Unordered List

Thursday, July 11, 2013

လွင့်မျောနေသည့်တိမ်တိုက်များ၏မှီတွယ်ရာ


                                                               (၁)


ပြင်းထန်သည့်ဝေဒနာတစ်ခုကို သူ ခံစားနေခဲ့ရ၏။ သူ့ခေါင်းတစ်ခုလုံးလည်း မူးမိုက်ရီဝေနေသည်။ ရင်ဘတ်ထဲမှ တစစ်
စစ်ကိုက်ခဲနာကျင်ကာ အသိအာရုံများကလည်း ဝေဝါးလို့လာသည်။ ဝေဒနာကိုခံစားနေရသည့်အကြားက သူ မှားခဲ့ပြီ
လားဟုတွေးမိ၏။ ဟင့်အင်း.. သူ မမှားပါ။ သူ့လုပ်ရပ်ကို မှန်သည်ဟု သူနက်နက်ရှိုင်းရှိုင်းထောက်ခံအားပေးနေမိသည်။

မှောင်မိုက်တိတ်ဆိတ်နေသည့်အခန်းထဲတွင် သူ တစ်ယောက်တည်းသာရှိ၏။ အမေက မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေ
သည်။ အဖေက အလုပ်သွားသည်။ ကိုကိုကြီးနှင့် မမကြီးက အခန်းထဲတွင်စာရင်းဇယားကိုယ်စီနှင့် အလုပ်ရှုပ်နေပေလိမ့်
မည်။ ထိုအချိန်ကိုပင် သူ ရွေးချယ်ထားခဲ့သည်။ လောကတွင် လူပိုတစ်ယောက်ဟုသတ်မှတ်ခံထားရသည့် သူ၏ နောက်
ဆုံး ထွက်သက်ကို တိတ်ဆိတ်ငြိမ်သက်စွာပင်ထွက်သွားချင်သည်။ ဘယ်သူ့ကိုမှ သူ ဒုက္ခမပေးချင်ပါ။

မကြာမီ လူ့လောကကို သူကျောခိုင်းရတော့မည်။ သူ့ခန္ဓာကိုယ်တွင် လှုပ်ရှားရန်အစွမ်းတွေလျော့ရဲကျလာသည်။ မျက်လုံး
များပြာဝေလာသည်။ ခက်ခဲစွာရှူနေရသည့်အသက်ရှူသံသည် တဖြည်းဖြည်းနှေးကွေးလာခဲ့သည်။ တစ်ချက် တစ်ချက်
သတိလက်လွတ်ဖြစ်သွားခဲ့သည်။ အသိစိတ်သည် ခန္ဓကိုယ်နှင့် အမှောင်ထုကြားထဲတွင် လွန်ဆွဲနေခဲ့၏။ နောက်ဆုံး
အမှောင်ထုက အနိုင်ရရှိသွားပြီး အသိစိတ်များလွင့်မျောကွယ်ပျောက်သွားလေသည်။

သူ သတိပြန်ရလာသောအခါ ဝေဒနာဟူ၍ မြူတမှုန်မှခံစားရခြင်းမရှိတော့ပေ။ ထူးဆန်းအံ့သြစရာကောင်းလောက်အောင်
ပင် သူ့တစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းနေ၏။  ကြုံတွေ့နေရသည့်အဖြစ်အပြက်တို့ကို သူ မယုံနိုင်အောင်ပင်ဖြစ်နေမိ၏။
ထိုစဉ် သူ့လက်မောင်းနှစ်ဖက်ကို တင်းကျပ်စွာဖမ်းဆီးချုပ်ကိုင်ခြင်းခံလိုက်ရသည်။ သူလှမ်းကြည့်လိုက်သောအခါ
သာမာန် လူထက်မြင့်သောခန္ဓာကိုယ်နှင့် လူနီကြီးနှစ်ဦးဖြစ်နေ၏။ ထိုလူနီကြီးကိုကြည့်ကာ သူ့တစ်ကိုယ်လုံး တဆတ်
ဆတ် တုန်သွားခဲ့သည်။    

“ မင်းက ရန်နောင် ခေါ် အငယ်ကောင် မဟုတ်လား”  

