Unordered List

Thursday, July 18, 2013

သုညလွင်ပြင်

 
 
 (၁)


အကျင့်ရနေပြီဖြစ်တဲ့မျက်လုံးအစုံက မနက်လေးနာရီထိုးတာနဲ့ နိုးနေပြီ။ ဒါပေမဲ့ အိပ်ယာကမထသေးပဲ
ငတိုး မှေးနေ မိတယ်။ အဲဒီမှာ ငတိုး အာရုံထဲပေါ်လာတာက အဖေနဲ့ အမေရဲ့ပုံရိပ်။ အဖေနဲ့အမေကို
ငတိုးတွေ့ချင်လိုက်တာ။ ငတိုးက အဖေနဲ့များတူနေမလား။ အမေနဲ့များ ဆင်နေမလား။ ငတိုး အကြိမ်
ကြိမ်တွေးမိပါရဲ့။ ကပ္ပိယကြီးအဘအိမ်ကတော့ ပြော သေးတယ်။ ငတိုးက လူချောလေးတဲ့။ ငတိုးပျော်
လိုက်တာ။ အဖေနဲ့အမေလည်း အရမ်းချောမှာပဲလို့ ငတိုး တွေးမိသေးတယ်။


အခုဆို ငတိုး အသက်ဆယ်နှစ်ရှိပြီ။ အဖေနဲ့အမေကို တစ်ခါမှမမြင်ဖူးသေးဘူး။ ငတိုး သူငယ်ချင်းတွေမှာ
 အဖေရော အမေရောရှိတယ်။ အဖေမရှိရင်တောင်မှ အမေရှိကြတယ်။ အမေမရှိရင်လည်း အဖေတော့ရှိ
သေးတယ်။ ငတိုးမှာတော့ ရှိဘူးနော်။ အဘအိမ်ကိုမေးတော့လည်း အလကားပဲ။ ငတိုးကိုကြည့်ပြီး စိတ်
မကောင်းသလို ဟိုဘက်လှည့်နေတတ်တယ်။ ပြီးတော့ ပြောသေးတယ်။ “မသိချင်ပါနဲ့ ငတိုးရယ်” တဲ့။
ဘယ်လိုပဲပြောပြော သိချင်တာကတော့ သိချင်တာပဲပေါ့။ ဘာဖြစ်လို့ ငတိုး တစ်ယောက်တည်း အဖေနဲ့
အမေ ပျောက်နေရတာလဲ။ ငတိုးလည်း သူများတွေလို အဖေနဲ့အမေလိုချင်တာပေါ့။ ငတိုး နေ့တိုင်း
 ဖျာကြမ်းလေးခင်းပြီး တစ်ယောက်တည်းအိပ်ရတာ။ ဒီတော့ ငတိုး အဖေနဲ့အမေကိုဖက်ပြီးအိပ်ချင်တာ
ပေါ့။


“ ဟေ့ ငတိုး ထတော့လေ၊ ဆွမ်းခံထွက်ရတော့မှာ ”


အဘအိမ်ရဲ့အသံကြားတော့ ငတိုး အတွေးတွေလွင့်ပျောက်သွားတယ်။ အိပ်ယာကမြန်မြန်ထလိုက်တယ်။
 ပြီးတော့ ကျောင်းနောက်ကရေတွင်းဆီလျှောက်လာခဲ့တယ်။ စဥ့်အိုးထဲမှာရှိနေတဲ့ရေနဲ့သွားတိုက် မျက်နှာ
သစ်ပြီး ကျောင်းပေါ်ပြန်တက်လာခဲ့တယ်။ ကျောင်းပေါ်ရောက်တော့ ငါးနာရီထိုးနေပြီ။ ဒီတော့ ကြေးစည်
ကိုယူပြီး ဆွမ်းခံထွက်ဖို့ပြင်ရတယ်။ ဆွမ်းခံထွက်မှာက ဘုန်းကြီးနှစ်ပါး၊ ကိုရင်သုံးပါးနဲ့ငတိုးတို့လိုဘုန်းကြီး
ကျောင်းသားကနှစ်ယောက်။ မနက်ငါးနာရီထိုးတိုင်း အာရုံစာ ဆွမ်းခံဆင်းနေကျ။


“ ဆွမ်းတော်ဗျို့.. ”


ကျောင်းကစထွက်ပြီဆိုတာနဲ့ ငတိုးရဲ့အသံလေးက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတယ်။ ကြေး
စည်လေး တီးလိုက် ဆွမ်းတော်ဗျို့လို့အော်လိုက်နဲ့ ငတိုး တော်တော်လေးအရသာတွေ့နေတယ်။ ရွာဓ
လေ့အတိုင်း အိမ်စေ့လိုလို ဆွမ်း ထလောင်းကြတာမို့ သပိတ်တွေထဲမှာ ဆွမ်းတွေအမို့အမောက်ပဲ။
ငတိုးတို့ရွာမှာ ဘုန်းကြီးကျောင်းဆိုလို့ ရွာဦးကျောင်း တစ်ကျောင်းပဲရှိတာ။ ဒါကြောင့် ရွာရဲ့အရေးကိစ္စ
မှန်သမျှ ဆရာတော်ကိုအားကိုးကြတယ်။ ကျောင်းကိုပြန်ရောက်တော့ ခြောက်နာရီထိုးပြီ။ ရလာတဲ့
ဆွမ်းတွေကို ဇလုံတစ်ခုထဲလောင်းထည့်တယ်။ ဘုန်းကြီး ကျောင်းဆိုပြီး အထင်တော့မသေးနဲ့။ ဟင်းမျိုးစုံ
ရှိတယ်။ ရွာထဲကလူတွေ အာရုံစာအတွက် ဟင်းတွေလာပို့ထားကြတာမှ အများကြီး။ ကိုရင်သာထွန်းတို့
အိမ်က ဝက်သားဟင်းလာပို့ထားတယ်။ အမယ်ဒေါင်းတို့အိမ်ကကျတော့ ခရမ်းသီးနှပ်လေးနဲ့ ငရုတ်သီး
ထောင်းကြော်။ ဦးကြံရင် အိမ်က ချိုချဉ်ကြော်နဲ့ ဘာလချောင်ကြော်ကတစ်ဘူး။ အရီးကျော့တို့အိမ်က
 ကြာဇံဟင်းချို နဲ့ မုန်ညင်းကြော်။ အာရုံစာ တောင်မှ စုံနေတာပဲ။


