Unordered List

ဘ၀မုန်တိုင်းဒဏ်

အပျိုစင်မဂ္ဂဇင်အောက်တိုဘာလ၊ ၂၀၁၂.

အလွမ်းပွင့်ဝေတက္ကသိုလ်မြေ

မာနရဲ့နောက်ဆက်တွဲ ရလာဒ်က နာကျင်ကြေကွဲမှုတွေပဲဆိုတာ နောင်တတွေ တပွေ့တပိုက်နဲ့ ငါနားလည်ခဲ့ရပြီ မဟော်ရယ်.

ဥက္ကဌရွေးပွဲ

ရယ်စရာမဂ္ဂဇင်း၊ မေလ ၊ ၂၀၁၃.

အမှောင်မြစ်ရဲ့ဝဲဂယက်

တောသူတောင်သားတွေရဲ့ဦးနှောက်မှာ အသိပညာဗဟုသုတတွေ နေမင်းကြီးလိုမလင်းနိုင်ရင် တောင်မှ ကြယ်ကလေးတွေလောက်တော့လင်းနိုင် အောင် မိချော ကြိုးစားရမယ်.

အိပ်တန်းပြန်ငှက်ကလေးများ

အညွန့်တလူလူတက်နေသည့်ဘဝကလေးတွေ ဒီလိုအမှာင်မြစ်ရဲ့ဝဲဂယက်ထဲမှာ သားကောင်ဖြစ်ခဲ့ရတာ ဘယ်လောက်တောင်များရှိနေခဲ့ပြီလဲ.

Friday, August 2, 2013

ရွှေဘောင်ကွပ်တဲ့မာန


                                                             (၁)

အမယ်လေး ..လင်ယူရတာများ ဒုက္ခတယ်ကြီးပါလားနော်။ ဒါတောင်တစ်ယောက်တည်းယူထားမိလို့သာပဲ။ တစ်ဒါဇင်
လောက်သာယူမိလို့ကတော့ စိန်မိတို့အရိုးတောင်ကျန်မှာမဟုတ်တော့ဘူး။ အဲ..ပြောရင်းဆိုရင်းနဲ့ စကားတွေတောင်လွဲ
ကုန်ပြီ။ စိန်မိ ပြောချင်တာက လင်တစ်ဒါဇင်ယူတဲ့ကိစ္စမဟုတ်ဘူး။ စိန်မိ ဒေါသဖြစ်ရင် ဟိုဆွဲ ဒီဆွဲပြောတတ်လို့ လင်
တစ်ဒါဇင်ကိစ္စပါလာတာ။

ပြောရရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်ရဦးမယ်။ မပြောလို့လည်း မဖြစ်ပြန်။ ဒီတော့ သူ့အကြောင်း မပြော
မဖြစ်ကိုပြောရဦးမှာ။ သူဆိုတာက စိန်မိလင်ကြီး ကိုစိန်ကွပ်ပေါ့။ အဲ .. လင်ကြီးဆိုလို့ စိန်မိ လင်ငယ်ယူထားတယ် မထင်
နဲ့။ စိန်မိတို့က အဲဒီလောက်အထိ မျက်နှာမများဘူး။ တစ်ယောက်ဆို တစ်ယောက်ပဲ။

ကိုစိန်ကွပ်က နာမည်ကသာ တင်တင်စီးစီးနဲ့ စိန်ကွပ်တဲ့။ လူကတော့ စိန်နဲ့ကွပ်ဖို့မပြောနဲ့ ကျောက်ခဲနဲ့ကွပ်ဖို့တောင်
မတန်တဲ့လူ။ ကိုစိန်ကွပ်ရဲ့ အရည်အချင်းတွေကို ကြွားရရင်တော့ မနက်နေဖင်ထိုးတာတောင် အိပ်ယာကမထ။ နေလုံး
ကြီး ခေါင်းပေါ်ရောက်တော့လည်း အိပ်ယာကမနိုး။ စိန်မိရဲ့ ချိုမြမြအသံလေး အော်ကြီးဟစ်ကျယ်ထွက်လာမှ ထတော်မူ
တယ်။ အိပ်ယာကထတာနဲ့ ဘာလုပ်တယ်ထင်လဲ။ မြို့ဖို့ဆို့ဖို့လိုက်ရှာတယ်လေ .. ဟွန်း။ စိန်မိကို အကျင့်ဆိုး စရိုက်ကြမ်း
လို့ မထင် လိုက်နဲ့။ စိန်မိ အပျိုတုန်းက ဒီလိုမပြောတတ်ဘူး။ ကိုစိန်ကွပ်နဲ့ယူမိကာမှ အလိုလိုကိုတတ်လာတာ။

စားပြီးသောက်ပြီးလို့ ဗိုက်ဝတော်မူပြီဆိုတာနဲ့ ရွာရိုးကိုးပေါက်လျှောက်သွားပါရောလား။ ပိုက်ဆံသွားရှာသတဲ့လေ။
အကြောင်းပြချက်က ဟုတ်နေတာပဲ။ ဒါပေမယ့် ပြန်လာရင် ပိုက်ဆံပါလာတယ်မထင်နဲ့။ ထန်းရည်မူးပြီးပြန်လာတာတော်
ရေ။ ပြောတော့သာ ပိုက်ဆံသွားရှာတာတဲ့။ ပိုက်ဆံရှာတာများ ရွာရိုးကိုးပေါက် လျှောက်သွားနေရအောင် ဘယ်သူက
ပိုက်ဆံတွေ ကြဲပေးထားမှာမို့လို့လဲ။ ဦးဘလှအိမ်မှာ စားရင်းငှားဝင်လုပ်လဲရတာပဲ။ မပုတိုတို့အိမ်မှာ မြေဖို့ဖို့လူလိုနေတယ်
လည်း ကြားမိတာပဲ။ ဦးသာရင် အိမ်မှာ အိမ်သာကျင်းတူးတဲ့အလုပ်လည်း ဝင်လုပ်လို့ရတာပဲ။ ဘာပဲလုပ်လုပ် ပိုက်ဆံတော့
ရပြီးသားပဲ။ ဒင်းကိုက အကြောမတင်းတာ။