လူနီကြီးထံမှ မာထန်ထန် သြရှရှအသံက ဟိန်းထွက်လာ၏။ သူ အေးစက်ဆွံ့အသွားမိ၏။ ထိုလူနီနှစ်ဦးက သူ့ နာမည်ကို
ပင်သိနေခဲ့သည်။ သူကတော့ ထိုလူနီကြီးနှစ်ဦးကိုမသိပါ။ သို့သော် အလန့်တကြားပင် သူ ပြန်ဖြေလိုက်မိသည်။

“ ဟုတ် .. ဟုတ်ပါတယ် ”  

“ အေး .. မင်းကိုလာခေါ်တာပဲ၊  မင်းရဲ့ လူ့သက်တမ်းကုန်ဆုံးသွားပြီ၊ ဒီတော့ ယမမင်းကြီးဆီမှာ အစစ်ဆေးခံဖို့
လိုက်ခဲ့ရမယ် ”  

“ ဗျာ .. ကျွန်တော် .. ကျွန်တော် သေခဲ့ပြီ ဟုတ်လား ”  

“ ဟုတ်တယ်လေ၊ မင်းကိုယ်မင်းသတ်သေခဲ့တာပဲမဟုတ်လား ”  

သူ ထိတ်လန့်တုန်လှုပ်သွားမိသည်။ သူ သေခဲ့ပြီတဲ့။ သူအခု စကားပြောလို့ရနေသည်ပဲ။ ဒါကို သေတယ်လို့ခေါ်သလား။
တကယ်တမ်းတော့ သူ မသေချင်သေးပါ။ သေရမည်ကို သူ ကြောက်နေမိသည်။

“ ဟင့်အင်း.. ကျွန်တော် မသေချင်သေးဘူး ”  

သူ ခေါင်းကိုခါရမ်းကာ အလန့် တကြားငြင်းဆိုမိသော်လည်း အချည်းအနှီးပင်ဖြစ်၏။ သူ့ကိုကြည့်၍ လူနီကြီးနှစ်ဦးက
ဒေါသဖြင့်ခက်ထန်လာကာ အသံမာမာဖြင့်လှမ်းပြော၏။

“ မရတော့ဘူး၊ အားလုံးလွန်ကုန်ပြီ၊ ဟိုမှာကြည့်လေ မင်းရဲ့အလောင်း၊ အိမ်သားတွေတောင် မင်းသေမှန်းမသိကြ
သေးဘူး ”  

လူနီကြီးညွှန်ပြရာသို့ ကြည့်လိုက်သောအခါ အခန်းထဲတွင် ခွေခွေလေးလဲကျနေသည့် သူ့ကိုယ်သူ လှမ်းမြင်လိုက်ရ၏။
အခုမှ သူ သဘောပေါက်သွားသည်။ သူ သေဆုံးသွားခဲ့ချေပြီ။

                                                              (၂)

“ ခွပ် .. ” 

ပြင်းထန်သည့်ထိုးချက်ကြောင့် သူ ပုံလျက်သားလဲကျသွားခဲ့၏။ မျက်နှာပြင်တစ်ခုလုံး အသည်းခိုက်မတတ် နာကျင်သွား
မိသည်။ နှုတ်ခမ်းထောင့်မှ သွေးများကစီးကျလာ၏။ လဲကျသွားသည့်သူ့ကို ထူပေးမည့်သူမရှိ။ ဖေးမမည့်သူမရှိ။ သူ့ ဘက်
တွင် တစ်ယောက်မှမရှိခဲ့ပါ။ အမေ့ရဲ့အကြည့်က ဒေါသတစ်ဝက် စိတ်ပျက်ခြင်းတစ်ဝက်ရောယှက်နေ၏။ ကိုကိုကြီးနှင့်
မမကြီးကလည်း သူ့ကိုကြည့်ကာ မျက်နှာကိုမဲ့လိုက်ကြ၏။ အကြည့်အားလုံးကိုရင်မဆိုင်ရဲစွာ သူခေါင်းငုံ့နေမိ၏။ ဝမ်းနည်း
စိတ်တို့သည်သာ သူ့ထံတွင်ကိန်းအောင်းလို့လာခဲ့၏။ နာကျင်မှုပေါင်းစုံသည် သူ့ရင်ထဲစူးနစ်စွာခိုအောင်းလာခဲ့ရသည်။