အဲဒီကမှ ဆရာတော်အတွက် ဆွမ်းပွဲသီးသန့်ပြင်ပေးရတယ်။ ဆွမ်းပွဲအတွက်က အဘအိမ်ပဲပြင်တာပါ။
ငတိုးတို့ ကျောင်းသားတွေကတော့ ခိုင်းတာလုပ်ပေးရုံပဲ။ အချိုပွဲအတွက် ပျားရည်ဆမ်းငှက်ပျောရှိတယ်။
 မနေ့က မြို့ကလာတဲ့ ဦးသာရင် လာလှူထားတဲ့ ကိတ်မုန့်ဆိုလား။ အဲဒါလည်းရှိတယ်။ ငတိုးဖြင့် မစားဖူး
ပါဘူး။ ဆရာတော်ဘုရား ဆွမ်းဘုန်းပြီးမှ ငတိုး တဝကြီးစားရဦးမယ်။


ငတိုးတို့ကျောင်းသားဘဝက ပျော်စရာတော့အကောင်းသား။ စားချိန်တန်စား၊ အိပ်ချိန်တန်အိပ်။လုပ်စရာ
ရှိတာလုပ်။ ပြီးတော့ ငတိုးကျောင်းလည်းတက်ရသေးတယ်။ဆရာတော်ဘုရားကထားပေးတာလေ။ ရွာမှာ
ကျောင်းတစ်ကျောင်းပဲရှိတာ။ရွာဦးကျောင်းမှာငတိုးအပါအဝင်ဘုန်းကြီးကျောင်းသားဆယ်ယောက်တောင်
ရှိတယ်။ ဆယ်ယောက်စလုံး ကျောင်းတက်ရတယ်။ ငတိုးဆိုရင်လေးတန်းကြီးများတောင်ရောက်ရောပေါ့။
 အတန်းထဲမှာ ငတိုး အမြဲပထမရတယ်။ ငတိုးကို ဆရာမတွေ လည်း ချစ်ကြတယ်။ အဖေနဲ့အမေသာရှိရင်
ငတိုးကိုအရမ်းချစ်မှာ။ ငတိုးကလိမ္မာတာကိုး။ တစ်ခါတစ်လေများ ဆွမ်းစားဆောင်အောက်ကခွေးကလေး
တွေကိုကြည့်ပြီး ငတိုး ဝမ်းနည်းမိတယ်။ ခွေးကလေးတွေမှာတောင် သူ့အမေခွေးမကြီး ရှိသေးတယ်။
ငတိုးမှာတော့ မရှိဘူးနော်။


ခွေးကလေးတွေ တဝုတ်ဝုတ်နဲ့ အော်နေကြတယ်။ သူတို့ အမေလို့ခေါ်နေကြဖြစ်မှာပေါ့။ ဒီတော့ ငတိုး
လည်း ပါးစပ် ကလေးလှုပ်ပြီး အဖေနဲ့အမေလို့ခေါ်မိတယ်။ ငတိုး အသံကိုကြားရင် အဖေနဲ့အမေ ငတိုး
ကိုလာခေါ်မှာလို့ထင်မိတယ်။ ဒါကြောင့် ငတိုး အမြဲခေါ်နေခဲ့တာ။ ဒါပေမဲ့ အခုချိန်အထိ အဖေနဲ့အမေ
ရောက်မလာသေးဘူး။ တစ်နေ့နေ့တော့ ရောက်လာ မှာပါ။ ရောက်လာမှာလို့လည်း ငတိုး ထင်နေမိ
တယ်။


(၂)


“ ဟေး .. အရူးမကြီးဟေ့ ”


“ အရူးမကြီးကွ.. တစ်ကိုယ်လုံးလည်း ညစ်ပတ်နေတာပဲ ”


ကျောင်းသားတွေအားလုံးဝိုင်းအုံနေကြတော့ငတိုးလည်းတိုးဝင်ကြည့်လိုက်တယ်။အရူးမကြီးတစ်ယောက်
စာသင် ကျောင်းနားက သစ်ပင်အောက်မှာထိုင်နေတယ်။ အဝတ်တွေလည်း စုတ်ပြဲလို့။ တစ်ကိုယ်လုံး
လည်း ဖုန်တွေသဲတွေပေပြီး ညစ်ပတ်နေတယ်။


“ ဟေ့ .. အရူးမကြီး၊ ကပြပါဦး ”


ကျောင်းသားတစ်ယောက်ကအော်လိုက်တယ်။ ဒီတော့ အရူးမကြီးက မျက်စောင်းလှမ်းထိုးတယ်။ ကျောင်း
သားတွေ က အရူးမကြီးကိုကြည့်ပြီး ရယ်တဲ့သူကရယ်။ လက်ခုပ်တီးတဲ့သူက တီးနဲ့။ စည်နေတာပဲ။


“ ကပြပါဘူး၊ ဘာလို့ကပြရမှာလဲ၊ ငါ ဗိုက်ဆာနေတယ်၊ နင့်လက်ထဲကမုန့်ကျွေး ”


