Unordered List

ဘ၀မုန်တိုင်းဒဏ်

အပျိုစင်မဂ္ဂဇင်အောက်တိုဘာလ၊ ၂၀၁၂.

အလွမ်းပွင့်ဝေတက္ကသိုလ်မြေ

မာနရဲ့နောက်ဆက်တွဲ ရလာဒ်က နာကျင်ကြေကွဲမှုတွေပဲဆိုတာ နောင်တတွေ တပွေ့တပိုက်နဲ့ ငါနားလည်ခဲ့ရပြီ မဟော်ရယ်.

ဥက္ကဌရွေးပွဲ

ရယ်စရာမဂ္ဂဇင်း၊ မေလ ၊ ၂၀၁၃.

အမှောင်မြစ်ရဲ့ဝဲဂယက်

တောသူတောင်သားတွေရဲ့ဦးနှောက်မှာ အသိပညာဗဟုသုတတွေ နေမင်းကြီးလိုမလင်းနိုင်ရင် တောင်မှ ကြယ်ကလေးတွေလောက်တော့လင်းနိုင် အောင် မိချော ကြိုးစားရမယ်.

အိပ်တန်းပြန်ငှက်ကလေးများ

အညွန့်တလူလူတက်နေသည့်ဘဝကလေးတွေ ဒီလိုအမှာင်မြစ်ရဲ့ဝဲဂယက်ထဲမှာ သားကောင်ဖြစ်ခဲ့ရတာ ဘယ်လောက်တောင်များရှိနေခဲ့ပြီလဲ.

Thursday, July 18, 2013

သုညလွင်ပြင်

 
 
 (၁)


အကျင့်ရနေပြီဖြစ်တဲ့မျက်လုံးအစုံက မနက်လေးနာရီထိုးတာနဲ့ နိုးနေပြီ။ ဒါပေမဲ့ အိပ်ယာကမထသေးပဲ
ငတိုး မှေးနေ မိတယ်။ အဲဒီမှာ ငတိုး အာရုံထဲပေါ်လာတာက အဖေနဲ့ အမေရဲ့ပုံရိပ်။ အဖေနဲ့အမေကို
ငတိုးတွေ့ချင်လိုက်တာ။ ငတိုးက အဖေနဲ့များတူနေမလား။ အမေနဲ့များ ဆင်နေမလား။ ငတိုး အကြိမ်
ကြိမ်တွေးမိပါရဲ့။ ကပ္ပိယကြီးအဘအိမ်ကတော့ ပြော သေးတယ်။ ငတိုးက လူချောလေးတဲ့။ ငတိုးပျော်
လိုက်တာ။ အဖေနဲ့အမေလည်း အရမ်းချောမှာပဲလို့ ငတိုး တွေးမိသေးတယ်။


အခုဆို ငတိုး အသက်ဆယ်နှစ်ရှိပြီ။ အဖေနဲ့အမေကို တစ်ခါမှမမြင်ဖူးသေးဘူး။ ငတိုး သူငယ်ချင်းတွေမှာ
 အဖေရော အမေရောရှိတယ်။ အဖေမရှိရင်တောင်မှ အမေရှိကြတယ်။ အမေမရှိရင်လည်း အဖေတော့ရှိ
သေးတယ်။ ငတိုးမှာတော့ ရှိဘူးနော်။ အဘအိမ်ကိုမေးတော့လည်း အလကားပဲ။ ငတိုးကိုကြည့်ပြီး စိတ်
မကောင်းသလို ဟိုဘက်လှည့်နေတတ်တယ်။ ပြီးတော့ ပြောသေးတယ်။ “မသိချင်ပါနဲ့ ငတိုးရယ်” တဲ့။
ဘယ်လိုပဲပြောပြော သိချင်တာကတော့ သိချင်တာပဲပေါ့။ ဘာဖြစ်လို့ ငတိုး တစ်ယောက်တည်း အဖေနဲ့
အမေ ပျောက်နေရတာလဲ။ ငတိုးလည်း သူများတွေလို အဖေနဲ့အမေလိုချင်တာပေါ့။ ငတိုး နေ့တိုင်း
 ဖျာကြမ်းလေးခင်းပြီး တစ်ယောက်တည်းအိပ်ရတာ။ ဒီတော့ ငတိုး အဖေနဲ့အမေကိုဖက်ပြီးအိပ်ချင်တာ
ပေါ့။


“ ဟေ့ ငတိုး ထတော့လေ၊ ဆွမ်းခံထွက်ရတော့မှာ ”


အဘအိမ်ရဲ့အသံကြားတော့ ငတိုး အတွေးတွေလွင့်ပျောက်သွားတယ်။ အိပ်ယာကမြန်မြန်ထလိုက်တယ်။
 ပြီးတော့ ကျောင်းနောက်ကရေတွင်းဆီလျှောက်လာခဲ့တယ်။ စဥ့်အိုးထဲမှာရှိနေတဲ့ရေနဲ့သွားတိုက် မျက်နှာ
သစ်ပြီး ကျောင်းပေါ်ပြန်တက်လာခဲ့တယ်။ ကျောင်းပေါ်ရောက်တော့ ငါးနာရီထိုးနေပြီ။ ဒီတော့ ကြေးစည်
ကိုယူပြီး ဆွမ်းခံထွက်ဖို့ပြင်ရတယ်။ ဆွမ်းခံထွက်မှာက ဘုန်းကြီးနှစ်ပါး၊ ကိုရင်သုံးပါးနဲ့ငတိုးတို့လိုဘုန်းကြီး
ကျောင်းသားကနှစ်ယောက်။ မနက်ငါးနာရီထိုးတိုင်း အာရုံစာ ဆွမ်းခံဆင်းနေကျ။


“ ဆွမ်းတော်ဗျို့.. ”