စိန်မိမှာတော့ မနက်မိုးလင်းကတည်းက ကလေးငါးယောက်ရဲ့ဝေယျာဝစ္စနဲ့ အိမ်ရဲ့ဗာဟီရအလုပ်မျိုးစုံလုပ်ရင်း နားချိန်ဆို
တာ ခပ်ရှားရှားရယ်။ မဟုတ်ရင်တော့လား ကိုစိန်ကွပ်နဲ့ နေရာချင်းလဲပစ်လိုက်ချင်တယ်။ စိန်မိအပျိုတုန်းကများ ပိုက်ဆံ
ရမယ့်သမာအာဇီဝအလုပ်ဆိုရင် ရှောင်တာမဟုတ်ဘူး။ ဝင်လုပ်လိုက်တာပဲ။ အပျိုအရွယ်ဆိုပြီး အချစ်ရေး အချစ်ရာတွေ
စဉ်းစားပေးမယ်မထင်နဲ့။ အသည်းနှလုံးတွေ အချစ်တွေဆိုတာ အစာအိမ်တစ်ခုလောက်မှ အရေးမကြီးတာ။

ကိုစိန်ကွပ်နဲ့ ညားဖို့အကြောင်းဖန်လာတာကတော့ စိန်မိရဲ့ မွေးသမိခင်ကျေးဇူးရှင်ကြီးကြောင့်။ မောင်စိန်ကွပ်လေးက
ရိုးသားတယ်။ လိမ္မာတယ်။ ဘာတယ် ညာတယ်နဲ့ နောက်ဆုံး ကိုစိန်ကွပ်နဲ့ စိန်မိ ညားပါလေရောပေါ့။ ကိုစိန်ကွပ်က
ရိုးတော့ရိုးပါရဲ့။ အားနာတတ်တာကလည်းလွန်ပါလေရောလား။ တစ်ခါတစ်လေများ စိန်မိကိုတောင် အားနာလို့ယူထား
သလားလို့တွေးမိတယ်။

အခုလည်း စိန်မိတို့ ထမင်းနပ်မှန်နေတာ ကိုစိန်ကွပ် ရှာကျွေးလို့မဟုတ်ဘူး။ အိမ်နောက်မှာစိုက်ထားတဲ့ ရာသီပေါ် ဟင်း
ရွက်စုံစိုက်ခင်းကြောင့်။ စိန်မိသာ အမြော်အမြင်ကြီးကြီးနဲ့ စိုက်ခင်းမတည်ထားဘူးဆိုရင် ခွက်ဆွဲပြီးတောင်းစားရမယ့်ပုံ
ပေါ်တယ်။  ကိုစိန်ကွပ်က ပိုက်ဆံရှာတဲ့နေရာမှာသာ သုံးစားလို့မရတာ။ မဟုတ်တဲ့နေရာမှာတော့ အတော်ကိုဟုတ်နေ
တာပဲ။ ကြာလေ ကြာလေ စိတ်ကုန်လာလေပဲ။ အခုလည်း ဟိုဘက်ရွာမှာ အလှူရှိတယ်လို့အသံကြားတာနဲ့ ရောက်သွားပြီ။
စိန်မိ ပြေးကြည့်စရာမလိုဘူး။ ကိုစိန်ကွပ် ဘာသွားလုပ်လဲဆိုတာ သိပြီးသား။

ဆိုင်းသံဗုံသံများကြားလို့ကတော့ ငမိုးရိပ်မိကျောင်းကို ကြိမ်စင်္ကြာနဲ့ခေါ်သလိုပဲ ကိုစိန်ကွပ်တို့မနေနိုင်။ ဆိုင်းသံဗုံသံကြားရင်
ကွေးနေအောင်ကတတ်တာ ကိုစိန်ကွပ်ရဲ့ မွေးရာပါဝါသနာ။ အဲဒီလိုသာ ကနေရမယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့။ သားမေ့
မယားမေ့ပေါ့။ အလှူတိုင်းမှာ ကိုစိန်ကွပ် မပါရင်မပြီး။ ဒီနေရာမှာတော့ တော်တော်အရေးပါသား။

စိန်မိကတော့ သဘောမကျပါဘူး။ ကိုယ့်ယောက်ျားကို တည်တည် တံ့တံ့အလုပ်ကလေးနဲ့ နေစေချင်တာပေါ့။ ဒါပေမဲ့
သကောင့်သား ကိုစိန်ကွပ်က ဘယ်အချိန်နားချချ ခေါင်းကိုပန်ကာလိုခါရမ်းပြီး ဇွတ်ငြင်းတာ။ ဒီတော့ စိန်မိမှာသာ တစ်နေ့
တခြား ဒေါသပွားနေရတာ။ ကိုစိန်ကွပ်က သူဝါသနာပါတဲ့ အကကို စိန်မိ ထက်ချစ်ရှာတာလေ။ ဘယ်တော့မှ ဝါသနာက
ဖျောက်မလဲမသိဘူး။ တကယ်ပဲ ဒေါသထွက်ဖို့ကောင်းတယ်။

ဒါတောင် ကိုစိန်ကွပ်က ပြောသေးတယ်။ သူ ကတာ ပျော်လို့ကတာတဲ့လေ။ တစ်ခါက စိန်မိနဲ့လက်ထပ်ခဲ့တဲ့ နေ့လေးကို
ပြန်တွေးမိပြီး ပျော်လွန်းလို့ ကတာတဲ့။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ။ ကိုစိန်ကွပ်ရဲ့စကားကိုကြားရတာ နားဝင်ချိုသား။
ကိုစိန်ကွပ်အကြောင်း ပျစ်ပျစ်နှစ်နှစ်ပြောထားတာတွေကိုစဉ်းစားပြီး အားတောင်နာသွားတယ်။