ကျောင်းသားရဲ့လက်ထဲမှာကိုင်ထားတဲ့မုန့်ထုပ်ကိုကြည့်ပြီး အရူးမကလှမ်းပြောတယ်။ ဒီတော့ ဝိုင်းကြည့်
နေကြတဲ့ ကျောင်းသားတွေ တဝါးဝါးနဲ့ရယ်ကြတယ်။ အရူးမကြီးက မုန့်ကိုကြည့်နေလိုက်တာ သွားရေ
တောင်ကျတယ်။ အရူးမကြီးကို ငတိုး သနားလိုက်တာ။ အရူးမကြီးက မုန့်စားချင်နေတာ။ စောစောက
သာသိရင် ငတိုး မုန့်မစားပဲ အရူးမကြီးကိုကျွေးပါတယ်။ အခုတော့ မုန့်ကကုန်သွားပြီ။


“ အရူးမကြီးကလည်တယ်ဟေ့၊ ကဲ ကပြနော်၊ ကပြရင် မုန့်ကျွေးမှာ ”


“ တကယ်နော်၊ တကယ်ကျွေးမှာနော် ”


“ တကယ်ကျွေးမှာ၊ ကဲ .. ကပြတော့ ”


မုန့်ကိုမြှောက်ပြပြီးပြောတော့အရူးမကြီးရဲ့မျက်လုံးတွေအရောင်တောက်လာတယ်။အရူးမကြီးကတကယ်
ဆာနေ လို့ထင်ပါရဲ့။ ကနေလိုက်တာများ ကွေးကောက်နေတာပဲ။


“ မေမေ့သားလေးအိပ်တော့ကွယ် မေကြီးဗိုက်ဆာတယ် .. မေမေ့သားလေးအိပ်ပါတော့ မေကြီးဆာလှ
ပေါ့ .. ဟေ့ ဗိုက်ဆာတယ် .. မုန့်စားရတော့မယ် .. တူနယ် တူနယ် .. ဗြောင်  ”


အရူးမကြီးက အဆီအငေါ်မတည့်တဲ့ သီချင်းတွေဆိုပြီး ကနေလိုက်တာ။လူကသာကနေပေမယ့်မျက်လုံး
အစုံက မုန့်ဆီရောက်နေတာအထင်းသား။ အရူးမကြီးကို ငတိုးသနားလိုက်တာ။တခြားကျောင်းသားတွေ
ကတော့ တဝါးဝါးနဲ့ရယ်ပြီးသဘောအကျကြီးကျနေလိုက်ကြတာ။ငတိုးကဖြင့် အရူးမကြီးကိုသနားပြီးရင်း
 သနားနေမိတယ်။


“ တော်ပြီ .. ငါဗိုက်ဆာတယ်၊ မုန့်ကျွေးတော့လေ ”


“ ရော့ .. စားလေ ”


အရူးမကြီးက ကတာကိုရပ်ပြီး မုန့်တောင်းတော့တယ်။ ဒီတော့ ကခိုင်းတဲ့ကျောင်းသားတွေက အကျင့်ပုတ်
တယ်။ မုန့်တွေကို မြေကြီးပေါ်ပစ်ချလိုက်တယ်။ အရူးမကြီးကတော့ မြေပေါ်ကျနေတဲ့မုန့်တွေကို အလု
အယက်ကောက်စားတော့ တယ်။ အနီးအနားကလူတွေကိုလည်း သူ့မုန့်လုစားမယ်ထင်ပြီး ရန်လုပ်နေ
တယ်။ ဒီမြင်ကွင်းကို ငတိုး မကြည့်ရက်တော့ဘူး။ ငတိုး ရင်ထဲမှာဝမ်းနည်းလွန်းနေတယ်။


“ အမေ မစားနဲ့ ”


အရူးမကြီးအနားကို ငတိုး ပြေးဝင်သွားပြီး မုန့်တွေကိုလုယူလိုက်မိတယ်။ ငတိုးအရမ်းခေါ်ချင်မိတဲ့စကား
တစ်ခွန်း ကိုလည်း ငတိုး လွှတ်ခနဲခေါ်မိသွားတယ်။ ငတိုး တစ်ခါမှဒီလိုမခေါ်ခဲ့ဖူးတာ။ ဒီလိုခေါ်လိုက်ရ
တော့ ငတိုး ရင်ထဲကိုနွေးသွားတာပဲ။


“ သွားစမ်း .. သွား .. ငါ့မုန့်တွေလာမလုနဲ့၊ သွား .. နင်မလာနဲ့ ”


အရူးမကြီးက ငတိုးကိုတွန်းထုတ်ပစ်တယ်။ ငတိုးကလည်း မရဘူး။  အရူးမကြီးဆီက မုန့်ကိုအတင်းပဲ
ဝင်လုတယ်။ အရူးမကြီးကတွန်းထုတ်လိုက်။ ငတိုးက ဝင်လုလိုက်နဲ့။ ရုန်းရင်းဆန်ခတ်ဖြစ်နေတော့
တယ်။ နောက်ဆုံး ငတိုး ဝမ်းနည်းစိတ် နဲ့ အော်ငိုလိုက်မိတယ်။


“ အမေစားချင်ရင် ငတိုးဝယ်ကျွေးမှာပေါ့၊ ညစ်ပတ်တဲ့မုန့်တွေမစားပါနဲ့အမေရယ်၊ ဟီး ဟီး ”


ငတိုး ဝမ်းနည်းလွန်းလို့ငိုချလိုက်မိတယ်။အရူးမကြီးက ငတိုးကိုကြည့်ပြီးငူငူငိုင်ငိုင်ဖြစ်သွားတယ်။ ပြီးတော့ 
အရူးမ ကြီးက ငတိုးရဲ့ခေါင်းကိုညင်ညင်သာသာပွတ်သပ်ပေးလာတယ်။ အဲဒီတော့မှ ငတိုး ပိုဝမ်းနည်း
လာတယ်။ အရူးမကြီးကို ဖက်ပြီး ငတိုး ငိုလိုက်မိတယ်။