ကျောင်းကစထွက်ပြီဆိုတာနဲ့ ငတိုးရဲ့အသံလေးက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတယ်။ ကြေး
စည်လေး တီးလိုက် ဆွမ်းတော်ဗျို့လို့အော်လိုက်နဲ့ ငတိုး တော်တော်လေးအရသာတွေ့နေတယ်။ ရွာဓ
လေ့အတိုင်း အိမ်စေ့လိုလို ဆွမ်း ထလောင်းကြတာမို့ သပိတ်တွေထဲမှာ ဆွမ်းတွေအမို့အမောက်ပဲ။
ငတိုးတို့ရွာမှာ ဘုန်းကြီးကျောင်းဆိုလို့ ရွာဦးကျောင်း တစ်ကျောင်းပဲရှိတာ။ ဒါကြောင့် ရွာရဲ့အရေးကိစ္စ
မှန်သမျှ ဆရာတော်ကိုအားကိုးကြတယ်။ ကျောင်းကိုပြန်ရောက်တော့ ခြောက်နာရီထိုးပြီ။ ရလာတဲ့
ဆွမ်းတွေကို ဇလုံတစ်ခုထဲလောင်းထည့်တယ်။ ဘုန်းကြီး ကျောင်းဆိုပြီး အထင်တော့မသေးနဲ့။ ဟင်းမျိုးစုံ
ရှိတယ်။ ရွာထဲကလူတွေ အာရုံစာအတွက် ဟင်းတွေလာပို့ထားကြတာမှ အများကြီး။ ကိုရင်သာထွန်းတို့
အိမ်က ဝက်သားဟင်းလာပို့ထားတယ်။ အမယ်ဒေါင်းတို့အိမ်ကကျတော့ ခရမ်းသီးနှပ်လေးနဲ့ ငရုတ်သီး
ထောင်းကြော်။ ဦးကြံရင် အိမ်က ချိုချဉ်ကြော်နဲ့ ဘာလချောင်ကြော်ကတစ်ဘူး။ အရီးကျော့တို့အိမ်က
 ကြာဇံဟင်းချို နဲ့ မုန်ညင်းကြော်။ အာရုံစာ တောင်မှ စုံနေတာပဲ။


အဲဒီကမှ ဆရာတော်အတွက် ဆွမ်းပွဲသီးသန့်ပြင်ပေးရတယ်။ ဆွမ်းပွဲအတွက်က အဘအိမ်ပဲပြင်တာပါ။
ငတိုးတို့ ကျောင်းသားတွေကတော့ ခိုင်းတာလုပ်ပေးရုံပဲ။ အချိုပွဲအတွက် ပျားရည်ဆမ်းငှက်ပျောရှိတယ်။
 မနေ့က မြို့ကလာတဲ့ ဦးသာရင် လာလှူထားတဲ့ ကိတ်မုန့်ဆိုလား။ အဲဒါလည်းရှိတယ်။ ငတိုးဖြင့် မစားဖူး
ပါဘူး။ ဆရာတော်ဘုရား ဆွမ်းဘုန်းပြီးမှ ငတိုး တဝကြီးစားရဦးမယ်။


ငတိုးတို့ကျောင်းသားဘဝက ပျော်စရာတော့အကောင်းသား။ စားချိန်တန်စား၊ အိပ်ချိန်တန်အိပ်။လုပ်စရာ
ရှိတာလုပ်။ ပြီးတော့ ငတိုးကျောင်းလည်းတက်ရသေးတယ်။ဆရာတော်ဘုရားကထားပေးတာလေ။ ရွာမှာ
ကျောင်းတစ်ကျောင်းပဲရှိတာ။ရွာဦးကျောင်းမှာငတိုးအပါအဝင်ဘုန်းကြီးကျောင်းသားဆယ်ယောက်တောင်
ရှိတယ်။ ဆယ်ယောက်စလုံး ကျောင်းတက်ရတယ်။ ငတိုးဆိုရင်လေးတန်းကြီးများတောင်ရောက်ရောပေါ့။
 အတန်းထဲမှာ ငတိုး အမြဲပထမရတယ်။ ငတိုးကို ဆရာမတွေ လည်း ချစ်ကြတယ်။ အဖေနဲ့အမေသာရှိရင်
ငတိုးကိုအရမ်းချစ်မှာ။ ငတိုးကလိမ္မာတာကိုး။ တစ်ခါတစ်လေများ ဆွမ်းစားဆောင်အောက်ကခွေးကလေး
တွေကိုကြည့်ပြီး ငတိုး ဝမ်းနည်းမိတယ်။ ခွေးကလေးတွေမှာတောင် သူ့အမေခွေးမကြီး ရှိသေးတယ်။
ငတိုးမှာတော့ မရှိဘူးနော်။


ခွေးကလေးတွေ တဝုတ်ဝုတ်နဲ့ အော်နေကြတယ်။ သူတို့ အမေလို့ခေါ်နေကြဖြစ်မှာပေါ့။ ဒီတော့ ငတိုး
လည်း ပါးစပ် ကလေးလှုပ်ပြီး အဖေနဲ့အမေလို့ခေါ်မိတယ်။ ငတိုး အသံကိုကြားရင် အဖေနဲ့အမေ ငတိုး
ကိုလာခေါ်မှာလို့ထင်မိတယ်။ ဒါကြောင့် ငတိုး အမြဲခေါ်နေခဲ့တာ။ ဒါပေမဲ့ အခုချိန်အထိ အဖေနဲ့အမေ
ရောက်မလာသေးဘူး။ တစ်နေ့နေ့တော့ ရောက်လာ မှာပါ။ ရောက်လာမှာလို့လည်း ငတိုး ထင်နေမိ
တယ်။


(၂)


“ ဟေး .. အရူးမကြီးဟေ့ ”


“ အရူးမကြီးကွ.. တစ်ကိုယ်လုံးလည်း ညစ်ပတ်နေတာပဲ ”


ကျောင်းသားတွေအားလုံးဝိုင်းအုံနေကြတော့ငတိုးလည်းတိုးဝင်ကြည့်လိုက်တယ်။အရူးမကြီးတစ်ယောက်
စာသင် ကျောင်းနားက သစ်ပင်အောက်မှာထိုင်နေတယ်။ အဝတ်တွေလည်း စုတ်ပြဲလို့။ တစ်ကိုယ်လုံး
လည်း ဖုန်တွေသဲတွေပေပြီး ညစ်ပတ်နေတယ်။


“ ဟေ့ .. အရူးမကြီး၊ ကပြပါဦး ”