သူ့ရုပ်သူ့ရည်နဲ့ စိန်မိလို ဗိုင်းကောင်းကျောက်ဖိမိန်းမကောင်းလေးကိုရထားတော့ ပျော်နေရှာမှာပေါ့လို့တွေးပြီး ခွင့်လွှတ်ချင်
သလိုလို။ ဒါပေမဲ့ ကိုစိန်ကွပ် ပယောဂမကင်းတဲ့ ပါးစပ်ပေါက်သုံးပေါက်ကိုတွေးမိပြန်တော့ ခွင့်လွှတ်ချင်စိတ်တွေ ကြက်
ပျောက် ငှက်ပျောက် ဖြစ်ကုန်တယ်။ ဒီတော့ ကိုစိန်ကွပ်နဲ့ စိန်မိကိုဆုံစည်းပေးခဲ့တဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရမလား။
ဒါမှမဟုတ် သွားလေရှာတဲ့ မွေးသမိခင်ကျေးဇူးရှင်ကြီးကိုပဲ အပြစ်တင်ရမလား။ သိကို မသိတော့ဘူး။ တကယ် ..။

                                                            (၂)
   
ရွာကို ရွှေလမင်းဇာတ်ပွဲလာမယ်ဆိုကတည်းက ကိုစိန်ကွပ် ဖင်တရွရွဖြစ်နေတာ စိန်မိသတိထားမိတယ်။ တစ်နေ့နေ့
ပွဲလာမယ့်ရက်ကို မျှော်ရင်းပြီးနေတာပဲ။ အလုပ်လည်း လက်ကြောတင်းအောင်လုပ်တာမဟုတ်ဘူး။ အဲဒီလိုနဲ့ ရွှေလမင်း
ဇာတ်ပွဲလည်း ရွာကိုရောက်လာရော။ ကိုစိန်ကွပ်ကို အမြီးတောင်ဖမ်းမမိတော့ဘူး။ တစ်နေ့လုံး ဇာတ်စင်အနားကတောင်
မခွာတော့ဘူးထင်ရဲ့။ ညကျလို့ ပွဲစပြီဆိုရင် ကိုစိန်ကွပ်တို့က အရှေ့ဆုံးကပဲ။ ဆိုင်းသံဗုံသံကြားရင် လက်ကအကြောဆွဲ
သလိုကွေးကောက်နေတတ်တာ။ ဝါသနာပေါ့လေ။ ပိုပြီး ပြည့်စုံအောင်ပြောရရင် ပိုက်ဆံမရတဲ့ ဝါသနာ ပေါ့။

စိန်မိမှာသာ ဟင်းရွက်ဗန်းခေါင်းပေါ်ရွက်ပြီး ဝမ်းပြဿနာကို အဖြေရှာနေရတာ။ ဇာတ်ပွဲတောင် မကြည့်ဖြစ်ဘူး။ စိန်မိ
ကြိုက်တဲ့ မင်းသားလေး ကိုကိုမြိုင်တို့ပါတယ်လို့လည်းကြားမိသား။ သွားချင်လိုက်တာလည်း စက်စက်ယိုဆိုသလိုပဲ။
တကယ့်လက်တွေ့မှာတော့ အစာအိမ်ထက်ဘာမှ အရေးမကြီးဘူးမဟုတ်လား။ ဒီတော့ ကိုကိုမြိုင်တို့လည်း စိတ်ကူးထဲမှာ
တောင် ကြာရှည်နေရာမယူနိုင်တော့ဘူး။ ဒီတော့ ကိုစိန်ကွပ်ဆိုတဲ့ ဒင်းကိုပဲ သတ်ပစ်ချင်တယ်။ လင်ဝတ္တရားကျေပွန်အောင်
တောင် မစွမ်းဆောင်နိုင်တဲ့ သကောင့်သား ပြန်လာရင်တော့လား ..။ ဟင်း .. စိန်မိ အကြောင်းသိအောင်ပြလိုက်မှာ။

“ ဟေ့ စိန်မိ.. ဒီမှာကြက်သားယူလာတယ်၊ တစ်ကောင်လုံးနူးအိနေအောင်ပေါင်း၊ ကလီစာတွေကိုတော့ အချိုကြော်လိုက်၊
ဟင်းချိုကတော့ ကြက်ခြေတောက်ဟင်းချိုပဲအဆင်ပြေအောင်ကြည့်လုပ်၊ စိုက်ခင်းထဲက ဟင်းရွက်လေးနည်းနည်း ကြော်
လိုက်၊ ဒါက ပိုက်ဆံ၊ လိုအပ်တာလေးဝယ်ခြမ်းလို့ရအောင် ”

ကိုစိန်ကွပ်က ရုတ်တရက်ရောက်လာပြီး အမွေးအတောင်နှုတ်ပြီးသားကြက်တစ်ကောင်ကို ဗြုန်းကနဲ ပစ်ချပေးတယ်။
လက်ထဲရောက်လာတဲ့ ပိုက်ဆံတွေကြောင့်လည်း စိန်မိ အံ့သြမှင်သက်သွားတယ်။ စိန်မိ တို့အိမ်မှာ ကြက်သားဟင်း
မမြင်ဖူးတာကြာပြီပဲ။ အခုနကထွက်နေတဲ့ ဒေါသတွေ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်တယ်။ ဒီလိုဆိုတော့လည်း
ကိုစိန်ကွပ်က မိသားစုကိုဂရုစိုက်သား။ ကိုစိန်ကွပ်အပေါ်ပြောမိဆိုမိတဲ့ ကိုယ့်ကိုယ်ကိုတောင် ဒေါသထွက်သွားမိတယ်။