“ နင် မငိုနဲ့တော့နော်၊ ငါ မကောက်စားတော့ပါဘူးဟဲ့၊ နင် ငိုနေရင် ငါလည်းငိုချင်တယ် ဟီး ..ဟီး  ”


အရူးမကြီးက ပြောပြီးငိုချတယ်။ အရူးမကြီးနဲ့ ငတိုး ဖက်ပြီးငိုနေမိကြတယ်။ အဘေးက ကျောင်းသားတွေ
ကတော့ ငတိုးတို့ကိုကြည့်ပြီး ဝိုင်းရယ်ကြတယ်။ ငတိုး ရှက်ရကောင်းမှန်းမသိဘူး။ အရူးမကြီးပျောက်သွား
မှာစိုးလို့ ငတိုး တင်းတင်း ကြပ်ကြပ်ပွေ့ဖက်ထားခဲ့တယ်။


“ နင် မငိုနဲ့တော့လေ၊ နင်ငိုရင် ငါလည်း ငိုမှာ ”


“ ဒါဆို ငတိုး မငိုတော့ဘူး၊ အမေလည်း မငိုနဲ့တော့နော် ”


အရူးမကြီးက ခေါင်းညိတ်ပြတယ်။ အရူးမကြီးရဲ့မျက်နှာကမျက်ရည်တွေကို ငတိုး သုတ်ပေးလိုက်တယ်။
ဒီတော့ အရူးမကြီးကလည်း ငတိုးမျက်နှာပေါ်ကမျက်ရည်တွေကိုပြန်သုတ်ပေးတယ်။ငတိုး အရမ်းကြည်
နူးသွားမိတယ်။ အရူးမကြီး ရဲ့ လက်ကိုဆွဲပြီး ငတိုးခေါ်လာခဲ့တယ်။အရူးမကြီးက ပျော်ရွှင်နေတဲ့ဟန်နဲ့
ခုန်ပေါက်နေတယ်။ ငတိုးရင်ထဲမှာလည်း ဘုရားပွဲလှည့်သလို အရမ်းပျော်ရွှင်နေမိတယ်။ ငတိုးဘဝမှာ
အမေတစ်ယောက်ရှိလာခဲ့ပြီလေ။


(၃)


“ အဘအိမ်ရေ .. ငတိုးမှာ အမေရှိပြီ၊ အမေ့ကို ငတိုး ခေါ်လာခဲ့တယ် ”


“ ဟေ ”


ကွပ်ပျစ်ပေါ်မှာထိုင်နေတဲ့ အဘအိမ်ကတအံ့တသြနဲ့ ငတိုးတို့ကိုကြည့်တယ်။ငတိုးက အမေ့ကို လက်ညှိုး
ထိုးပြ တော့ အဘအိမ်ရဲ့မျက်လုံးအစုံက မြင့်တက်သွားတယ်။ ဟေခနဲ အံ့သြသွားတာလည်း အထင်း
သား။ ပြီးတော့ ငတိုးကို တစ်လှည့် အမေ့ကိုတစ်လှည့်ကြည့်နေတယ်။


“ ဟဲ့ ငတိုး၊ မင်းနှယ်ကွာ.. ဘယ်ကအရူးမကိုခေါ်လာတာလဲဟ ”


“ အရူးမ မဟုတ်ပါဘူး အဘအိမ်ရဲ့၊ ငတိုးရဲ့အမေပါ ”


အမေ့ကို အရူးမလို့ပြောတာတော့ ငတိုး မခံချင်ပါဘူး။ ဘယ်သူတွေ ဘာပြောပြော အမေ့ကို ငတိုးချစ်
တယ်။ ငတိုး အမေတစ်ယောက်လိုချင်ခဲ့တာ ကြာလှပေါ့။ အခုတော့ ငတိုးမှာ အမေတစ်ယောက်ရှိလာ
ခဲ့ပြီ။


“ မဖြစ်ပါဘူး ငတိုးရယ်၊ ဘုန်းကြီးကျောင်းနဲ့ မိန်းမ မအပ်စပ်ဘူးကွဲ့၊ ပြန်သွားပို့လိုက်ပါနော်၊ ငတိုးက
 လိမ္မာပါတယ် ”


ဘကြီးအိမ်ရဲ့စကားကြားတော့ ငတိုး အကြိမ်ကြိမ်ခေါင်းခါလိုက်မိတယ်။ အမေ့ကို ပြန်ပို့ရမယ်တဲ့။ မပို့နိုင်
ပါဘူး။ အခုမှ ငတိုးမှာ အမေတစ်ယောက်ရတာ။ ငတိုး အမေတစ်ယောက်လိုချင်ခဲ့တာ ဘယ်လောက်ကြာ
ပြီလဲ။ ဒါနဲ့များ အမေ့ကို ပြန်ပို့ခိုင်းရက်တယ်။


“ အမေ့မှာနေစရာမှမရှိတာ၊ ငတိုးသာမခေါ်ထားရင် အမေ ဒုက္ခရောက်မှာပေါ့၊ နော် အဘအိမ်၊ အမေ့ကို
 ခြံထောင့်က ဇရပ်လေးမှာထားမှာပါ၊ ငတိုးမှာအမေရပြီဆိုတော့ အဘအိမ်က အဖေလုပ်ပေါ့ ”


“ ငတိုး .. မင်းနှယ်ကွာ .. ပြောစရာရှားလို့ ”


