်းလှချည်ရဲ့ဟုတွေးမိသလို စိတ်ထဲမှလည်
း ကဲ့ရဲ့ရှုံ့ချသွားမိသည်။ ဤသို့သောနေရာများက မြသွေးနှင့် စိမ်းသက်လှပါသည်။ သူနှင့် ပန်းခြံသို့ရောက်
လာခဲ့သည်မှာလည်း ပထမဆုံးအကြိမ်ဖြစ် သည်။ နေရာတိုင်းတွင် စုံတွဲများရှိနေခဲ့သည်။ အေးဆေးစွာ
စကားပြောခြင်းထက် အမြင်ရိုင်းသောအပြုအမူမျိုးကိုမြင်ရသည့် အတွက် မြသွေး ပန်းခြံထဲမှပင်ထွက်ပြေး
ချင်စိတ်ပေါက်လာခဲ့သည်။


သစ်ပင်ကြီးတစ်ပင်အောက်ရှိ ခုံတန်းလေးပေါ်တွင် သူနှင့်မြသွေး ဝင်ထိုင်လိုက်သည်။ သူက ခရီးသွားသည့်
အချိန်တွင် မြသွေးကို ဘယ်လောက်သတိရကြောင်းပြောနေခဲ့သည်။ သို့သော် မြသွေးသည် သူ့စကားတို့ကို
 နားထဲတွင် မကြားတစ်ချက် ကြားတစ်ချက်ဖြစ်နေခဲ့၏။ မြသွေးတို့ကို ဘယ်သူတွေက ဘယ်လိုထင်သွားကြ
မလဲဟု စိုးရိမ်စွာတွေးမိတော့ သူနှင့်ခပ်ခွာခွာလေးထိုင်မိခဲ့၏။ သို့သော် သူက မြသွေး အနားသို့တိုးလာကာ
လှမ်းပြော၏။


“ မြသွေးကို အရမ်းလွမ်းတာပဲကွာ၊ မြသွေးနဲ့ နီးချင်လှပြီ ” 


လှိုက်မောတုန်ရီနေသည့်စကားသံအဆုံး သူ့လက်တွေက မြသွေး ပခုံးပေါ်ခပ်ဖွဖွလေးရောက်လာခဲ့သည်။
 ပြီးနောက် တင်းကြပ်သောချည်နှောင်မှုမျိုးဖြင့် သူ ပွေ့ဖက်လာခဲ့သည်။ သူ့မျက်နှာသည် တဖြည်းဖြည်းနှင်
့ မြသွေး မျက်နှာဆီသို့ပူးကပ် လာခဲ့သည်။ မြသွေး ခေါင်းထဲတွင် အချက်ပေးသံတို့ဆူညံစွာ မြည်ဟည်း
လာခဲ့သည်။ မျက်လုံးထဲတွင်လည်း တခြားသော စုံတွဲများကိုမြင်ယောင်မိရင်း ရှက်စိတ်တို့တရိပ်ရိပ်တက်
လာခဲ့သည်။


“ ကို .. မြသွေးတို့စကားပြောကြရအောင်နော် ” 


နီးကပ်လာသည့်သူ့မျက်နှာကိုရှောင်ရှားလိုက်ရင်း မြသွေး စကားစလိုက်မိသည်။ မြသွေး စိတ်ထင်၍လား
 မပြောတတ်ပေ။ သူ့မျက်နှာပျက်သွားသလိုထင်လိုက်ရသည်။ သူမျက်နှာမကောင်းတော့လည်း မြသွေး
လှုပ်လှုပ် ရှားရှားဖြစ်သွားရပြန်သည်။


“ ပြောလေ မြသွေး၊ ကိုယ်ကတော့ မြသွေးကိုပဲတစိမ့်စိမ့်ထိုင်ကြည့်နေချင်တယ် ” 