ကျောင်းသားတစ်ယောက်ကအော်လိုက်တယ်။ ဒီတော့ အရူးမကြီးက မျက်စောင်းလှမ်းထိုးတယ်။ ကျောင်း
သားတွေ က အရူးမကြီးကိုကြည့်ပြီး ရယ်တဲ့သူကရယ်။ လက်ခုပ်တီးတဲ့သူက တီးနဲ့။ စည်နေတာပဲ။


“ ကပြပါဘူး၊ ဘာလို့ကပြရမှာလဲ၊ ငါ ဗိုက်ဆာနေတယ်၊ နင့်လက်ထဲကမုန့်ကျွေး ”


ကျောင်းသားရဲ့လက်ထဲမှာကိုင်ထားတဲ့မုန့်ထုပ်ကိုကြည့်ပြီး အရူးမကလှမ်းပြောတယ်။ ဒီတော့ ဝိုင်းကြည့်
နေကြတဲ့ ကျောင်းသားတွေ တဝါးဝါးနဲ့ရယ်ကြတယ်။ အရူးမကြီးက မုန့်ကိုကြည့်နေလိုက်တာ သွားရေ
တောင်ကျတယ်။ အရူးမကြီးကို ငတိုး သနားလိုက်တာ။ အရူးမကြီးက မုန့်စားချင်နေတာ။ စောစောက
သာသိရင် ငတိုး မုန့်မစားပဲ အရူးမကြီးကိုကျွေးပါတယ်။ အခုတော့ မုန့်ကကုန်သွားပြီ။


“ အရူးမကြီးကလည်တယ်ဟေ့၊ ကဲ ကပြနော်၊ ကပြရင် မုန့်ကျွေးမှာ ”


“ တကယ်နော်၊ တကယ်ကျွေးမှာနော် ”


“ တကယ်ကျွေးမှာ၊ ကဲ .. ကပြတော့ ”


မုန့်ကိုမြှောက်ပြပြီးပြောတော့အရူးမကြီးရဲ့မျက်လုံးတွေအရောင်တောက်လာတယ်။အရူးမကြီးကတကယ်
ဆာနေ လို့ထင်ပါရဲ့။ ကနေလိုက်တာများ ကွေးကောက်နေတာပဲ။


“ မေမေ့သားလေးအိပ်တော့ကွယ် မေကြီးဗိုက်ဆာတယ် .. မေမေ့သားလေးအိပ်ပါတော့ မေကြီးဆာလှ
ပေါ့ .. ဟေ့ ဗိုက်ဆာတယ် .. မုန့်စားရတော့မယ် .. တူနယ် တူနယ် .. ဗြောင်  ”


အရူးမကြီးက အဆီအငေါ်မတည့်တဲ့ သီချင်းတွေဆိုပြီး ကနေလိုက်တာ။လူကသာကနေပေမယ့်မျက်လုံး
အစုံက မုန့်ဆီရောက်နေတာအထင်းသား။ အရူးမကြီးကို ငတိုးသနားလိုက်တာ။တခြားကျောင်းသားတွေ
ကတော့ တဝါးဝါးနဲ့ရယ်ပြီးသဘောအကျကြီးကျနေလိုက်ကြတာ။ငတိုးကဖြင့် အရူးမကြီးကိုသနားပြီးရင်း
 သနားနေမိတယ်။


“ တော်ပြီ .. ငါဗိုက်ဆာတယ်၊ မုန့်ကျွေးတော့လေ ”


“ ရော့ .. စားလေ ”


အရူးမကြီးက ကတာကိုရပ်ပြီး မုန့်တောင်းတော့တယ်။ ဒီတော့ ကခိုင်းတဲ့ကျောင်းသားတွေက အကျင့်ပုတ်
တယ်။ မုန့်တွေကို မြေကြီးပေါ်ပစ်ချလိုက်တယ်။ အရူးမကြီးကတော့ မြေပေါ်ကျနေတဲ့မုန့်တွေကို အလု
အယက်ကောက်စားတော့ တယ်။ အနီးအနားကလူတွေကိုလည်း သူ့မုန့်လုစားမယ်ထင်ပြီး ရန်လုပ်နေ
တယ်။ ဒီမြင်ကွင်းကို ငတိုး မကြည့်ရက်တော့ဘူး။ ငတိုး ရင်ထဲမှာဝမ်းနည်းလွန်းနေတယ်။


“ အမေ မစားနဲ့ ”


အရူးမကြီးအနားကို ငတိုး ပြေးဝင်သွားပြီး မုန့်တွေကိုလုယူလိုက်မိတယ်။ ငတိုးအရမ်းခေါ်ချင်မိတဲ့စကား
တစ်ခွန်း ကိုလည်း ငတိုး လွှတ်ခနဲခေါ်မိသွားတယ်။ ငတိုး တစ်ခါမှဒီလိုမခေါ်ခဲ့ဖူးတာ။ ဒီလိုခေါ်လိုက်ရ
တော့ ငတိုး ရင်ထဲကိုနွေးသွားတာပဲ။


“ သွားစမ်း .. သွား .. ငါ့မုန့်တွေလာမလုနဲ့၊ သွား .. နင်မလာနဲ့ ”


အရူးမကြီးက ငတိုးကိုတွန်းထုတ်ပစ်တယ်။ ငတိုးကလည်း မရဘူး။  အရူးမကြီးဆီက မုန့်ကိုအတင်းပဲ
ဝင်လုတယ်။ အရူးမကြီးကတွန်းထုတ်လိုက်။ ငတိုးက ဝင်လုလိုက်နဲ့။ ရုန်းရင်းဆန်ခတ်ဖြစ်နေတော့
တယ်။ နောက်ဆုံး ငတိုး ဝမ်းနည်းစိတ် နဲ့ အော်ငိုလိုက်မိတယ်။


“ အမေစားချင်ရင် ငတိုးဝယ်ကျွေးမှာပေါ့၊ ညစ်ပတ်တဲ့မုန့်တွေမစားပါနဲ့အမေရယ်၊ ဟီး ဟီး ”


ငတိုး ဝမ်းနည်းလွန်းလို့ငိုချလိုက်မိတယ်။အရူးမကြီးက ငတိုးကိုကြည့်ပြီးငူငူငိုင်ငိုင်ဖြစ်သွားတယ်။ ပြီးတော့ 
အရူးမ ကြီးက ငတိုးရဲ့ခေါင်းကိုညင်ညင်သာသာပွတ်သပ်ပေးလာတယ်။ အဲဒီတော့မှ ငတိုး ပိုဝမ်းနည်း
လာတယ်။ အရူးမကြီးကို ဖက်ပြီး ငတိုး ငိုလိုက်မိတယ်။