ငတိုးစကားကြားတော့ အဘအိမ် ရှက်ကိုးရှက်ကန်းဖြစ်သွားတယ်။ နောက်ဆုံးတော့လည်း သဘောတူ
လိုက်ရတာ ပါပဲ။ ဒါပေမဲ့ ဆရာတော့်ကို လျှောက်ထားဦးမှ။ ဆရာတော် သဘောမတူရင်တော့ တစ်မျိုး
စဉ်းစားရမှာပေါ့လေ။ အခုတော့ ပျော်နေရှာတဲ့ ငတိုးကိုကြည့်ပြီး အဘအိမ် မျက်ရည်ဝေ့နေမိတယ်။
 ငတိုးက အဘအိမ်လက်ထဲမှာ ကြီးလာတဲ့ကလေး။ လသားအရွယ်မှာ ကျောင်းရှေ့ရက်ရက်စက်စက်
စွန့်ပစ်ထားခံရတဲ့ ကလေး။ အမိ အဖက ဘယ်သူဘယ်ဝါဆိုတာလဲမသိရ။ အပူမရှာချင်လို့ ဘုန်းကြီး
ကျောင်းမှာနေလာခဲ့တာ လာရောက်တွယ်ငင်တဲ့သံယောဇဉ်တွေက ဖြတ်ရအခက်သားပါလား။  အင်း
ပုထုဇဉ်ဆိုတာကလည်း သံသရာဝဲဂယက်ထဲက ရုန်းထွက်ရခက်တဲ့အမျိုးမဟုတ်ပါလား။ ဒီတော့လည်း
 အဘအိမ် ဘာများတတ်နိုင်ပါဦးမလဲလေ။


(၄)


တစ်နေ့တစ်နေ့ အမေနဲ့နေရတာ ငတိုးပျော်လိုက်တာ။ ငတိုးနဲ့နေရတာ အမေလည်းပျော်နေပုံရတယ်။
အခုဆို အမေက အရင်လိုညစ်ညစ်ပတ်ပတ်မဟုတ်တော့ဘူး။ အမေ့ကို နေ့တိုင်းရေချိုးပေးတယ်။ သနပ်
ခါးလိမ်းပေးတယ်။ ရွာထဲက လာပေးထားတဲ့အဝတ်တွေနဲ့ အမေကအမြဲသန့်ရပ်နေတော့တယ်။ ဒီလိုဆို
တော့လည်း အမေက လှလိုက်တာ။ ငတိုး အမြဲ တမ်း အမေ့အနားမှာပဲနေမိတယ်။ ကျောင်းသွားရင်
တောင် အဘအိမ်ကိုအမြဲမှာထားခဲ့ရတယ်။ ကျောင်းတက်ချိန်နီးမှသွားတဲ့ ငတိုး ကျောင်းလွှတ်လွှတ်ချင်း
အပြေးပြန်ခဲ့တာလည်း နေ့တိုင်းပဲ။ ပြန်ရောက်လို့ အမေ့ကိုတွေ့လိုက်ရမှ ငတိုး စိတ်အေးရတာ။ အမေ့ကို
ငတိုး လုံးဝစိတ်မချဘူး။ ငတိုးအနားကနေ အမေထွက်သွားမှာကို အရမ်းကြောက်တာပဲ။


“ ဟဲ့ ငတိုး၊ ငါ့ကိုထမင်းကျွေးတော့လေ၊ ငါ ဗိုက်ဆာလှပြီ ”


အမေက နှုတ်ခမ်းလေးဆူပြီးပြောတယ်။ ဒီတော့ ငတိုး ချက်ချင်းပဲ ဆွမ်းစားဆောင်မှာ ထမင်းနဲ့ဟင်းသွား
ယူလာ ခဲ့တယ်။ အမေကို့ ဒီအတိုင်းမကျွေးဘူး။ ငတိုး ကိုယ်တိုင်ခွံ့ကျွေးတာ။ အမေကလည်း ငတိုးထမင်း
ခွံ့ကျွေးပြီဆိုရင် အရမ်းပျော်ပုံရတယ်။လက်ခုပ်လေးတောင်တီးလို့။ အမေက အရင်လိုညစ်ညစ်ပတ်ပတ်
လည်းမဟုတ်တော့ဘူး။ သန့်သန့်ရှင်းရှင်း နေတတ်နေပြီ။ အင်္ကျီလေးနည်းနည်းပေနေတာကိုတောင်
အမေကမဝတ်ချင်တော့ဘူး။ သနပ်ခါးကွက်လေးတင်ထားတဲ့ အမေ့ရဲ့ ပါးဖောင်းဖောင်းလေးကလည်း
ငတိုး မွှေးလို့ကိုမဝဘူး။ အမေက တခြားသူတွေကိုသာ မရချင်နေမယ်။ ငတိုးကိုဆို အရမ်းချစ်တာ။
ငတိုးကို အဘအိမ်ဆူရင်တောင် အမေက ပြန်ပြောပစ်တာ။ ဒါကြောင့် အဘအိမ်ကပြောတာပေါ့။ ဒီ
သားအမိ ကိုတော့ မျက်စိကိုနောက်ရောတဲ့။ အဲဒီအခါများဆို အမေက မျက်စောင်းကို ဒိန်းကနဲနေ
အောင်ထိုးလိုက်ရော။ အဘအိမ်ဆို အမေ့ကိုကြည့်ပြီး ကွမ်းစားလို့ညိုညစ်နေတဲ့သွားတွေပေါ်အောင်
ကိုရယ်လို့။


“ ဟဲ့ ငတိုး၊ လမ်းလျှောက်သွားရအောင်လေ ”


ထမင်းစားပြီးပြီဆိုတာနဲ့ အမေက တစ်မျိုးပူဆာတော့တယ်။ ဒီတော့ ငတိုးလည်း အမေနဲ့လမ်းလျှောက်
ထွက်ဖို့ ပြင်ရပြန်တယ်။ ငတိုးနဲ့ အမေက အမြဲလမ်းလျှောက်ထွက်နေကျ။ အမေ့လက်ကိုဆွဲပြီးသွားရတာ
ငတိုး အရမ်းပျော်မိတယ်။ အမေကလည်း တစ်လမ်းလုံး သိချင်တာတွေကိုမေးနေရော။ ဒါဆို ငတိုးက
လည်း သိသမျှကိုပြန်ရှင်းပြနဲ့။ အရမ်းကြည်နူးဖို့ ကောင်းတာပဲ။