“ ငါပြောတာကြားရဲ့လား စိန်မိ ”

“ အင်းပါ .. ကိုစိန်ရဲ့၊ ကိုစိန် စိတ်ကြိုက်လုပ်ထားပေးမယ်သိလား ”

စိန်မိ အချိုသာဆုံးအသံလေးနဲ့ပြောလိုက်တယ်။ ကိုစိန်ကွပ် မျက်နှာတပြုံးပြုံးဖြစ်သွားတယ်။ ပြီးတော့ စိန်မိ ပါးလေးကို
မနာအောင်ဆွဲလိမ်တယ်။

“ အေး .. အဲဒါကြောင့် ဒီမိန်းမကိုချစ်နေရတာပေါ့၊ ကဲ .. အပြင်ခဏသွားဦးမယ် ၊ ထမင်းစားချိန်ကျမှပြန်ခဲ့မယ် ”

ကိုစိန်ကွပ် ထွက်သွားတော့ စိန်မိ ပီတိတွေဖြစ်ပြီးကျန်ခဲ့တယ်။ ကိုကိုချော့တော့ ပြုံးတစ်မော့မော့ဆိုသလိုပေါ့။ စိန်မိ မျက်နှာ
ပေါ်မှာ ပီတိဖြစ်နေတဲ့အပြုံးတွေက ဖုံးဖိလို့မရဘူး။ ကိုစိန်ကွပ်မှာခဲ့တဲ့အတိုင်း ကြက်သားကိုနူးအိနေအောင်ပေါင်းလိုက်
တယ်။ ကလီစာကိုတော့ ကြော်လိုက်တယ်။ အတောင်ပံနဲ့ ခြေတောက်တွေကိုတော့ အချဉ်ရည်ဟင်းလေးချက်ပေးလိုက်
တယ်။ စိုက်ခင်းထဲက ကန်စွန်းရွက်ကိုကြော်၊ ငပိရည်နဲ့ တို့စရာလေးတွေတောင်လုပ်ထားလိုက်သေးတယ်။

ကလေးတွေကလည်း စိန်မိအနားကတောင်မခွာတော့ဘူး။ မမြင်တာကြာပြီဖြစ်တဲ့ ကြက်သားဟင်းနံ့နဲ့ စုံလင်တဲ့ဟင်းတွေ
က ညှို့ယူဆွဲဆောင်နေတယ်လေ။ အငွေ့တစ်ထောင်းထောင်းထနေတဲ့ဟင်းခွက်တွေကို စာပွဲဝိုင်းထက်မှာ စီစီရီရီတင်ထား
လိုက်တယ်။ ခဏနေ ကိုစိန်ကွပ်လာတော့မှာမို့ ထမင်းကိုအဆင်သင့်ခူးခပ်ထားလိုက်တယ်။ ကလေးတွေလည်း ဗိုက်ဆာ
လွန်းလို့ထင်ပါ့။ သူ့အဖေကိုချည်းထွက်မျှော်နေရှာတယ်။ ဒီနေ့ စိန်မိတို့မိသားစုရဲ့ထမင်းဝိုင်းလေးက ပိုပြီးပျော်ရွှင်စရာ
ကောင်းမှာ သေချာလှတယ်။

“ စိန်မိရေ ..အဆင်သင့်ဖြစ်ပြီလားဟေ့ ”

အိမ်ရှေ့ကနေ ကိုစိန်ကွပ်ရဲ့ အသံကြားလိုက်ရတယ်။ ကလေးတွေက ဝမ်းသာအားရကိုဖြစ်လို့။ ဒါပေမယ့် အိမ်ပေါ် လှမ်း
တက်လာတဲ့ ကိုစိန်ကွပ်တို့ကိုကြည့်ပြီး စိန်မိတို့သားအမိတွေ အံ့သြသွားတယ်။ ကိုစိန်ကွပ်နောက်မှာ မိန်းကလေး ငါး
ယောက်ပါလာခဲ့တယ်။ မျက်နှာတွေမှာလည်း ကာလာစုံတင်ထားလို့။ သူတို့ဦးတည်လာတာက အဆင်သင့်ပြင်ထားတဲ့
ထမင်းဝိုင်းဆီ။

“ လာကြ .. ထမင်းအဆင်သင့်ဖြစ်နေပြီ ”

ကိုစိန်ကွပ်ရဲ့ ဖိတ်မန္ကကပြုမှုနဲ့ ကာလာစုံတင်ထားတဲ့မိန်းမငါးယောက် ထမင်းဝိုင်းထဲ ကျော့ကျော့လေးဝင်ထိုင်လိုက်
တယ်။ စိန်မိတို့ မိသားစုခြောက်ယောက်စာထမင်းဝိုင်းက သူတို့အတွက်အတော်ဖြစ်သွားတယ်။ စိန်မိကတော့ ကြောင်
တောင်တောင်နဲ့ ကိုစိန်ကွပ်တို့ကိုပဲ စိုက်ကြည့်နေမိတယ်။ ကိုစိန်ကွပ်ကတော့ အနားမှာရပ်နေတဲ့ စိန်မိတို့သားအမိကို
ယောင်လို့တောင်လှည့်ကြည့်ဖော်မရဘူး။