“ နင် မငိုနဲ့တော့နော်၊ ငါ မကောက်စားတော့ပါဘူးဟဲ့၊ နင် ငိုနေရင် ငါလည်းငိုချင်တယ် ဟီး ..ဟီး  ”


အရူးမကြီးက ပြောပြီးငိုချတယ်။ အရူးမကြီးနဲ့ ငတိုး ဖက်ပြီးငိုနေမိကြတယ်။ အဘေးက ကျောင်းသားတွေ
ကတော့ ငတိုးတို့ကိုကြည့်ပြီး ဝိုင်းရယ်ကြတယ်။ ငတိုး ရှက်ရကောင်းမှန်းမသိဘူး။ အရူးမကြီးပျောက်သွား
မှာစိုးလို့ ငတိုး တင်းတင်း ကြပ်ကြပ်ပွေ့ဖက်ထားခဲ့တယ်။


“ နင် မငိုနဲ့တော့လေ၊ နင်ငိုရင် ငါလည်း ငိုမှာ ”


“ ဒါဆို ငတိုး မငိုတော့ဘူး၊ အမေလည်း မငိုနဲ့တော့နော် ”


အရူးမကြီးက ခေါင်းညိတ်ပြတယ်။ အရူးမကြီးရဲ့မျက်နှာကမျက်ရည်တွေကို ငတိုး သုတ်ပေးလိုက်တယ်။
ဒီတော့ အရူးမကြီးကလည်း ငတိုးမျက်နှာပေါ်ကမျက်ရည်တွေကိုပြန်သုတ်ပေးတယ်။ငတိုး အရမ်းကြည်
နူးသွားမိတယ်။ အရူးမကြီး ရဲ့ လက်ကိုဆွဲပြီး ငတိုးခေါ်လာခဲ့တယ်။အရူးမကြီးက ပျော်ရွှင်နေတဲ့ဟန်နဲ့
ခုန်ပေါက်နေတယ်။ ငတိုးရင်ထဲမှာလည်း ဘုရားပွဲလှည့်သလို အရမ်းပျော်ရွှင်နေမိတယ်။ ငတိုးဘဝမှာ
အမေတစ်ယောက်ရှိလာခဲ့ပြီလေ။


(၃)


“ အဘအိမ်ရေ .. ငတိုးမှာ အမေရှိပြီ၊ အမေ့ကို ငတိုး ခေါ်လာခဲ့တယ် ”


“ ဟေ ”


ကွပ်ပျစ်ပေါ်မှာထိုင်နေတဲ့ အဘအိမ်ကတအံ့တသြနဲ့ ငတိုးတို့ကိုကြည့်တယ်။ငတိုးက အမေ့ကို လက်ညှိုး
ထိုးပြ တော့ အဘအိမ်ရဲ့မျက်လုံးအစုံက မြင့်တက်သွားတယ်။ ဟေခနဲ အံ့သြသွားတာလည်း အထင်း
သား။ ပြီးတော့ ငတိုးကို တစ်လှည့် အမေ့ကိုတစ်လှည့်ကြည့်နေတယ်။


“ ဟဲ့ ငတိုး၊ မင်းနှယ်ကွာ.. ဘယ်ကအရူးမကိုခေါ်လာတာလဲဟ ”


“ အရူးမ မဟုတ်ပါဘူး အဘအိမ်ရဲ့၊ ငတိုးရဲ့အမေပါ ”


အမေ့ကို အရူးမလို့ပြောတာတော့ ငတိုး မခံချင်ပါဘူး။ ဘယ်သူတွေ ဘာပြောပြော အမေ့ကို ငတိုးချစ်
တယ်။ ငတိုး အမေတစ်ယောက်လိုချင်ခဲ့တာ ကြာလှပေါ့။ အခုတော့ ငတိုးမှာ အမေတစ်ယောက်ရှိလာ
ခဲ့ပြီ။


“ မဖြစ်ပါဘူး ငတိုးရယ်၊ ဘုန်းကြီးကျောင်းနဲ့ မိန်းမ မအပ်စပ်ဘူးကွဲ့၊ ပြန်သွားပို့လိုက်ပါနော်၊ ငတိုးက
 လိမ္မာပါတယ် ”


ဘကြီးအိမ်ရဲ့စကားကြားတော့ ငတိုး အကြိမ်ကြိမ်ခေါင်းခါလိုက်မိတယ်။ အမေ့ကို ပြန်ပို့ရမယ်တဲ့။ မပို့နိုင်
ပါဘူး။ အခုမှ ငတိုးမှာ အမေတစ်ယောက်ရတာ။ ငတိုး အမေတစ်ယောက်လိုချင်ခဲ့တာ ဘယ်လောက်ကြာ
ပြီလဲ။ ဒါနဲ့များ အမေ့ကို ပြန်ပို့ခိုင်းရက်တယ်။


“ အမေ့မှာနေစရာမှမရှိတာ၊ ငတိုးသာမခေါ်ထားရင် အမေ ဒုက္ခရောက်မှာပေါ့၊ နော် အဘအိမ်၊ အမေ့ကို
 ခြံထောင့်က ဇရပ်လေးမှာထားမှာပါ၊ ငတိုးမှာအမေရပြီဆိုတော့ အဘအိမ်က အဖေလုပ်ပေါ့ ”


“ ငတိုး .. မင်းနှယ်ကွာ .. ပြောစရာရှားလို့ ”