 “ မိဘမျက်နှာ အိုးမဲသုတ်တဲ့ကောင်၊ ထစမ်း .. မင်း အခုချက်ချင်းထစမ်း အငယ်ကောင် ”  

အဖေ့ စကားအတိုင်း သူထရပ်လိုက်သည်။ ထိုးကြိတ်ခံထားရသည့်ဒဏ်ရာက အလွန်နာကျင်နေ၏။ သို့သော် သူ
မျက်ရည်မကျမိပါ။ အံကြိတ်၍တင်းခံထားမိ၏။ သူ မမှားသည့်ဖြစ်ရပ်တစ်ခုအတွက် သူ ခေါင်းမာ၍နေမိ၏။ အမှန်ကို
အမှန် တိုင်းရင်ဆိုင်သည်ကို အဖေတို့ဘာကြောင့်လက်မခံချင်ရသလဲ။ သူ့ရှင်းပြချက်ကိုရော အဖေတို့ ဘာဖြစ်လို့မယုံ
ကြည်ခဲ့ရသလဲ။ ဘာကြောင့်များ သူ ဘာလုပ်လုပ်အဖေတို့အကောင်းမမြင်ကြတာလဲ။ အဖေတို့၏မျက်လုံးတွင် သူ့ကိုသာ
အပြစ်တစ်ခု လိုမြင်နေခဲ့သည့်အတွက် သူဝမ်းနည်းမိသည်။

“ ကဲ .. ပြောစမ်း၊ မင်း ဘာအချိုးချိုးတာလဲ အငယ်ကောင်၊ မင်းကိုစောစောပြန်ခဲ့လို့ ငါမမှာထားဘူးလား ”  

“ သားသိပါတယ်အဖေ၊ ဒါပေမဲ့ သူငယ်ချင်းရဲ့မွေးနေ့မို့အတင်းခေါ်လို့လိုက်သွားတာပါ ”  

“ မင်း ငါ့ကိုပြန်မပြောနဲ့၊ အရက်သောက်မူးရူးပြီး ရန်ဖြစ်တာ တစ်ခါနှစ်ခါမကတော့ဘူး၊ မင်း လူမဟုတ်ဘူးလား
အငယ်ကောင်၊ တစ်ခါပြောရင် နားလည်မှပေါ့ ”  

“ ကျွန်တော် အရက်မသောက်တာအမှန်ပဲ အဖေ၊ ပြီးတော့ ရန်ဖြစ်တယ်ဆိုတာလည်း ဒီကောင်တွေ ရန်စလို့ဖြစ်တာ၊
ကျွန်တော့် အမှားမဟုတ်ဘူး ”  

“ ဘာ .. ဒီကောင်ပြောလေကဲလေပါလား.. ကဲကွာ ”  

“ ခွပ် .. ”  

အင်အားတွေအကုန်လုံးစုထည့်ထားသလားထင်ရလောက်အောင် ထိုးချက်ကပြင်းလွန်းလှသည်။ အထိုးခံရသည့် ဒဏ်ရာ
ထက် ရင်ထဲမှအုံ့ဖွဲ့လာသည့် နာကျင်မှုကအဆိုးဆုံး။ “ ဘယ်နားနာသွားလဲ သားရယ် ” ဟု ကြားချင်မိသည့် အမေ၏
စကားသံတို့သည် တိတ်ဆိတ်နေဆဲ။ “ တော်ပါ တော့ အဖေရယ် ” ဟု မတားသည့်အပြင် “ နည်းသေးတယ် ” ဟူသော
 အကြည့်တို့ဖြင့် ကြည့်နေသည့် ကိုကိုကြီးနှင့် မမကြီး။ ဝမ်းနည်းသည့်စိတ်တို့က ရင်ထဲတွင် ပြည့်နှက်အုံဖွဲ့လာခဲ့၏။
 အားလုံး ၏မျက်ဝန်းထဲတွင် သူ့ကိုသနားရိပ်တို့တစ်ချက်မှရှိမနေပါ။ အားလုံး၏ရှေ့တွင် သူက အပြစ်သားတစ်ယောက်လို
ဖြစ်နေခဲ့ရ သည်။