ကလေးတွေကလည်း ဧည့်သည်တွေလက်လှမ်းယူနေတဲ့ကြက်သားတုံးဆီကြည့်နေကြတယ်။ သူတို့လေးတွေရဲ့မျက်ဝန်း
မှာ မျက်ရည်စလေးတွေနဲ့။ စိန်မိ ရင်ထဲဆို့နင့်နင့်ဖြစ်လာတယ်။ ဆာလောင်နေတဲ့ဗိုက်ထဲမှာလည်း ဒေါသတွေနဲ့ ပြည့်နှက်
လာတယ်။ ကိုစိန်ကွပ်တို့ကတော့ အရယ်အပြုံးတောင်မပျက်။ သူတို့ပြောစကားအရတော့ ဒီကောင်မတွေက ရွှေလမင်း
ဇာတ်ပွဲ မှာပါလာတဲ့ မင်းသမီးတွေတဲ့။ ခေါင်းဆောင်မင်းသမီးတော့မဟုတ်ဘူး။ ပြောရမယ်ဆိုရင် ယိမ်းသမလေးတွေ
အဆင့်ပေါ့။ ဒီယိမ်းသမငါးယောက်ထဲမှာ ဒေလီဆိုတဲ့နာမည်က ကိုစိန်ကွပ်ရဲ့ပါးစပ်ကနေကိုမချတော့ဘူး။

ကိုစိန်ကွပ်တို့ထမင်းဝိုင်းက စိုပြည်နေသလောက် စိန်မိတို့သားအမိတွေကတော့ ခြောက်ကပ်တိတ်ဆိတ်နေကြတယ်။
ကလေးတွေဆိုလည်း ဗိုက်ဆာလွန်းလို့ထင်ရဲ့။ သူတို့ရဲ့လက်ချောင်းလေးတွေကို တပြွတ်ပြွတ်စုပ်သပ်နေကြတယ်။
ကိုစိန်ကွပ်ကို စိန်မိ တော်တော်လေးဒေါသထွက်နေပြီ။ ဧည့်သည်တွေရှိနေလို့ ကိုစိန်ကွပ်ကို ဘာမှမပြောပေမယ့် စိတ်ထဲ
မှာတော့ ဧည့်သည်တွေပြန်ရင်တွေ့မယ်လို့ တေးထားမိတယ်။ ဒါပေမယ့် ဧည့်သည်တွေလည်းပြန်ရော ကိုစိန်ကွပ် ပါ
ထလိုက်သွားတော့တယ်။

အဲဒီနေ့ကမှတ်မှတ်ရရ စိန်မိ ထမင်းတစ်နပ်ငတ်သွားခဲ့သလို ကလေးတွေလည်း ထမင်းရည်နဲ့ပဲ ပြီးလိုက်ရတယ်။ အဲဒါ
ဟိုအစားကြူးတဲ့ဘီလူးမငါးကောင်နဲ့ စိန်မိရဲ့ အိမ်ဦးနတ်ကြီး ကိုစိန်ကွပ်ရဲ့ ကျေးဇူးကြောင့်ပေါ့။

                                                          (၃)

ဒေါသစိတ်ကြောင့် စိန်မိ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်လာတယ်။ တစ်ခါမှမကျခဲ့ဘူးတဲ့ မျက်ရည်တွေက အရှိန် ပြင်း
ပြင်းနဲ့စီးကျဖို့ အားယူနေတယ်။ ရွာကိုရွှေလမင်းဇာတ်ပွဲရောက်လာတာ ဘာကြာသေးလို့လဲ။ အခုမှသုံးရက်တည်းရှိသေး
တာ။ ဒါကိုတောင် ကိုစိန်ကွပ်က ယိမ်းသမလေးတစ်ယောက်နဲ့ ဟိုလိုလိုဖြစ်နေပါသတဲ့။ အစကတော့မယုံချင်ဘူး။ 
ကိုစိန်ကွပ်က ဒီလောက်ရိုးတာ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမယ့် တကယ့်အဖြစ်မှန်ဆိုတာသိလိုက်ရတဲ့အခါ ဒေါသစိတ်က
တစ်ကိုယ်လုံးလွှမ်းမိုးလာတယ်။ လုပ်ရက်လေ ခြင်းဆိုတဲ့ နာကျည်းချက်က ရင်တစ်ခုလုံးကို ပြင်းပြင်းထန်ထန်မွှေနှောက်
နေတယ်။ ရှက်ရွံ့မှုတွေကလည်း ခန္ဓာကိုယ်တစ်ခု လုံး ပျံ့နှံ့စီးဆင်းလို့နေတယ်။

မနေ့က စိန်မိဆီကို ကြက်သားရောင်းတဲ့ မတုတ်ကြီးရောက်လာတယ်။ ကြက်သားဖိုး အကြွေးလာတောင်းတာတဲ့။ စိန်မိ
မသိဘူး ငြင်းတော့ ကိုစိန်ကွပ်လာယူသွားသတဲ့။ အဲဒီအခါကျမှ ဟိုနေ့က ကိုစိန်ကွပ်ယူလာတဲ့ ကြက်ကိုမြင်ယောင်မိ
တယ်။ ယိမ်းသမလေးတွေကိုကျွေးဖို့အတွက် မတုတ်ကြီးဆီကအကြွေးယူလာခဲ့တာလေ။ ဘယ်လောက်ဒေါသထွက်ဖို့
ကောင်းလိမ့်သလဲ။ စဉ်းစားရင်းနဲ့ ကိုစိန်ကွပ်ကို စိတ်နာလာမိတယ်။