သူက မြသွေးလက်လေးကိုကိုင်၍ လှမ်းပြော၏။ ဒီတစ်ခါတော့ မြသွေး မရုန်းမိတော့ပါ။ လက်ကလေး
ကိုင်ရုံ လောက်တော့ မြသွေး ခွင့်ပြုနိုင်ပါသည်။ သို့သော် သူသည် လက်ကိုင်ရုံမျှဖြင့် ရောင့်ရဲကျေနပ်
မသွားခဲ့ပေ။ မြသွေးကို သူ့ရင်ခွင်ထဲဆွဲပွေ့ခဲ့ပြန်သည်။ မြသွေး ရုန်းလိုက်မိသော်လည်း သူက တင်းကြပ်
စွာပွေ့ဖက်ထားဆဲပင်။ ရှက်ရွံ့စိတ်သည် မြသွေးတစ်ကိုယ်လုံးသို့ စီးဝင်ပျံ့နှံ့လာခဲ့သည်။


“ အဲလိုမလုပ်ပါနဲ့ ကို၊ မြသွေးကိုလွှတ်ပါ ” 


သူ့ရင်ခွင်ထဲကနေ မြသွေး အတင်းရုန်းထွက်လိုက်မိသည်။ မြသွေး မျက်နှာပေါ်တွင် ရှက်စိတ်ကြောင့်
နီမြန်းနေခဲ့ သလို သူ့မျက်နှာပေါ်တွင်လည်း အလိုမကျရိပ်တို့ယှက်သန်းလာခဲ့သည်။ မြသွေးက မြန်မာ
မိန်းကလေးမို့ ထိန်းသိန်းရမည့် သိက္ခာကိုနားလည်တတ်ဖိုးထား၏။ သူ့ကို မြသွေး အရမ်းချစ်ရပါသည်။
သို့သော် အချစ်နှင့် ဘ၀အကြား ကွဲပြားမှုမရှိစေရန်  မြသွေး ဂရုစိုက်ဆင်ခြင်ရပေမည်။


“ ကို .. မြသွေးတို့ပြန်ကြရအောင်နော် ” 


မြသွေး စကားအဆုံး သူ့မျက်နှာပျက်သွားခဲ့သည်။ သူမျက်နှာပျက်သွားလျှင် မြသွေး စိတ်မကောင်းဖြစ်ရ
ပါသည်။ ၀မ်းလည်းနည်းရသည်။ ဒီတစ်ခါ သူနှင့် မြသွေးတို့ ပထမဆုံး သဘောထားကွဲလွဲခဲ့ခြင်းဖြစ်သည်။
သူက မြသွေးကို စိတ်ဆိုး နေဟန်တူသည်။ စကားလည်းကောင်းကောင်းမပြောတော့ပေ။ ထိုနေ့က သူနှင့်
တွေ့ဆုံခြင်းက မြသွေးအတွက် မွန်းကြပ်မှု တစ်ချို့အစားဝင်ရောက်ခဲ့ရလေသည်။


(၄)


ခေါင်းကိုအသေခါရမ်းကာ လက်မခံသည့် မြသွေးကို သူငယ်ချင်းတွေကစိတ်ပျက်သလိုကြည့်၏။ မြသွေး
လုံးဝ လက်မခံနိုင်သည့်ကိစ္စတစ်ခုကို လွယ်လင့်တကူခေါင်းမညိတ်ချင်ပါ။ သူက သူငယ်ချင်းတွေထင်
သလို လူစားမျိုး မဖြစ်နိုင် ပါဟု မြသွေး လုံးဝတစ်ထစ်ချယုံကြည်၏။


“ နင့်ကို မယုံလည်းနေပေါ့လို့ ဖြစ်သလိုမထားခဲ့နိုင်တာ ငါတို့က နင့်ရဲ့သူငယ်ချင်းဖြစ်နေလို့ပဲ မြသွေး၊
သူငယ်ချင်း ဆိုတာ လိုရင်လာ မလိုရင်သွားဆိုတဲ့လူစားမျိုးမဟုတ်ဘူး၊ နင်လည်း ဦးနှောက်ရှိတဲ့
လူသားတစ်ယောက်ပဲ၊ စဉ်းစားပေါ့ ” 