“ ဒီနေ့ကစပြီး အခန်းထဲကနေထွက်ဖို့မကြိုးစားနဲ့၊ အငယ်ကောင်ဆိုပြီး ဂြိုလ်မွှေတဲ့ကောင်၊ ငါ့စကားနားမထောင်ပဲ
ဒီတစ်ခါထွက်ရင်တော့ အပြီးထွက်၊ ဘယ်တော့မှ ပြန်မလာနဲ့ ”  

အဖေပြောသည့်စကားတွေက သူ့အရှိုက်ကိုတည့်တည့်ထိမှန်၏။ ဂြိုလ်ကောင်တဲ့။ ပြောရက်သည့် အဖေ့ကိုကြည့်ပြီး
ကြေကွဲစွာခံစားရ၏။ သူက ဂြိုလ်ကောင်တဲ့။ အားလုံးကိုဒုက္ခပေးနေသည့် ဂြိုလ်ကောင်တဲ့။ ထိုစကားသည်သာ သူ့နားထဲ
အကြိမ်ပေါင်းများစွာပဲ့တင်ထပ်နေခဲ့၏။

“ သူ့ကြောင့် ဒီအိမ်ကြီးက ဘယ်တော့မှကိုမအေးချမ်းရတော့ဘူး၊ အလကား ဆန်ကုန်မြေလေးကောင် ”  

ကိုကိုကြီးက ပြောပြီးထွက်သွား၏။ အမေနှင့် မမကြီးက သူ့ကိုဥပေက္ခာပြုကာ မီးဖိုချောင်ထဲဝင်သွား၏။ ထိုအခါမှ သူ
အခန်းထဲပြေးဝင်ကာ အားပါးတရငိုကြွေးလိုက်မိ၏။ အဖေ့စကားလုံးများက အဖေ့ထိုးချက်များထက်ပို၍နာကျင်မိ၏။
သူက အဖေပြောသလိုများဖြစ်နေခဲ့ပြီလား။ သူက ဒုက္ခပေးဖို့ရောက်လာသည့် ဂြိုလ်ကောင်လေးလား။ ထိုသို့သော
အတွေးတို့နှင့် နာကျင်နေသည့်ရင်က ပို၍ ပို၍ ဆင့်ကဲနာကျင်လာခဲ့ရ၏။

“အလကား ဆန်ကုန်မြေလေးကောင်၊ ဂြိုလ်မွှေဖို့ရောက်လာတဲ့ကောင် ”   ဆိုသည့်အသံများက နားထဲသို့သံရည်ပူများ လောင်းထည့်သလိုစီးဝင်လာ၏။

“ ဒီတစ်ခါထွက်ရင် အပြီးထွက်၊ ဘယ်တော့မှ ပြန်မလာနဲ့ ”  ဟူသော အဖေ့ရဲ့အသံကိုလည်း အဆက်မပြတ် ကြားယောင်
နေမိ၏။ မျက်ရည်များကလည်း အရှိန်ပြင်းစွာစီးဆင်းလာ၏။

“ ထွက်သွားပါ့မယ် အဖေရယ်၊ ဒီဂြိုလ်ကောင်လေး ထွက်သွားပါ့မယ်၊ ဘယ်တော့မှ ပြန်မပေါ်လာစေရပါဘူး အဖေရယ် ”

သူ ဝမ်းနည်းစွာရေရွတ်လိုက်ရင်း နာကျင်စွာငိုကြွေးမိ၏။ ပြတ်သားသည့်ဆုံးဖြတ်ချက်တစ်ခုကိုလည်း နောင်တကင်းစွာ
ချထားလိုက်၏။ ထိုဆုံးဖြတ်ချက်အတွက် သူဘယ်သောအခါမှ နောင်တရမည်မဟုတ်ပါ။ သူ့ဆုံးဖြတ်ချက်တို့ မှန်ကန်
သည်ဟုသာ နက်ရှိုင်းစွာယုံကြည်ထားခဲ့သည်။ သူ့အကြည့်တို့က တရွေ့ရွေ့နှင့် စင်ပေါ်တွင်တင်ထားသည့် ပိုးသတ်
ဆေးဘူးပေါ်ရောက်သွားခဲ့၏။ ပြီးနောက် ပိုးသတ်ဆေးဘူးကိုလှမ်းယူကာ သောက်ချလိုက်လေတော့၏။