အခုတစ်ခါကျတော့ ယိမ်းသမလေးနဲ့ ဘာလိုလိုဖြစ်နေသတဲ့။ ပိုက်ဆံရှာတဲ့နေရာမှာ မကျွမ်းကျင်တဲ့ ကိုစိန်ကွပ် နောက်
မိန်းမတော့ကောင်းကောင်းရှာတတ်ပြီပေါ့။ တစ်နှစ်ကြာလို့ တစ်ခါ ဘုရားမသွားတတ်တဲ့ ကိုစိန်ကွပ်။ ဒီကောင်မနဲ့အတူ ဘုရားကိုနေ့တိုင်းသွားသတဲ့။ ဘုရားလည်းဖူးရင်း လိပ်ဥလည်း မတူးဘဲနေမလား။ ကိုစိန်ကွပ်ကိုချည်း အပြစ်ပြောနေလို့
မရဘူး။ ကိုကောင်မကရော ဘာထူးလို့လဲ။ ဒီပုတ်ထဲက ဒီပဲ။ အတူတူနဲ့ အနူနူပဲ။ အပျိုတစ်ယောက်ရဲ့တန်ဖိုးကိုမှမငဲ့။
မယားရှိ သားရှိတဲ့လူနဲ့ပဲ ဖြစ်ရသတဲ့။ ကျော်မကောင်း ကြားမကောင်း။

စိန်မိတို့တုန်းက ယောကျာ်းတစ်ယောက်ယူဖို့အရေး စဉ်းစားလိုက်ရတာ အနှစ်နှစ်အလလ။ အခုတော့ ဟင်းရွက် ကန်စွန်း
ရွက်လိုမျိုး။ ခုမြင်ခုကြိုက်။ ကြိုက်လိုက်တာကလည်း သားနဲ့မယားနဲ့လူအိုကြီးကို။ မေးလိုက်စမ်းချင်တယ်။ ကိုစိန်ကွပ်ကို
ဘာကြည့်ပြီး ကြိုက်တာလဲလို့။

မှတ်မိသေးတယ်။ စိန်မိ အပျိုတုန်းက မုဆိုးဖိုသူဌေးတစ်ယောက် ရိသဲ့သဲ့လာလုပ်တာလေ။ ဘယ်ရမလဲ .. စိန်မိ လက်ဝါး
စာမိသွားတာ ထမင်းတောင်မစားနိုင်အောင်ဖြစ်သွားတယ်။ အဲဒါ မိန်းမတစ်ယောက်ရဲ့ မာန။ မိန်းမတွေရဲ့ရှိသင့်တဲ့ မာန
ဆိုတာ ရွှေဘောင်ကွပ်ပြီးတောင်ထားရသတဲ့။ အဲဒီလောက်အထိကိုတန်ဖိုးကြီးတာ။ အခုတော့ မာနမရှိ သိက္ခမရှိတဲ့
လုပ်ရပ်တွေကျူးလွန်လို့။ အင်းလေ .. အခုတွေ့ကြပြီပေါ့။ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ဒင်းတို့ကို နေချင်တိုင်းနေရအောင်လုပ်ပေး
ရမှာပေါ့။

မာနတရားရဲ့လှုံ့ဆော်မှုနဲ့အတူ ထမီကို ခပ်တိုတိုပြင်ဝတ်လိုက်တယ်။ အဆင်သင့်ပြင်ထားတဲ့ အထုပ်တစ်ထုပ်ကို ဖျတ်ခနဲ
ဆွဲယူလိုက်တယ်။ ပြီးတော့ ဒေါသခြေလှမ်းတွေနဲ့ရွာလမ်းအတိုင်းလျှောက်လာခဲ့တော့တယ်။ မကြာလိုက်ပါဘူး။ ရွှေလမင်း
ဇာတ်ရုံနားကိုရောက်လာခဲ့တယ်။ မှတ်မိသေးတယ်။ အဲဒီကောင်မနာမည်က ဒေလီ ဆိုလားပဲ။ ဒေလီဆိုတဲ့နာမည်
မေးလိုက်တာနဲ့ အစွန်ဆုံးကအဝတ်စတွေနဲ့ကာထားတဲ့ အခန်းလေးကိုလှမ်းပြတယ်။ ယိမ်းသမ လေးတွေက တစ်ခန်းမှာ
သုံးယောက်နေရသတဲ့။ ဒီတော့ အဲဒီအစွန်ဆုံးအခန်းကိုလျှောက်လာခဲ့တယ်။ အခန်းပြင်ကိုခြေချလိုက်တာနဲ့ ခိုးခိုးခစ်ခစ်
ရယ်သံလေးကိုစပြီး ကြားလိုက်တယ်။ မှတ်မိလိုက်တာကတော့ နောက်ထပ်ထွက်လာတဲ့ရယ်သံက ကိုစိန်ကွပ်ရဲ့ရယ်သံ
ဖြစ်နေတာပဲ။ ဒေါသတွေက စိန်မိတစ်ကိုယ်လုံးပျံ့နှံ့လာတော့တယ်။

“ ကိုစိန်က ဒေလီ့ကိုတကယ်ပျော်အောင်ထားမှာလားဟင် ”

ကြားလိုက်ရတဲ့အသံကြောင့် စိန်မိမျက်ခုံးတွေတွန့်သွားတယ်။ ညှို့ပလီတဲ့ ခရာတာတာအသံလေးက အသက်ရှူရ ကြပ်
စရာကောင်းလိုက်တာတော့အမှန်။ ရုတ်တရက်အခန်းထဲမဝင်ဖြစ်တော့ဘဲ အသာလေးနားစွင့်နေလိုက်မိတယ်။  

“ ထားမှာပေါ့ ဒေလီလေးရဲ့၊ ဒေလီလေးစိတ်ချမ်းသာအောင် ကိုစိန်ကထားမှာ ” 

အမယ်လေးဟဲ့။ ကြီးကျယ်ခန်းနားလှချည်လား ကိုစိန်ကွပ်ရယ်လို့သာ ကမ္ဘာကြီးတစ်ခုလုံးကြားအောင်အော်ပစ်လိုက်ချင်
တော့တယ်။ လက်ကြောကမတင်းပေမယ့် ပါးစပ်ကြောကတော့ တင်းသား။

“ ဒေလီအတွက်ငွေအများကြီးရှာပေးနိုင်မလားလို့ ” 