မယုံဘူးဆိုပြီးခေါင်းခါနေသည့် မြသွေးရင်ထဲဘယ်လောက်ဗြောင်းဆန်နေပြီလဲဆိုတာ မြသွေး အသိဆုံး။
မယုံနိုင်ခြင်းထက် မယုံရဲခြင်းက ပို၍အလေးသာနေ၏။ အခုတလော သူနှင့်မတွေ့ရသည်မှာ ဆယ်ရက်
လောက်ရှိခဲ့ပြီ။ မြသွေးနှင့် ပန်းခြံတွင် ဆုံခဲ့ပြီးသည့်နောက်ပိုင်း သူက မြသွေးကို ရှောင်နေခဲ့၏။ သူ့စိတ်ထဲ
တွင် မြသွေးကို မည်သို့ သဘောထားသည်မသိ။ သူ့အလိုကိုမလိုက်ခြင်းအတွက် မြသွေးကို စိတ်ခုနေခြင်း
လည်းဖြစ်နိုင်၏။ သို့သော် မြသွေးကတော့ သူ့ကိုချစ်နေမိဆဲဖြစ်သည်။ သူ့အကြောင်းတွေ ပြောလာခဲ့
သည့်တိုင် မြသွေး သူ့အတွက် ကာကွယ်ပေးမိနေ ဆဲဖြစ်သည်။


“ ကိုကအဲဒီလိုလူစားမျိုးမဟုတ်ဘူး နှင်း၊ ကိုက ငါ့ကိုအရမ်းချစ်တာ ” 


“ နင်ရူးနေပြီ မြသွေး၊ နင် အဲဒီလိုမိုက်တွင်းနက်လိုက်ရင် ဆုံးရှုံးရမှာက နင့်ဘဝတစ်ခုတည်းမဟုတ်ဘူး ” 


မြသွေး ရူးနေပြီတဲ့။ တကယ်လည်း မြသွေး ရူးသွားချင်ခဲ့သည်။ အချစ်ကလွဲပြီး ဘာတစ်ခုမှမမြင်နိုင်အောင်
 မြသွေး ရူးသွပ်နေခဲ့ပြီ။ မျက်ကန်းတစ္ဆေမကြောက်ဆိုတဲ့စကားအတိုင်း မြသွေး မျက်လုံးအစုံကန်းသွားခဲ့
လျှင် အကောင်း သား။ ပိုးဖလံလို မီးကိုတိုးဖို့အသင့်ရှိနေခဲ့သည့် မြသွေးကိုကြည့်ပြီး သူငယ်ချင်းတွေက
မချင့်မရဲ့အံကြိတ်၏။


“ နင် အဲဒီလိုလုပ်နေလို့မဖြစ်ဘူးနော် မြသွေး၊ နင် တစ်ခုခုဆုံးဖြတ်ရမှာ ” 


“ ငါ မယုံဘူးလို့ပြောပြီးပြီပဲ နှင်း၊ ကိုကအဲဒီလိုလူစားမျိုးလည်းမဟုတ်ဘူး၊ ကိုက ငါ့အပေါ် ဒီလိုလုပ်
ရက်မှာ မဟုတ်ဘူး ” 


ဟွန်းခနဲမဲ့ကျသွားသည့်သူငယ်ချင်းတွေ၏မျက်နှာက သရော်လိုသည့်အမူအရာမဟုတ်မှန်းသိ၏။
တစ်ခုခု ကိုပိုင်နိုင်စွာသိထားသည့်အတွက် သနားသလိုမျိုး။


“ နင် ဆက်ပြီးတွေဝေမနေနဲ့တော့ မြသွေး၊ နင် ယုံအောင်ငါတို့ သက်သေပြမယ်၊ နင် ကိုယ်တိုင်
လက်တွေ့မြင်ပြီး လို့မှတားမရရင်တော့ နင့်လောက်မိုက်ပြီး ရူးတဲ့သူ ကမ္ဘာမှာရှိတော့မှာမဟုတ်ဘူး ”


နှင်းက မြသွေးလက်ကိုအတင်းဆွဲခေါ်၏။ ဒီတစ်ခါတော့ မြသွေး ငြိမ်သက်စွာပင်လိုက်လာခဲ့၏။
တက္ကစီပေါ် တက်လိုက်သည်အထိ မြသွေး စိတ်တွေကဆောက်တည်ရာမရပျံ့လွင့်နေဆဲဖြစ်၏။
မြသွေး မျက်လုံးအစုံကိုပိတ်ကာ အတွေးပေါင်းစုံ နယ်ချဲ့ရင်းပါလာခဲ့၏။ ကားက တသိမ့်သိမ့်ထိုး
ရပ်သွားသည့်တိုင်အောင် မြသွေး မျက်လုံးမဖွင့်မိသေးပေ။