                                                                  (၃)

“ ကဲ .. သွားကြရအောင် ”  

လူနီကြီးနှစ်ယောက်က သူ့လက်ကိုချုပ်ကိုင်ထားရာမှလှမ်းပြော၏။ သူ တုန်လှုပ်ခြောက်ခြားသွားမိခဲ့၏။ သူ့ကို ခေါ်သွား
တော့မည်တဲ့။ ဒါဆို အဖေတို့နှင့်သူဘယ်တော့မှတွေ့ခွင့်မရတော့ဘူးပေါ့။ ထိုအတွေးသည် တစ္ဆေတစ်ကောင်လို သူ့ကို
ခြောက်လှန့်သွားခဲ့သည်။ သူ အဖေတို့ကိုအရမ်းသတိရနေမိသည်။ အဖေတို့ဆီပြေးသွားချင်မိသည်။ သို့သော် သူ သွား၍
မရခဲ့ပါ။ လူနီကြီးနှစ်ဦးက သူ့ကိုတင်းကြပ်စွာချုပ်နှောင်ထားခဲ့သည်။

“ ခဏလေး .. ခဏလေးနေပါဦး.. ကျွန်တော် အဖေတို့ကိုတွေ့ချင်သေးတယ်၊ နောက်ဆုံးအနေနဲ့ခွင့်ပြုပေးပါဗျာ ”  

လူနီကြီးနှစ်ယောက်ကိုကြည့်ကာ သူ  ခွင့်တောင်းလိုက်မိသည်။ သူ၏မိုက်ရူးရဲဆန်သည့်လုပ်ရပ်ကြောင့် သူ ကြေကွဲစွာ
ခံစားနေရ၏။ အချိန်တိုလေးအတွင်းမှာပင် သူ သေဆုံးသွားခဲ့ပြီတဲ့။ မယုံရဲသော်လည်း အမှန်တရားကို သူ ရင်ဆိုင်ရတော့
မည်။ နောင်တတရားကိုသိမြင်လိုက်သော်လည်း သူ့ ဘဝကိုနောက်ပြန်ဆုတ်ခွင့်မရတော့ပါ။ သူသည် ဆူးကွန်ယက်ထဲသို့
မိုက်မဲစွာတိုးဝင်မိခဲ့ပြီဖြစ်သည်။

“ ကဲ .. ဒါဆို ခဏလေးတော့ ခွင့်ပြုပေးလိုက်မယ်၊ ဒါဟာ မင်းအတွက် နောက်ဆုံးအခွင့်အရေးပဲ”  

လူနီကြီးက ခွင့်ပြုလိုက်သဖြင့် သူလှမ်းကြည့်လိုက်မိသည်။ ပထမဆုံး သူ မြင်လိုက်ရသည်က အမေ့ကိုဖြစ်သည်။ အမေ
သည် သူ့အခန်းရှေ့တွင်ရပ်လျှက်ရှိ၏။ အမေ့ လက်ထဲတွင် သူအရမ်းကြိုက်သည့် ကြက်ဆီထမင်းပန်းကန်လေးကို ကိုင်
ထားခဲ့၏။

“ အငယ်ကောင်ရေ .. အမေဝင်ခဲ့မယ်နော်၊ ဒီမှာ အငယ်ကောင်လေးအကြိုက် ကြက်ဆီထမင်းဝယ်ထားတယ်၊ အဖေ့ကို
လည်း စိတ်မဆိုးပါနဲ့ကွယ်၊ အငယ်ကောင့်ကို ချစ်လွန်းလို့ဆုံးမတာပါ၊ အမေလည်း ခဏတော့ဒေါသထွက်မိတာပေါ့ကွယ်၊
ကဲ .. အဲဒါတွေမေ့ထားလိုက်တော့၊ ကြက်ဆီထမင်းစားရအောင် ”  