ညှောင်နာနာပလီသံကိုနားထောင်ပြီး စိန်မိ ရင်ထဲဗြောင်းဆန်လာတယ်။ ဒီလိုခရာတာတာအသံတွေကမှ ယောကျာ်းတွေရဲ့
စိတ်ကိုညွတ်နူးစေတာလား။ နေပါစေ .. စိန်မတို့ကတော့ စိတ်ထဲမပါရင် ဘာမှမလုပ်ဘူး။ ရှင်းရှင်းပဲ။

“ အများကြီးရှာပေးရမှာပေါ့ ဒေလီလေးရယ်၊ ဒေလီလေးနဲ့အတူ ကိုစိန်လည်း ဇာတ်ထဲလိုက်မယ် ၊ ကိုစိန်က ဇာတ်ကတာ
ကိုလည်း ဝါသနာပါတယ်၊ ပြီးတော့ .. ”  

“ ဗုန်း .. ”  

“ အမယ်လေး ”  
ကိုစိန်ကွပ်တို့ စကားတောင်ဆုံးအောင်မပြောလိုက်နိုင်ဘူး။ စိန်မိပစ်ချလိုက်တဲ့ အဝတ်ထုပ်ရဲ့အသံကြောင့် ထခုန်မိမတတ်
ထိတ်လန့်သွားကြတာအထင်အရှား။ ကိုစိန်ကွပ်ရဲ့မျက်လုံးမှာကြောက်ရွံ့မှုတွေစွန်းထင်းနေသလို ဒေလီဆိုတဲ့မိန်းမက
လည်း တဆတ်ဆတ်တုန်နေတယ်။ စိန်မိကတော့ ကိုစိန်ကွပ်တို့နှစ်ယောက်ကို ပြာကျသွားလုမတတ် စိုက်ကြည့်နေမိ
တယ်။

“သူခိုးလူမိတော့ ပြူးတူးပြဲတဲကိုဖြစ်လို့၊ တော်တော်လေးလန့်သွားကြတယ်ပေါ့လေ ”  

စိန်မိရဲ့အသံကြီးက ဆယ်အိမ်ကြား ကိုးအိမ်ကြားထွက်ပေါ်လာတော့တယ်။ အနီးအနားမှာလည်း ဇာတ်ထဲမှာပါလာတဲ့လူ
တွေက စပ်စုချင်ဇောနဲ့ဝိုင်းအုံ့လာကြတယ်။

“ တိုးတိုးပြောစမ်းပါကွာ၊ ဟိုမှာလူတွေကြည့်နေကြပြီ ရှက်စရာကြီး ”  

ကိုစိန်ကွပ်က တိုးညင်းညင်းလေသံနဲ့ ဆိုရှာတော့ စိန်မိ မျက်လုံးတွေမီးတဝင်းဝင်းတောက်သွားတော့တယ်။

“ သြော် ..တော်က ကျုပ်အော်ပြောတာကျတော့ ရှက်တယ်၊ ဒီလိုခိုးကြောင်ခိုးဝှက်တွေ့နေကြတာတော့ မရှက်ဘူးပေါ့လေ”  

စိန်မိအသံက နဂိုကထက်တောင် ပိုကျယ်လာသေးတယ်။ လူတွေကလည်း ဝိုင်းအုံ့ပြီးစပ်စုနေကြတယ်။ ကိုစိန်ကွပ်တို့ရဲ့
မျက်နှာတွေလည်း ပျက်သထက် ပျက်လာကြတယ်။

“ ညည်းကိုလည်းမေးကြည့်ချင်သေးတယ်၊ ကိုစိန်ကွပ်လို သားရှိ မယားရှိတဲ့လူကို ဘာကြည့်ပြီးလက်သင့်ခံတာလဲ၊
ပြောစမ်းပါဦး ” 

စိန်မိက ကြောက်ရွံ့တုန်လှုပ်နေတဲ့ ဒေလီဆိုတဲ့မိန်းမကိုကြည့်ပြီးလှမ်းမေးလိုက်တယ်။ ဒေလီဆိုတဲ့မိန်းမက အခုမှ မခုတ်
တတ်တဲ့ကြောင်လိုပုံစံမျိုးနဲ့ စိန်မိကို မရဲတရဲလှမ်းကြည့်တယ်။

“ မဟုတ်ပါဘူး မမကြီးရယ်၊ ကိုစိန်ကွပ်ကို လူလွတ်ထင်လို့ပါ၊ အခု မမကြီးဥစ္စာကိုပြန်ယူလိုက်ပါနော် ” 

အလိုဗုဒ္ဓေါ .. ဘုရားရေ။ ကြည့်စမ်းပြောလိုက်တဲ့ပုံကိုက။ စိန်မိရင်ထဲဒေါသတွေ အတုံးလိုက်အတစ်လိုက်ထွက်ကျလာ
တယ်။ လွယ်လိုက်ပုံများ ဟင်းရွက် ကန်စွန်းရွက်ဝယ်တာကျနေတာပဲ။ ကိုယ့်ဥစ္စာကိုယ်ပြန်ယူတဲ့။ ကြားလို့မှကောင်းသေး
ရဲ့လား။

“ အမယ်လေးဟဲ့ .. ဘာကျုပ်ဥစ္စာလဲ၊ ကိုစိန်ကွပ်ကို ကျုပ်မက်မောလွန်းလို့ပြောနေတယ်မထင်နဲ့၊ ကိုစိန်ကွပ်လိုလူမျိုးကို
လိုချင်တဲ့သူရှိရင် ခေါင်းလောင်းထိုးပြီးတောင်လှူလိုက်ဦးမယ်၊ ကျုပ်က ညည်းရဲ့အပျိုစင်ဘဝကို နှမြောလွန်းလို့ပြောတာ
သိရဲ့လား ” 