“ ဟဲ့ ငတိုး၊ နင့်မှာတော့နာမည်ရှိတယ်၊ ငါ့မှာတော့ နာမည်မရှိဘူး ”


လမ်းလျှောက်နေရင်း အမေကနှုတ်ခမ်းဆူပြီးပြောတယ်။ ဟုတ်သားပဲ။ ငတိုးမှာနာမည်ရှိပြီး အမေ့မှာ
နာမည်မှ မရှိ တာ။ ဒီတော့ အမေ့ကိုနာမည်ပေးဖို့ ငတိုးစဉ်းစားရတယ်။ ဒေါ်တိုး ဆိုရင်ကောင်းမလား။
ငတိုးနာမည်လည်းပါတယ်လေ။ သားအမိဆိုတော့ နာမည်တူရင်ပိုကောင်းတာပေါ့။


“ ဒါဆို အမေ့နာမည်ကို ဒေါ်တိုးလို့ပေးမယ်၊ ငတိုးနာမည်လည်းပါတာပေါ့အမေရဲ့၊ အမေ့ နာမည်က
ဒေါ်တိုး နော် သေချာမှတ်ထား ”


 “ နင်က ငတိုး .. ငါက ဒေါ်တိုး၊ ဟေး ပျော်လိုက်တာ၊ ငါ့နာမည် ဒေါ်တိုး ”


အမေက ဝမ်းသာအားရနဲ့အော်ပြီးကတယ်။ ငတိုးက လက်ခုပ်တီးပေးတယ်။ ပျော်လိုက်တာ။ အမေပျော်
သလို ငတိုး လည်း ပျော်တယ်။ ငတိုး နဲ့ ဒေါ်တိုး။ ဘယ်လောက် ချစ်စရာကောင်းလိုက်တဲ့ သားအမိလဲ။
ငတိုးနဲ့ အမေ လက်ခုပ်လေးတီး ပြီး ရယ်နေတုန်းရှိသေးတယ်။ မိုးဖွဲလေးတွေက တစ်ပေါက်ပေါက်ကျလာ
တယ်။ ကောင်းကင်ကြီးကလည်း မည်းညို့လို့။


“ ဟဲ့ ငတိုး၊ ဟိုအပေါ်ကနေ ရေတွေကျလာတယ် ”


အမေက ခေါင်းလေးကိုလက်နဲ့ကာရင်း အပေါ်ကိုမော့ကြည့်ပြီးပြောတယ်။ အမေ့ကိုကြည့်ပြီး ငတိုးရယ်မိ
တယ်။ အမေ ဘာပဲလုပ်လုပ် ငတိုး မျက်လုံးထဲမှာ ချစ်စရာကောင်းနေတော့တယ်။


“ အဲဒါ မိုးရွာတာ အမေရဲ့၊ မိုးရေထဲမှာဆော့ရတာပျော်စရာကောင်းတယ် ”


“ ဟုတ်လား ငတိုး၊ ဒါဆို ငါတို့ ဆော့ကြရအောင် ”


အမေ့လက်ကိုဆွဲပြီး မိုးဖွဲလေးတွေကြားပြေးလွှားနေမိတယ်။ ငတိုး အရမ်းပျော်တာပဲ။ အမေကလည်း
ရယ်မောရင်း ငတိုးနဲ့အတူပြေးလို့။ မိုးဖွဲလေးတွေကလည်း အဖြည်းဖြည်းနဲ့ များလာတယ်။ ခဏနေတော့
မိုးက သည်းသည်းမည်းမည်း ရွာလာတော့တယ်။ နှစ်ယောက်စလုံး ရွှဲရွှဲစိုနေတာတောင် မချမ်းနိုင်ကြဘူး။
ငတိုးနဲ့ အမေက မိုးသည်းထဲမှာ ပြေးဆော့လို့ ကောင်းနေကြတုန်း။ အမေနဲ့အတူ မိုးရေကြားထဲမှာ ခုန်
ပေါက်ပြေးလွှားရင်း ငတိုး အပျော်ကြီးပျော်နေမိတော့တယ်။


(၅)


ဒီနေ့ကျောင်းကပြန်လာတာနဲ့ အမေ့ကိုမတွေ့ရဘူး။ ခါတိုင်းဆို အမေက ပြတင်းပေါက်ကနေ ငတိုးကို
မျှော်နေရှာ တာ။ ငတိုးလာတာမြင်ရင် အမေက ခုန်ပေါက်ကခုန်ရင်း ပြေးလွှားလာရော။ ငတိုးရဲ့လွယ်
အိတ်လေးကိုယူပြီး အမေက လွယ်ထားတတ်တာ။ ဒီိနေ့ အမေ့ကို မမြင်ရတော့ ငတိုးရင်ထဲ ဟာတာ
တာကိုဖြစ်လို့။ မိုးကလည်း မနက်ကတည်းက ရွာနေ တာ။ အမေက မိုးရွာထဲများလျှောက်သွားနေ
တာလား။ အမေ့ကို မမြင်ရတော့ ငတိုး စိတ်ပူမိတယ်။ ဒါကြောင့် အဘအိမ်နေတဲ့ ဇရပ်ဆီကို ငတိုး
လာခဲ့တယ်။ အဘအိမ်ကတော့ ထုံးစံအတိုင်း ကွမ်းလေးဝါးလို့။


“ အဘအိမ် .. အမေ့ကိုမတွေ့မိဘူးလားဗျ ”