“ နင်ကြည့်လိုက် မြသွေး ” 


နှင်း၏အသံက သေချာပိုင်နိုင်လွန်းသည့်အသံမျိုး။ မြသွေး မျက်လုံးကိုဖွင့်ကြည့်လိုက်၏။ မြသွေး
သာ မရူးသေး ဘူးဆိုလျှင် ထိုမြင်ကွင်းကအမှန်တရားတစ်ခုမှန်းလက်ခံနိုင်၏။ အခုတော့ ထို
အမှန်တရားကိုလက်မခံချင်လောက်အောင် မြသွေး ရူးသွပ်သွားချင်မိ၏။ သို့သော် အမှန်တရား
တစ်ခုကို မြသွေး ရင်ဆိုင်လက်ခံလိုက်ရလေသည်။


 “ နင် မြင်ပြီနော် မြသွေး၊ အမြဲခရီးသွားနေတတ်တဲ့ နင့်ချစ်သူက သူ့သားသူမိန်းမနဲ့ပျော်နေတဲ့
အချိန်မှာ နင် ခံစားနေခဲ့ရတာတန်သလား ” 


“ တော်ပါတော့ နှင်းရယ်၊ ဒီကနေဝေးရာကိုထွက်သွားပါရစေတော့ ” 


ကားလေးက တရွေ့ရွေ့နှင့်ပြန်လည်ထွက်ခွာလာသည်အထိ ထိုမြင်ကွင်းကသူမအာရုံထဲကပ်ငြိပါလာ
ခဲ့၏။ သူသည် မြသွေးကို ပိရိသေသပ်စွာပင် လှလှပပလှည့်စားခဲ့သည်။ ပြီးတော့ သူက မြသွေးကို
 အထင်သေးရက်ခဲ့သည်။ မြသွေးကို ကြည့်ပြီး လိုက်လျှင်ရနိုင်သည်ဟု သတ်မှတ်ခဲ့သည်ထင်၏။
သူထင်ခဲ့သလိုလည်း မြသွေး ခဏလေးနှင့် သူ့ကိုတိမ်းညွတ်မိခဲ့ သည်ကိုးလေ။ အတိတ်နေ့ရက်ကို
ပြန်တွေးမိတိုင်း ရှက်ရွံ့ခြင်းကတားဆီးမရလှိမ့်ဝင်လာခဲ့ရသည်။


အိမ်ထောင်ရှင်တစ်ယောက်နှင့်ချစ်မိခဲ့ပါသည့် အဖြစ်ကို ပြန်တွေးမိတိုင်း မြသွေး လိပ်ပြာလန့်မိ၏။
နှလုံးသားကို ဦးစားပေးပြီး ချစ်၍ချစ်ခဲ့သည့် မြသွေး အတွက် ရရှိခဲ့သည့်ဒဏ်ကြေးကများလွန်း
သည်ဟုမထင်မိတော့ပါ။ ပွင့်လင်းလွန်း ခဲ့သည့် မြသွေး၏ အပြစ်လည်းပါခဲ့၏။ ဒီနေ့တော့ မြသွေး
၏မိုက်မဲမှုအတွက် အားရအောင်ငိုလိုက်ဦးမည်။ နောက်ဆို ထိုအတွက် မြသွေး ဘယ်တော့မှငိုမည်
မဟုတ်တော့ပါ။ သူနှင့်တွေ့ခဲ့သည့်အတိတ်နေ့ရက်များသည် မြသွေးအတွက်တစ္ဆေခြောက်သည့်
နေ့ရက်များဖြစ်၏။ နောက်ထပ် တစ္ဆေခြောက်မခံရအောင်သာ မြသွေး သတိထားရပါမည်။


                                                                 ခင်မင်လေးစားစွာဖြင့်

Twitter Delicious Facebook Digg Stumbleupon Favorites More