ငတိုးစကားကြားတော့ အဘအိမ် ရှက်ကိုးရှက်ကန်းဖြစ်သွားတယ်။ နောက်ဆုံးတော့လည်း သဘောတူ
လိုက်ရတာ ပါပဲ။ ဒါပေမဲ့ ဆရာတော့်ကို လျှောက်ထားဦးမှ။ ဆရာတော် သဘောမတူရင်တော့ တစ်မျိုး
စဉ်းစားရမှာပေါ့လေ။ အခုတော့ ပျော်နေရှာတဲ့ ငတိုးကိုကြည့်ပြီး အဘအိမ် မျက်ရည်ဝေ့နေမိတယ်။
 ငတိုးက အဘအိမ်လက်ထဲမှာ ကြီးလာတဲ့ကလေး။ လသားအရွယ်မှာ ကျောင်းရှေ့ရက်ရက်စက်စက်
စွန့်ပစ်ထားခံရတဲ့ ကလေး။ အမိ အဖက ဘယ်သူဘယ်ဝါဆိုတာလဲမသိရ။ အပူမရှာချင်လို့ ဘုန်းကြီး
ကျောင်းမှာနေလာခဲ့တာ လာရောက်တွယ်ငင်တဲ့သံယောဇဉ်တွေက ဖြတ်ရအခက်သားပါလား။  အင်း
ပုထုဇဉ်ဆိုတာကလည်း သံသရာဝဲဂယက်ထဲက ရုန်းထွက်ရခက်တဲ့အမျိုးမဟုတ်ပါလား။ ဒီတော့လည်း
 အဘအိမ် ဘာများတတ်နိုင်ပါဦးမလဲလေ။


(၄)


တစ်နေ့တစ်နေ့ အမေနဲ့နေရတာ ငတိုးပျော်လိုက်တာ။ ငတိုးနဲ့နေရတာ အမေလည်းပျော်နေပုံရတယ်။
အခုဆို အမေက အရင်လိုညစ်ညစ်ပတ်ပတ်မဟုတ်တော့ဘူး။ အမေ့ကို နေ့တိုင်းရေချိုးပေးတယ်။ သနပ်
ခါးလိမ်းပေးတယ်။ ရွာထဲက လာပေးထားတဲ့အဝတ်တွေနဲ့ အမေကအမြဲသန့်ရပ်နေတော့တယ်။ ဒီလိုဆို
တော့လည်း အမေက လှလိုက်တာ။ ငတိုး အမြဲ တမ်း အမေ့အနားမှာပဲနေမိတယ်။ ကျောင်းသွားရင်
တောင် အဘအိမ်ကိုအမြဲမှာထားခဲ့ရတယ်။ ကျောင်းတက်ချိန်နီးမှသွားတဲ့ ငတိုး ကျောင်းလွှတ်လွှတ်ချင်း
အပြေးပြန်ခဲ့တာလည်း နေ့တိုင်းပဲ။ ပြန်ရောက်လို့ အမေ့ကိုတွေ့လိုက်ရမှ ငတိုး စိတ်အေးရတာ။ အမေ့ကို
ငတိုး လုံးဝစိတ်မချဘူး။ ငတိုးအနားကနေ အမေထွက်သွားမှာကို အရမ်းကြောက်တာပဲ။


“ ဟဲ့ ငတိုး၊ ငါ့ကိုထမင်းကျွေးတော့လေ၊ ငါ ဗိုက်ဆာလှပြီ ”


အမေက နှုတ်ခမ်းလေးဆူပြီးပြောတယ်။ ဒီတော့ ငတိုး ချက်ချင်းပဲ ဆွမ်းစားဆောင်မှာ ထမင်းနဲ့ဟင်းသွား
ယူလာ ခဲ့တယ်။ အမေကို့ ဒီအတိုင်းမကျွေးဘူး။ ငတိုး ကိုယ်တိုင်ခွံ့ကျွေးတာ။ အမေကလည်း ငတိုးထမင်း
ခွံ့ကျွေးပြီဆိုရင် အရမ်းပျော်ပုံရတယ်။လက်ခုပ်လေးတောင်တီးလို့။ အမေက အရင်လိုညစ်ညစ်ပတ်ပတ်
လည်းမဟုတ်တော့ဘူး။ သန့်သန့်ရှင်းရှင်း နေတတ်နေပြီ။ အင်္ကျီလေးနည်းနည်းပေနေတာကိုတောင်
အမေကမဝတ်ချင်တော့ဘူး။ သနပ်ခါးကွက်လေးတင်ထားတဲ့ အမေ့ရဲ့ ပါးဖောင်းဖောင်းလေးကလည်း
ငတိုး မွှေးလို့ကိုမဝဘူး။ အမေက တခြားသူတွေကိုသာ မရချင်နေမယ်။ ငတိုးကိုဆို အရမ်းချစ်တာ။
ငတိုးကို အဘအိမ်ဆူရင်တောင် အမေက ပြန်ပြောပစ်တာ။ ဒါကြောင့် အဘအိမ်ကပြောတာပေါ့။ ဒီ
သားအမိ ကိုတော့ မျက်စိကိုနောက်ရောတဲ့။ အဲဒီအခါများဆို အမေက မျက်စောင်းကို ဒိန်းကနဲနေ
အောင်ထိုးလိုက်ရော။ အဘအိမ်ဆို အမေ့ကိုကြည့်ပြီး ကွမ်းစားလို့ညိုညစ်နေတဲ့သွားတွေပေါ်အောင်
ကိုရယ်လို့။


“ ဟဲ့ ငတိုး၊ လမ်းလျှောက်သွားရအောင်လေ ”


ထမင်းစားပြီးပြီဆိုတာနဲ့ အမေက တစ်မျိုးပူဆာတော့တယ်။ ဒီတော့ ငတိုးလည်း အမေနဲ့လမ်းလျှောက်
ထွက်ဖို့ ပြင်ရပြန်တယ်။ ငတိုးနဲ့ အမေက အမြဲလမ်းလျှောက်ထွက်နေကျ။ အမေ့လက်ကိုဆွဲပြီးသွားရတာ
ငတိုး အရမ်းပျော်မိတယ်။ အမေကလည်း တစ်လမ်းလုံး သိချင်တာတွေကိုမေးနေရော။ ဒါဆို ငတိုးက
လည်း သိသမျှကိုပြန်ရှင်းပြနဲ့။ အရမ်းကြည်နူးဖို့ ကောင်းတာပဲ။


“ ဟဲ့ ငတိုး၊ နင့်မှာတော့နာမည်ရှိတယ်၊ ငါ့မှာတော့ နာမည်မရှိဘူး ”