“ ဟေ .. မတွေ့မိပါလား ငတိုးရ၊ ဇရပ်ပေါ်မှာမရှိဘူးလား ”


“ မရှိဘူး အဘအိမ်ရဲ့ ”


ငတိုး ခေါင်းခါပြလိုက်မိတယ်။အမေ့အတွက် ငတိုး စိုးရိမ်လှပြီ။ မိုးရွာထဲမှာ အမေ လျှောက်သွားလို့နေပြီ
လား။ငတိုး စိုးရိမ်တကြီးနဲ့ မိုးရွာထဲမှာပြေးလာခဲ့တယ်။အမေ့ကိုနေရာအနှံ့လိုက်ရှာတယ်။အမေ့ကိုမတွေ့
ရလေ ငတိုး ငိုချင်လာလေပဲ။မိုးကလည်း သည်းသည်းမည်းမည်းရွာနေဆဲပဲ။အမေ့အတွက် ငတိုးစိတ်ပူ
လှပြီ။ ဘုန်းကြီးကျောင်းထဲမှာ ဇရပ်တိုင်းကို လိုက်ကြည့်တယ်။ မတွေ့ရဘူး။ ဒီတော့ ရွာထဲမှာလိုက်ရှာ
ရပြန်တယ်။ တွေ့တဲ့သူကို အမေ့အကြောင်းမေးမိတယ်။ အမေ့ကို တွေ့တဲ့သူတောင်မရှိဘူး။ အားလုံး
ခေါင်းခါကြတာချည်းပဲ။ အမေ မသွားတတ်ပဲနဲ့ ဘယ်များလျှောက်သွားနေတာလဲမသိဘူး။ အမေများ
 လမ်းမှားပြီး မပြန်တတ်တာလား။ ငတိုး မိုးရွာထဲမှာ ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ အမေ့ကိုရှာမိတယ်။
မတွေ့ဘူး။ အမေ့ကို ငတိုး လုံးဝရှာမတွေ့ဘူး။ ငတိုးလည်း ချမ်းလို့တဆတ်ဆတ်တုန်နေပြီ။ နောက်ဆုံး
 မိုးရွာထဲမှာ ထိုင်ချပြီး ငတိုး ငိုချလိုက်မိတယ်။


“ ငတိုး .. လာ .. အဘအိမ်နဲ့လိုက်ခဲ့နော်၊ မိုးရွာထဲမှာအကြာကြီးဖြစ်နေပြီ၊ နေမကောင်းဖြစ်မယ် ”


အဘအိမ်က ထီးလေးမိုးပေးပြီး ငတိုး လက်ကိုဆွဲတယ်။ ငတိုး ခေါင်းခါလိုက်မိတယ်။ ငတိုး မပြန်ချင်ဘူး။
အမေ့ကို မ တွေ့ရပဲနဲ့ ငတိုး မပြန်နိုင်ဘူး။ ငတိုး အမေ့ကို ရှာရဦးမှာ။  ငတိုးကိုမတွေ့လို့ အမေ ငိုနေပြီလား
မသိဘူး။


“ အမေ့ကိုရှာရဦးမယ် အဘအိမ်ရဲ့၊ ငတိုး အမေ့ကို စိုးရိမ်လှပြီ ”


“ ရွာထဲကလူတွေကို အဘအိမ် လိုက်ရှာခိုင်းပါ့မယ် ငတိုးရယ်၊ ပြန်ကြရအောင်နော်၊ တော်ကြာ နေမ
ကောင်းဖြစ်ရင် အမေ့ကိုမတွေ့ရပဲနေဦးမယ် ”


ဒီတစ်ခါတော့ ငတိုး ခေါင်းညိတ်ပြလိုက်တယ်။ အဘအိမ်နဲ့အတူ ငတိုးပြန်လာခဲ့တယ်။ ရွာထဲကလူတွေ
လိုက်ရှာရင် အမေ့ကိုတွေ့မှာပါ။ အမေက ငတိုးကျောင်းသွားရင် လိုက်ချင်တယ်လို့ အမြဲပူဆာတာ။ အခု
ငတိုးကျောင်းသွားတော့ အမေ ငတိုးကိုလိုက်ရှာရင်း မပြန်တတ်တာနေမှာ။ ဇရပ်ကိုပြန်ရောက်တော့
ငတိုး ရေစိုနေတဲ့အဝတ်အစားတွေလဲပြီး အမေ့ သတင်း ကိုစောင့်နေမိတယ်။ ဇရပ်ပေါ်မှာတစ်ယောက်
တည်းနေရတာ ငတိုး ပျင်းလိုက်တာ။ ငတိုး အမေ့ကို လွမ်းလှပြီ။


မိုးရွာထဲမှာအကြာကြီးနေလို့ထင်တယ်။ငတိုး အရမ်းချမ်းလာတယ်။အချမ်းဒဏ်ကို ငတိုး မခံနိုင်တော့ဘူး။
 ဒါကြောင့် အိပ်ယာထဲမှာစောင်လေးခြုံပြီး ငတိုးကွေးနေမိတယ်။အရင်ကဆို အမေနဲ့ ငတိုး ဖက်ပြီးအိပ်နေ
ကျ။ အခုတော့ ငတိုး တစ်ယောက်တည်း။အမေမရှိတော့ ငတိုးပိုပြီးချမ်းလာသလိုပဲ။ငတိုး မျက်လုံးတွေ
တဖြည်းဖြည်းနဲ့လေးလံလာတယ်။ ငတိုးမျက်လုံးထဲမှာ အမေ့ကိုပဲမြင်နေမိတယ်။ ငတိုး အရမ်းချမ်းတာ
ပဲ။ ငတိုးကိုဖက်ထားပေးပါလား အမေရယ်။


“ ထင်တဲ့အတိုင်းပါပဲလား ငတိုးရာ၊ အဲဒါကြောင့် မိုးရေထဲအကြာကြီးမနေနဲ့လို့ပြောတာပေါ့၊ အခုတော့
ဖျားပြီမဟုတ်လား ”