စိန်မိ အပြောကိုကြားရသူတွေပြုံးစိစိဖြစ်နေကြတယ်။ သူတို့အတွေးတွေထဲမှာက ကိုယ့်လင်ကို ချိုင်ခုတ်တဲ့မိန်းမဆိုပြီး
ဆံပင်ဆွဲ၊ ပါးရိုက်မလားလို့ထင်ကြတာ။ အခုတော့ တခြားမိန်းမဘက်ကတောင် စာနာနေသေးတဲ့အဖြစ်။

“ မိန်းမတွေမှာအရှိသင့်ဆုံးကိုယ်ကျင့်သိက္ခာဆိုတာ ဘယ်တော့မှတန်ဖိုးမမဲ့အောင်ထိန်းထားရတာ၊ မိန်းမ တစ်ယောက်ရဲ့
ရှိသင့်တဲ့မာနဆိုတာ ရွှေဘောင်ကွပ်ပြီးတောင်ထားရတာဟဲ့၊ သိရဲ့လား ”  

“ ဟုတ် .. ဟုတ်ကဲ့ ”

“ ကျုပ်သာ ကိုယ်ကျင့်သိက္ခာမရှိ မာနတရားသာမထားခဲ့ရင်၊ အို ..ကိုစိန်ကွပ်လိုစိတ်မျိုးသာရှိခဲ့ရင် ထမီလဲဝတ်တာသာ
ကြာမယ်၊ လင်လဲတာတော့ကြာမှာမဟုတ်ဘူး သိလား၊ ကိုစိန်ကွပ် တော်ကရော .. ကိုယ့်မှာသားမယားရှိရက်သားနဲ့
ဒီလိုဖြစ်နေတာ တော်မရှက်ဘူးလား ” 

“ ကျုပ် .. ကျုပ် ဒေလီလေးကိုသဘောကျတယ်၊ ပြီးတော့ ဒေလီလေးနဲ့အတူဇာတ်ထဲကိုလိုက်သွားချင်တယ် ”
“ ဘာ .. ”

ကိုစိန်ကွပ်ရဲ့စကားသံက စိန်မိနားထဲမှာဗုံးတစ်လုံးပေါက်ကွဲသွားသလိုပဲ။ ကြည့်စမ်းပါဦး။ ပြောထွက်ရက်လိုက်တာ။ စိန်မိ
မျက်နှာကိုမထောက်ချင်ရင်တောင် ကလေးတွေမျက်နှာကိုထောက်သင့်တာပေါ့။ ဒါလည်း သူ့သွေးသူ့သားလေ။ ဒါနဲ့များ
ပြောထွက်ရက်လိုက်တဲ့ပါးစပ်။ စိန်မိရင်ထဲ နာကြည်းတဲ့ဆူးတစ်ချောင်းက နက်နက်ရှိုင်းရှိုင်းစိုက်ဝင်သွားခဲ့တယ်။

“ တော်က ဒီလိုစကားတောင်ပြောထွက်ရက်တယ်ပေါ့၊ ကျုပ်ကလည်း ပြတ်တယ်တော်၊ တော်သဘောကျတဲ့သူနဲ့ တော်
နေချင်သလိုသာနေတော့၊ တော်နဲ့ ကျုပ်နဲ့ ဒီနေ့ကစပြီးပြတ်ပြီ၊ တော်နေချင်သလိုနေနိုင်တယ်၊ ကျုပ်ဆီလုံးဝမလာခဲ့နဲ့
တော့ ”

ခေါင်းငိုက်စိုက်သွားခဲ့တဲ့ ကိုစိန်ကွပ်ကို တစ်ချက်ငဲ့ကြည့်လိုက်ပြီး စိန်မိ ထွက်လာခဲ့တော့တယ်။ လိမ့်ဆင်းလာတဲ့ မျက်ရည်
စက်တွေကို ခပ်ကြမ်းကြမ်းပဲသုတ်ပစ်လိုက်တယ်။ သာယာမှုတစ်ခုအတွက် ဘဝလေးခုကိုကျောခိုင်းခဲ့တဲ့ ကိုစိန်ကွပ်ကို စိန်မိ
နာကျည်းမိတယ်။ ကိုစိန်ကွပ်က ကလေးတွေအတွက် ဖခင် ကောင်းဖြစ်မလာနိုင်တော့ပေမယ့် စိန်မိကတော့ မိခင်ကောင်း
တစ်ယောက်အဖြစ် မားမားမတ်မတ်ရပ်တည်နိုင်အောင် ကြိုးစားရမယ်။ ကလေးတွေရှိရင်ပဲ စိန်မိဘဝပြည့်စုံလှပါပြီ။ ပြီးတော့
ကလေးတွေအတွက် စိန်မိ အရင်ကထက်ပိုကြိုးစားရမယ်။ ဒီနှစ် ကလေးနှစ်ယောက်ကို ကျောင်းထားပေးမယ်။ ကျောင်းစိမ်း
လေးတွေဝယ်ပေးရမယ်။ ကြည့်စမ်း..။ ကလေးတွေအတွက် မားမားမတ်မတ်ရပ်တည်ရုန်းကန်ပေးရမယ့် အကြောင်းကိုတွေး
မိလိုက်တော့ နှစ်ရှည်လများ ပေါင်းလာခဲ့တဲ့လင်ကို အပြီးအပိုင်ဆုံးရှုံးလိုက်ရပြီဆိုတဲ့အသိနဲ့ ခံစားနေရတာ လေးတောင်
ဘယ်လွင့်သွားမှန်းမသိတော့ဘူး။




                                                 အွန်လိုင်းလင်းရောင်ခြည်ရသစာပေစုစည်းမှု
                                                                ဇူလိုင်လ ၊ ၂၀၁၃။
                           

Twitter Delicious Facebook Digg Stumbleupon Favorites More