လမ်းလျှောက်နေရင်း အမေကနှုတ်ခမ်းဆူပြီးပြောတယ်။ ဟုတ်သားပဲ။ ငတိုးမှာနာမည်ရှိပြီး အမေ့မှာ
နာမည်မှ မရှိ တာ။ ဒီတော့ အမေ့ကိုနာမည်ပေးဖို့ ငတိုးစဉ်းစားရတယ်။ ဒေါ်တိုး ဆိုရင်ကောင်းမလား။
ငတိုးနာမည်လည်းပါတယ်လေ။ သားအမိဆိုတော့ နာမည်တူရင်ပိုကောင်းတာပေါ့။


“ ဒါဆို အမေ့နာမည်ကို ဒေါ်တိုးလို့ပေးမယ်၊ ငတိုးနာမည်လည်းပါတာပေါ့အမေရဲ့၊ အမေ့ နာမည်က
ဒေါ်တိုး နော် သေချာမှတ်ထား ”


 “ နင်က ငတိုး .. ငါက ဒေါ်တိုး၊ ဟေး ပျော်လိုက်တာ၊ ငါ့နာမည် ဒေါ်တိုး ”


အမေက ဝမ်းသာအားရနဲ့အော်ပြီးကတယ်။ ငတိုးက လက်ခုပ်တီးပေးတယ်။ ပျော်လိုက်တာ။ အမေပျော်
သလို ငတိုး လည်း ပျော်တယ်။ ငတိုး နဲ့ ဒေါ်တိုး။ ဘယ်လောက် ချစ်စရာကောင်းလိုက်တဲ့ သားအမိလဲ။
ငတိုးနဲ့ အမေ လက်ခုပ်လေးတီး ပြီး ရယ်နေတုန်းရှိသေးတယ်။ မိုးဖွဲလေးတွေက တစ်ပေါက်ပေါက်ကျလာ
တယ်။ ကောင်းကင်ကြီးကလည်း မည်းညို့လို့။


“ ဟဲ့ ငတိုး၊ ဟိုအပေါ်ကနေ ရေတွေကျလာတယ် ”


အမေက ခေါင်းလေးကိုလက်နဲ့ကာရင်း အပေါ်ကိုမော့ကြည့်ပြီးပြောတယ်။ အမေ့ကိုကြည့်ပြီး ငတိုးရယ်မိ
တယ်။ အမေ ဘာပဲလုပ်လုပ် ငတိုး မျက်လုံးထဲမှာ ချစ်စရာကောင်းနေတော့တယ်။


“ အဲဒါ မိုးရွာတာ အမေရဲ့၊ မိုးရေထဲမှာဆော့ရတာပျော်စရာကောင်းတယ် ”


“ ဟုတ်လား ငတိုး၊ ဒါဆို ငါတို့ ဆော့ကြရအောင် ”


အမေ့လက်ကိုဆွဲပြီး မိုးဖွဲလေးတွေကြားပြေးလွှားနေမိတယ်။ ငတိုး အရမ်းပျော်တာပဲ။ အမေကလည်း
ရယ်မောရင်း ငတိုးနဲ့အတူပြေးလို့။ မိုးဖွဲလေးတွေကလည်း အဖြည်းဖြည်းနဲ့ များလာတယ်။ ခဏနေတော့
မိုးက သည်းသည်းမည်းမည်း ရွာလာတော့တယ်။ နှစ်ယောက်စလုံး ရွှဲရွှဲစိုနေတာတောင် မချမ်းနိုင်ကြဘူး။
ငတိုးနဲ့ အမေက မိုးသည်းထဲမှာ ပြေးဆော့လို့ ကောင်းနေကြတုန်း။ အမေနဲ့အတူ မိုးရေကြားထဲမှာ ခုန်
ပေါက်ပြေးလွှားရင်း ငတိုး အပျော်ကြီးပျော်နေမိတော့တယ်။


(၅)


ဒီနေ့ကျောင်းကပြန်လာတာနဲ့ အမေ့ကိုမတွေ့ရဘူး။ ခါတိုင်းဆို အမေက ပြတင်းပေါက်ကနေ ငတိုးကို
မျှော်နေရှာ တာ။ ငတိုးလာတာမြင်ရင် အမေက ခုန်ပေါက်ကခုန်ရင်း ပြေးလွှားလာရော။ ငတိုးရဲ့လွယ်
အိတ်လေးကိုယူပြီး အမေက လွယ်ထားတတ်တာ။ ဒီိနေ့ အမေ့ကို မမြင်ရတော့ ငတိုးရင်ထဲ ဟာတာ
တာကိုဖြစ်လို့။ မိုးကလည်း မနက်ကတည်းက ရွာနေ တာ။ အမေက မိုးရွာထဲများလျှောက်သွားနေ
တာလား။ အမေ့ကို မမြင်ရတော့ ငတိုး စိတ်ပူမိတယ်။ ဒါကြောင့် အဘအိမ်နေတဲ့ ဇရပ်ဆီကို ငတိုး
လာခဲ့တယ်။ အဘအိမ်ကတော့ ထုံးစံအတိုင်း ကွမ်းလေးဝါးလို့။


“ အဘအိမ် .. အမေ့ကိုမတွေ့မိဘူးလားဗျ ”


“ ဟေ .. မတွေ့မိပါလား ငတိုးရ၊ ဇရပ်ပေါ်မှာမရှိဘူးလား ”


“ မရှိဘူး အဘအိမ်ရဲ့ ”