အမေ့နှုတ်မှချိုသာစွာချော့မော့ရင်း သူ့အခန်းထဲသို့လှမ်းဝင်လိုက်၏။ ခွေခွေလေးလဲကျနေသည့် သူ့ကိုမြင်သည်နှင့် အမေ့
မျက်ဝန်းတွေဝိုင်းစက်သွား၏။ ပြီးနောက် ကြက်ဆီထမင်းပန်းကန်သည် အောက်သို့ပြုတ်ကျသွားလေတော့၏။ အမေ့
ခန္ဓာကိုယ်သည် မယုံနိုင်ခြင်းများစွာဖြင့် တဆတ်ဆတ်တုန်လို့နေ၏။

“ အမယ်လေး .. အငယ်ကောင် ..ထစမ်းပါဦး..အကြီးကောင်နဲ့ အလတ်မ လာကြပါဦး.. ဒီမှာ အငယ်ကောင်ခေါ်လို့
မရတော့ဘူး .. ဟီး.. ဟီး.. ”  

 အမေ့၏ အလန့်တကြားငိုသံကြီးက ဟိန်းထွက်လာ၏။ ကိုကိုကြီးနှင့် မမကြီးက အခန်းထဲသို့ စိုးရိမ်တကြီးပြေးဝင်လာကြ
၏။ ကိုကိုကြီးသည် သူ့ကိုပွေ့ချီကာအိမ်ပြင်သို့ပြေးထွက်သွားခဲ့သည်။ အမေနှင့် မမကြီးက ငိုယိုလျှက် နောက်မှ ပြေးလိုက်
လာကြ၏။ ကိုကိုကြီးက တက္ကစီငှားကာ သူ့ကိုဆေးရုံသို့ခေါ်လာခဲ့သည်။ ကိုကိုကြီး၏မျက်ဝန်းတွင် မျက်ရည်များက
အဆက်မပြတ်စီးဆင်းနေခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး သူကြေကွဲစာခံစားနေခဲ့ရသည်။ ကိုကိုကြီးတို့အားလုံးက သူ့အတွက်မျက်ရည်ကျသတဲ့လား။
သူ့ကို တစ်ယောက်မှမချစ်ကြဘူးဟု သူထင်မှတ်ခဲ့သည်။ အခုတော့ အားလုံးက သူ့အတွက် မျက်ရည်ကျနေကြသည်။
သူ့ မျက်ဝန်းတွင်လည်း မျက်ရည်များစွာစီးကျလာခဲ့သည်။ ရင်နာစရာကောင်းသည့်မြင်ကွင်းကို သူတုန်လှုပ်စွာဆက်ကြည့်
နေမိ ပြန်သည်။

ဆေးရုံရှိကုတင်ပေါ်တွင် သူလဲလျောင်းနေခဲ့သည်။ ဆရာဝန်တွေက သူ့ကိုစမ်းသပ်မှုများလုပ်နေကြသည်။ ပြီးနောက်
ဆရာဝန်က အမေတို့ဘက်သို့လှည့်ကာ ဖြည်းညင်းစွာခေါင်းခါပြလိုက်သည်။ ထိုအခါ ငိုသံများက သူ့နားစည်သို့ ပြင်းထန်စွာ
ရိုက်ခတ်ထိမှန်လာခဲ့တော့၏။

“ အမယ်လေး အငယ်ကောင်ရယ်၊ အမေတို့ကိုပစ်ထားခဲ့ရက်တယ်နော်၊ သားလေးရယ် .. အငယ်ကောင်ရဲ့ ” 

အမေ့ရဲ့ငိုသံကို သူမကြားရက်ပေ။ သူ့ကြောင့် အမေ နာကျင်ကြေကွဲစွာငိုကြွေးနေရသည်။ နက်ရှိုင်းလှသည့် အမေ့ရဲ့
မေတ္တာကိုအခုမှ သူ အပြည့်အဝခံစားမိလာသည်။ အမေတို့ကိုကြည့်ပြီး သူ့ရင်တွေကြေမွအက်ကွဲကုန်ပြီထင်၏။ အမေ့
ဆီပြေးပြီး အမေ့ရင်ခွင်ထဲသို့ခိုဝင်လိုက်ချင်မိ၏။ အမေ့၏ နွေးထွေးယုယမှုကိုခံယူချင်မိ၏။ သို့သော် အမေ့ဆီသို့ သွားရန်
အခွင့်မသာခဲ့ပါ။ လူနီကြီးနှစ်ဦးက သူ့ကိုတင်းကြပ်စွာချုပ်နှောင်ထားခဲ့သည်။