အဘအိမ်ရဲ့အသံကိုငတိုးကြားလိုက်ရတယ်။ငတိုး အရမ်းချမ်းနေတယ်။အဘအိမ်က ငတိုးကို စောင်တွေ
ခြုံပေးနေ တယ်။ ငတိုး မျက်လုံးသာမဖွင့်နိုင်တာ။ ငတိုး အားလုံးကိုသိနေခဲ့တယ်။ အမေ ပြန်မလာသေး
ဘူးဆိုတာလည်း ငတိုး သိ တယ်။ ငတိုး တစ်ကိုယ်လုံးခြစ်ခြစ်တောက်ပူနေတာကိုလည်းသိတယ်။
 အဘအိမ်က ငတိုး ပါးစပ်ထဲကိုဘာထည့်လိုက်လဲ မသိဘူး။ ငတိုးလည်ချောင်းတစ်လျှောက်ခါးပြီး
ဝင်သွားတယ်။


“ အဘအိမ်ရေ .. ဗျို့အဘအိမ် .. ”


“ ရှိတယ်ဟေ့ .. လာပြီ လာပြီ ”


အော်သံကြောင့် အဘအိမ် ပြေးထွက်လာခဲ့တယ်။ ဇရပ်အောက်ကိုလည်းရောက်ရော မိုးရေတွေစိုနေတဲ့
သိန်းစိုးတို့ ကိုတွေ့ရတယ်။ သိန်းစိုးက အဘအိမ်ကိုကြည့်ပြီး လှမ်းပြောတယ်။


“ အရူးမကိုတွေ့ပြီ အဘအိမ် ”


အဘအိမ်လှိုက်ခနဲပျော်သွားရတယ်။ပြန်တွေ့ပြီတဲ့။ငတိုးသာသိရင်အရမ်းပျော်သွားမှာ။ဒါပေမဲ့ အဘအိမ်ရဲ့
 အပျော်တွေက သိန်းစိုးဆီက နောက်ထပ်ထွက်ကျလာတဲ့စကားသံအောက်မှာ ပျောက်ကွယ်သွားခဲ့ရ
တယ်။


“ ရွာနောက်က ချောင်းထဲမှာသေနေတာ အဘအိမ်ရဲ့၊ အဝတ်အစားတွေလည်းမရှိရှာတော့ဘူး၊ မိုးက
တအားရွာ နေတော့ ရေရှိန်ကလည်းကြမ်းတယ်လေ ”


စကားသံတွေက အဘအိမ်နားထဲမှာ ကျယ်လောင်စွာပေါက်ကွဲသွားတယ်။ အရူးမကြီးကိုသနားမိသလို
အမေကို တမ်းတနေရှာတဲ့ ငတိုးကိုလည်း သနားသွားမိတယ်။ ငတိုးမေးရင် အဘအိမ်ဘယ်လိုဖြေရမလဲ
လေ။ စိတ်မောစွာနဲ့ သက်ပြင်း ကိုပဲ အကြိမ်ကြိမ်ချနေမိခဲ့တယ်။


“ ဒီအကြောင်းကို ငတိုးမသိစေနဲ့၊ အလောင်းကိုကောင်းကောင်းမြုပ်ပေးလိုက် စိုးသိန်း၊ ငါ ခဏနေလာ
ခဲ့မယ် ”


အဘအိမ် လေးလံတဲ့ခြေလှမ်းတွေနဲ့ ဇရပ်ပေါ်ပြန်တက်လာခဲ့တယ်။ စောလေးခြုံထားတဲ့ငတိုးရဲ့နဖူးလေး
ကို အသာစမ်းလိုက်မိတယ်။ အပူတော့ မကျသေးဘူး။ဆေးတိုက်ထားတော့ သက်သာလာမှာပါ။ အဝတ်
ပိုင်းလေးကိုရေညှစ်ပြီး ငတိုးရဲ့ နဖူးပေါ်ကိုတင်ပေးလိုက်တယ်။


“ အဘအိမ် .. အမေပြန်ရောက်လာပြီတဲ့လားဟင် ”


ငတိုးဆီက အသံသဲ့သဲ့လေးထွက်လာတယ်။ အဘအိမ်ကြည့်လိုက်တော့ ငတိုးက ကယောင်ကတမ်းနဲ့
မေးနေရှာ တာ။ အဖျားကြီးပြီး သတိလစ်မတတ်ဖြစ်နေတာကိုတောင် အမေကိုတောင့်တာရှာတဲ့ကလေး။
ငတိုးသာ သတိရလာပြီး မေးလာခဲ့ရင် အဘအိမ် ဘယ်လိုဖြေရပါ့မလဲ။


“ အမေရေ .. အမေဘယ်မှာလဲဟင် ”


ငတိုးဆီက နောက်တစ်ခါ ကယောင်ကတမ်းနဲ့ထွက်လာတော့ အဘအိမ် မျက်ဝန်းထဲက မျက်ရည်စက်
တွေ လွင့်ကျ သွားခဲ့တယ်။ အမေဆိုတဲ့အရိပ်ကလေးနဲ့ ငတိုးရဲ့ဘဝ ခဏတာသာယာပြည့်စုံခဲ့ရရှာတာ။
အခုတော့ ငတိုးရဲ့ ဘဝလွင်ပြင်က အရင်တိုင်းသုညဖြစ်ကျန်ရစ်ခဲ့ပြီဆိုတာကို ဘယ်လိုခွန်အားမျိုးနဲ့
အဘအိမ်ပြောပြရပါ့မလဲလေ။




                                                                                ဇီဝကမဂ္ဂဇင်း
                                                                            သြဂုတ်လ ၊ ၂၀၁၃

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More