ငတိုး ခေါင်းခါပြလိုက်မိတယ်။အမေ့အတွက် ငတိုး စိုးရိမ်လှပြီ။ မိုးရွာထဲမှာ အမေ လျှောက်သွားလို့နေပြီ
လား။ငတိုး စိုးရိမ်တကြီးနဲ့ မိုးရွာထဲမှာပြေးလာခဲ့တယ်။အမေ့ကိုနေရာအနှံ့လိုက်ရှာတယ်။အမေ့ကိုမတွေ့
ရလေ ငတိုး ငိုချင်လာလေပဲ။မိုးကလည်း သည်းသည်းမည်းမည်းရွာနေဆဲပဲ။အမေ့အတွက် ငတိုးစိတ်ပူ
လှပြီ။ ဘုန်းကြီးကျောင်းထဲမှာ ဇရပ်တိုင်းကို လိုက်ကြည့်တယ်။ မတွေ့ရဘူး။ ဒီတော့ ရွာထဲမှာလိုက်ရှာ
ရပြန်တယ်။ တွေ့တဲ့သူကို အမေ့အကြောင်းမေးမိတယ်။ အမေ့ကို တွေ့တဲ့သူတောင်မရှိဘူး။ အားလုံး
ခေါင်းခါကြတာချည်းပဲ။ အမေ မသွားတတ်ပဲနဲ့ ဘယ်များလျှောက်သွားနေတာလဲမသိဘူး။ အမေများ
 လမ်းမှားပြီး မပြန်တတ်တာလား။ ငတိုး မိုးရွာထဲမှာ ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ အမေ့ကိုရှာမိတယ်။
မတွေ့ဘူး။ အမေ့ကို ငတိုး လုံးဝရှာမတွေ့ဘူး။ ငတိုးလည်း ချမ်းလို့တဆတ်ဆတ်တုန်နေပြီ။ နောက်ဆုံး
 မိုးရွာထဲမှာ ထိုင်ချပြီး ငတိုး ငိုချလိုက်မိတယ်။


“ ငတိုး .. လာ .. အဘအိမ်နဲ့လိုက်ခဲ့နော်၊ မိုးရွာထဲမှာအကြာကြီးဖြစ်နေပြီ၊ နေမကောင်းဖြစ်မယ် ”


အဘအိမ်က ထီးလေးမိုးပေးပြီး ငတိုး လက်ကိုဆွဲတယ်။ ငတိုး ခေါင်းခါလိုက်မိတယ်။ ငတိုး မပြန်ချင်ဘူး။
အမေ့ကို မ တွေ့ရပဲနဲ့ ငတိုး မပြန်နိုင်ဘူး။ ငတိုး အမေ့ကို ရှာရဦးမှာ။  ငတိုးကိုမတွေ့လို့ အမေ ငိုနေပြီလား
မသိဘူး။


“ အမေ့ကိုရှာရဦးမယ် အဘအိမ်ရဲ့၊ ငတိုး အမေ့ကို စိုးရိမ်လှပြီ ”


“ ရွာထဲကလူတွေကို အဘအိမ် လိုက်ရှာခိုင်းပါ့မယ် ငတိုးရယ်၊ ပြန်ကြရအောင်နော်၊ တော်ကြာ နေမ
ကောင်းဖြစ်ရင် အမေ့ကိုမတွေ့ရပဲနေဦးမယ် ”


ဒီတစ်ခါတော့ ငတိုး ခေါင်းညိတ်ပြလိုက်တယ်။ အဘအိမ်နဲ့အတူ ငတိုးပြန်လာခဲ့တယ်။ ရွာထဲကလူတွေ
လိုက်ရှာရင် အမေ့ကိုတွေ့မှာပါ။ အမေက ငတိုးကျောင်းသွားရင် လိုက်ချင်တယ်လို့ အမြဲပူဆာတာ။ အခု
ငတိုးကျောင်းသွားတော့ အမေ ငတိုးကိုလိုက်ရှာရင်း မပြန်တတ်တာနေမှာ။ ဇရပ်ကိုပြန်ရောက်တော့
ငတိုး ရေစိုနေတဲ့အဝတ်အစားတွေလဲပြီး အမေ့ သတင်း ကိုစောင့်နေမိတယ်။ ဇရပ်ပေါ်မှာတစ်ယောက်
တည်းနေရတာ ငတိုး ပျင်းလိုက်တာ။ ငတိုး အမေ့ကို လွမ်းလှပြီ။


မိုးရွာထဲမှာအကြာကြီးနေလို့ထင်တယ်။ငတိုး အရမ်းချမ်းလာတယ်။အချမ်းဒဏ်ကို ငတိုး မခံနိုင်တော့ဘူး။
 ဒါကြောင့် အိပ်ယာထဲမှာစောင်လေးခြုံပြီး ငတိုးကွေးနေမိတယ်။အရင်ကဆို အမေနဲ့ ငတိုး ဖက်ပြီးအိပ်နေ
ကျ။ အခုတော့ ငတိုး တစ်ယောက်တည်း။အမေမရှိတော့ ငတိုးပိုပြီးချမ်းလာသလိုပဲ။ငတိုး မျက်လုံးတွေ
တဖြည်းဖြည်းနဲ့လေးလံလာတယ်။ ငတိုးမျက်လုံးထဲမှာ အမေ့ကိုပဲမြင်နေမိတယ်။ ငတိုး အရမ်းချမ်းတာ
ပဲ။ ငတိုးကိုဖက်ထားပေးပါလား အမေရယ်။


“ ထင်တဲ့အတိုင်းပါပဲလား ငတိုးရာ၊ အဲဒါကြောင့် မိုးရေထဲအကြာကြီးမနေနဲ့လို့ပြောတာပေါ့၊ အခုတော့
ဖျားပြီမဟုတ်လား ”


အဘအိမ်ရဲ့အသံကိုငတိုးကြားလိုက်ရတယ်။ငတိုး အရမ်းချမ်းနေတယ်။အဘအိမ်က ငတိုးကို စောင်တွေ
ခြုံပေးနေ တယ်။ ငတိုး မျက်လုံးသာမဖွင့်နိုင်တာ။ ငတိုး အားလုံးကိုသိနေခဲ့တယ်။ အမေ ပြန်မလာသေး
ဘူးဆိုတာလည်း ငတိုး သိ တယ်။ ငတိုး တစ်ကိုယ်လုံးခြစ်ခြစ်တောက်ပူနေတာကိုလည်းသိတယ်။
 အဘအိမ်က ငတိုး ပါးစပ်ထဲကိုဘာထည့်လိုက်လဲ မသိဘူး။ ငတိုးလည်ချောင်းတစ်လျှောက်ခါးပြီး
ဝင်သွားတယ်။


“ အဘအိမ်ရေ .. ဗျို့အဘအိမ် .. ”


“ ရှိတယ်ဟေ့ .. လာပြီ လာပြီ ”


အော်သံကြောင့် အဘအိမ် ပြေးထွက်လာခဲ့တယ်။ ဇရပ်အောက်ကိုလည်းရောက်ရော မိုးရေတွေစိုနေတဲ့
သိန်းစိုးတို့ ကိုတွေ့ရတယ်။ သိန်းစိုးက အဘအိမ်ကိုကြည့်ပြီး လှမ်းပြောတယ်။