“ ချစ်တဲ့သူကို တစ်ချက်ပိုရိုက်ရတယ် ဆိုတဲ့စကားကိုမကြားဖူးဘူးလား အငယ်ကောင်ရဲ့၊ ဒီအမေက ချစ်လို့ ဆုံးမတာကို
ဒီလိုထွက်သွားရလား လူမိုက်ရဲ့ ဟီး..ဟီး ”  

မငိုပါနဲ့တော့လား အမေရယ်။ ကျွန်တော် မကြည့်ရက်လို့ပါ။ ဟုတ်တယ် .. ကျွန်တော်က လူမိုက်ပါ။ မိဘက ချစ်လို့ဆုံးမ
တာကိုမနာခံခဲ့တဲ့ လူမိုက်ပါ အမေရယ်။ တံလျှပ်ကိုမှ ရေထင်ခဲ့တဲ့ လူမိုက်ပါ။

“ မိုက်လိုက်တာ အငယ်ကောင်ရယ်၊ ကိုကိုကြီးတို့ကို ဒီလောက်တောင်မုန်းရသလားကွာ၊ မင်းကိုချစ်လွန်းလို့ ဒီလိုလုပ်ရ
တာပါကွာ၊ မင်းသိရဲ့လား အငယ်ကောင်ရာ ”  

ကိုကိုကြီး၏စကားသံက သူ့နားထဲတွင်ဗုံးတစ်လုံးပေါက်ကွဲသလိုမြည်ဟီးသွားခဲ့၏။ သိပါပြီ ကိုကိုကြီးရယ်။ ကိုကိုကြီးတို့ရဲ့
နက်ရှိုင်းတဲ့မေတ္တာတရားကို ကျွန်တော် နားလည်ခဲ့ပါပြီ။ ကျွန်တော့်လိုလူမိုက်အတွက် မျက်ရည်မကျကြပါနဲ့။ ကျွန်တော်
ရင်တွေနာကျင်လွန်းလို့ပါ။

သူ ဖြေမဆည်နိုင်စွာငိုကြွေးနေမိခဲ့သည်။ ထိုစဉ်မှာပင် သူ့မြင်ကွင်းထဲသို့ဝင်လာသည်က အဖေ။ အဖေက ကျောင်းဆရာ
ပီပီ အမြဲတစေတည်ငြိမ်အေးဆေးစွာနေတတ်၏။ အခု သူမြင်နေရသည့် အဖေက အပြေးသမားတစ်ယောက်လို ဆေးရုံ
အတွင်းသို့ပြေးဝင်လာ၏။ အဖေ့ မျက်ဝန်းမှာတော့ တရစပ်စီးကျနေသည့် မျက်ရည်များစွာနှင့်။ အဖေအခုလို ဆောက်တည်
ရာမရပြေးလွှားနေသည်ကို သူတစ်ခါမှမမြင်ဖူးခဲ့ပါ။ အခုတော့ အဖေသည် တုန်လှုပ်ခြောက်ခြားစွာနှင့် ပြေးလွှားနေခဲ့ပါသည်။

“ အငယ်ကောင် .. သားလေး ”  

အဖေ့နှုတ်မှထွက်ကျလာသည့်ခေါ်သံတစ်ခု။ ထိုခေါ်သံလေးသည် သူ့နားထဲတွင် အကြိမ်ပေါင်းများစွာပဲ့တင်ထပ်နေခဲ့
သည်။ ကုတင်ပေါ်ရှိသူ့ကိုမြင်တော့ အဖေ့ ခြေလှမ်းတွေရုတ်တရက်ရပ်တန့်သွား၏။ အဖေ့ တကိုယ်လုံးတဆတ်ဆတ်
တုန်ယင်လာ၏။ ပြီးနောက် ယူကြုံးမရဖြစ်စွာနံရံသို့ထိုးလိုက်သည့် အဖေ။ အဖေ့လက်မှစီးကျလာသည့် သွေးတွေ။
အဖေ့ မျက်ဝန်းက မျက်ရည်တွေ။

ရင်နာစရာမြင်ကွင်းကိုကြည့်ပြီး သူ ကြေကွဲစွာခံစားနေရသည်။ သူ့အတွက် အားလုံးသောကပွေနေကြရသည်။ သေဆုံး
သွားသည့်တိုင်အောင် မိသားစုကိုဒုက္ခပေးခဲ့သည့် သူကိုယ်သူ ခွင့်မလွှတ်နိုင်အောင်ဖြစ်မိသည်။ အခုမှ သူက တကယ့်
ဂြိုလ်ကောင်တစ်ယောက်ဖြစ်ခဲ့ပြီပဲ။ မိသားစုကို အဆုံးစွန်အထိဒုက္ခပေးခဲ့သည့် ဂြိုလ်ကောင်တစ်ယောက်ဖြစ်ခဲ့ရပြီ။

“ အငယ်ကောင် .. သားလေး ”  

တစ်ခါမှမကြားခဲ့ရဖူးသည့် အဖေ့ရဲ့အသံ။ ညင်သာနူးညံ့မှုအပြည့်ပါသည့် အဖေ့ရဲ့အသံကိုကြားရလေ သူ့ရင်တွေ
နာကျင်လာလေဖြစ်သည်။

“ အဖေ့ကိုခွင့်လွှတ်ပါ အငယ်ကောင်ရယ်၊ ဒီလိုဖြစ်လာလိမ့်မယ်လို့ ကြိုမတွေးမိခဲ့တဲ့ အဖေ့ကိုခွင့်မလွှတ်ပါနဲ့၊ ဒီအသုံး
မကျတဲ့အဖေပဲ သေလိုက်ပါတော့လား  ”  

အဖေက သူ့နာမည်ကိုခေါ်ကာ ယူကြုံးမရဖြစ်စွာငိုေ    ကြွးနေခဲ့၏။ မကြာလိုက်ပါချေ။ ဆေးရုံဝန်ထမ်းတစ်ယောက်က သူ့
အလောင်းကိုတင်ထားသည့်လှည်းကို ရေခဲတိုက်ဘက်သို့ တွန်းသွားကြသည်။ အဖေ၊ အမေ၊ ကိုကိုကြီးနှင့် မမကြီးက
ငိုရှိုက်ကာ လိုက်သွားကြလေသည်။

ပစ္စက္ခအခြေအနေသည် သူ့အတွက် နောင်တတစ်ပွေ့တစ်ပိုက်နှင့် ယူကြုံးမရဖြစ်စေခဲ့၏။ သူ့ ရင်တစ်ခုလုံးလည်း ကွဲအက်
ကြေမွကုန်ပြီထင်၏။ သူ အားပါးတရငိုကြွေးလိုက်၏။ သူ အရမ်းမှားသွားခဲ့ပြီ။ လိမ္မာသည့်ဇာတ်ရုပ်တစ်ခုရအောင် အဖေ
တို့ပုံသွင်းပေးခဲ့ကြသော်လည်း သူကိုယ်တိုင်ကဗီလိန်ဇာတ်ရုပ်ကိုရွေးချယ်မိခဲ့သည်။ အေးမြသည့်မေတ္တာကွန်ယက်ထဲမှ
သူ မိုက်မိုက်မဲမဲရုန်းထွက်လာခဲ့မိပြီ။ အခုတော့ သူသည် ကြေကွဲခြင်းတွေကိုပွေ့ဖက်ရင်း ဘယ်တော့မှရုန်းမထွက်နိုင်သည့်
ဆူးကွန်ယက်အတွင်းသို့သက်ဆင်းမိခဲ့ပြီဖြစ်သည်။

“ ကဲ .. သွားကြရအောင် ”  

လူနီကြီးနှစ်ဦးက သူ့ကိုတင်းကြပ်စွာချုပ်ကိုင်လိုက်၏။ ပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးစွာဖြင့်မျောလွင့်သွား
သည်က တိမ်တွေဆီသို့ဖြစ်၏။ ထို့နောက် သူဘာကိုမှမသိတော့ပေ။ လွင့်မျောနေသည့်တိမ်တိုက်များက သူ့ကို စုပ်ယူ
ဝါးမြိုသွားခဲ့လေသည်။


                                                                                     Family  မဂ္ဂဇင်း
                                                                                 ဇူလိုင်လ ၊ ၂၀၁၃ ခုနှစ် ။


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More