“ အရူးမကိုတွေ့ပြီ အဘအိမ် ”


အဘအိမ်လှိုက်ခနဲပျော်သွားရတယ်။ပြန်တွေ့ပြီတဲ့။ငတိုးသာသိရင်အရမ်းပျော်သွားမှာ။ဒါပေမဲ့ အဘအိမ်ရဲ့
 အပျော်တွေက သိန်းစိုးဆီက နောက်ထပ်ထွက်ကျလာတဲ့စကားသံအောက်မှာ ပျောက်ကွယ်သွားခဲ့ရ
တယ်။


“ ရွာနောက်က ချောင်းထဲမှာသေနေတာ အဘအိမ်ရဲ့၊ အဝတ်အစားတွေလည်းမရှိရှာတော့ဘူး၊ မိုးက
တအားရွာ နေတော့ ရေရှိန်ကလည်းကြမ်းတယ်လေ ”


စကားသံတွေက အဘအိမ်နားထဲမှာ ကျယ်လောင်စွာပေါက်ကွဲသွားတယ်။ အရူးမကြီးကိုသနားမိသလို
အမေကို တမ်းတနေရှာတဲ့ ငတိုးကိုလည်း သနားသွားမိတယ်။ ငတိုးမေးရင် အဘအိမ်ဘယ်လိုဖြေရမလဲ
လေ။ စိတ်မောစွာနဲ့ သက်ပြင်း ကိုပဲ အကြိမ်ကြိမ်ချနေမိခဲ့တယ်။


“ ဒီအကြောင်းကို ငတိုးမသိစေနဲ့၊ အလောင်းကိုကောင်းကောင်းမြုပ်ပေးလိုက် စိုးသိန်း၊ ငါ ခဏနေလာ
ခဲ့မယ် ”


အဘအိမ် လေးလံတဲ့ခြေလှမ်းတွေနဲ့ ဇရပ်ပေါ်ပြန်တက်လာခဲ့တယ်။ စောလေးခြုံထားတဲ့ငတိုးရဲ့နဖူးလေး
ကို အသာစမ်းလိုက်မိတယ်။ အပူတော့ မကျသေးဘူး။ဆေးတိုက်ထားတော့ သက်သာလာမှာပါ။ အဝတ်
ပိုင်းလေးကိုရေညှစ်ပြီး ငတိုးရဲ့ နဖူးပေါ်ကိုတင်ပေးလိုက်တယ်။


“ အဘအိမ် .. အမေပြန်ရောက်လာပြီတဲ့လားဟင် ”


ငတိုးဆီက အသံသဲ့သဲ့လေးထွက်လာတယ်။ အဘအိမ်ကြည့်လိုက်တော့ ငတိုးက ကယောင်ကတမ်းနဲ့
မေးနေရှာ တာ။ အဖျားကြီးပြီး သတိလစ်မတတ်ဖြစ်နေတာကိုတောင် အမေကိုတောင့်တာရှာတဲ့ကလေး။
ငတိုးသာ သတိရလာပြီး မေးလာခဲ့ရင် အဘအိမ် ဘယ်လိုဖြေရပါ့မလဲ။


“ အမေရေ .. အမေဘယ်မှာလဲဟင် ”


ငတိုးဆီက နောက်တစ်ခါ ကယောင်ကတမ်းနဲ့ထွက်လာတော့ အဘအိမ် မျက်ဝန်းထဲက မျက်ရည်စက်
တွေ လွင့်ကျ သွားခဲ့တယ်။ အမေဆိုတဲ့အရိပ်ကလေးနဲ့ ငတိုးရဲ့ဘဝ ခဏတာသာယာပြည့်စုံခဲ့ရရှာတာ။
အခုတော့ ငတိုးရဲ့ ဘဝလွင်ပြင်က အရင်တိုင်းသုညဖြစ်ကျန်ရစ်ခဲ့ပြီဆိုတာကို ဘယ်လိုခွန်အားမျိုးနဲ့
အဘအိမ်ပြောပြရပါ့မလဲလေ။




                                                                                ဇီဝကမဂ္ဂဇင်း
                                                                            သြဂုတ်လ ၊ ၂၀၁၃

Thursday, July 11, 2013

လွင့်မျောနေသည့်တိမ်တိုက်များ၏မှီတွယ်ရာ


                                                               (၁)


ပြင်းထန်သည့်ဝေဒနာတစ်ခုကို သူ ခံစားနေခဲ့ရ၏။ သူ့ခေါင်းတစ်ခုလုံးလည်း မူးမိုက်ရီဝေနေသည်။ ရင်ဘတ်ထဲမှ တစစ်
စစ်ကိုက်ခဲနာကျင်ကာ အသိအာရုံများကလည်း ဝေဝါးလို့လာသည်။ ဝေဒနာကိုခံစားနေရသည့်အကြားက သူ မှားခဲ့ပြီ
လားဟုတွေးမိ၏။ ဟင့်အင်း.. သူ မမှားပါ။ သူ့လုပ်ရပ်ကို မှန်သည်ဟု သူနက်နက်ရှိုင်းရှိုင်းထောက်ခံအားပေးနေမိသည်။

မှောင်မိုက်တိတ်ဆိတ်နေသည့်အခန်းထဲတွင် သူ တစ်ယောက်တည်းသာရှိ၏။ အမေက မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေ
သည်။ အဖေက အလုပ်သွားသည်။ ကိုကိုကြီးနှင့် မမကြီးက အခန်းထဲတွင်စာရင်းဇယားကိုယ်စီနှင့် အလုပ်ရှုပ်နေပေလိမ့်
မည်။ ထိုအချိန်ကိုပင် သူ ရွေးချယ်ထားခဲ့သည်။ လောကတွင် လူပိုတစ်ယောက်ဟုသတ်မှတ်ခံထားရသည့် သူ၏ နောက်
ဆုံး ထွက်သက်ကို တိတ်ဆိတ်ငြိမ်သက်စွာပင်ထွက်သွားချင်သည်။ ဘယ်သူ့ကိုမှ သူ ဒုက္ခမပေးချင်ပါ။

မကြာမီ လူ့လောကကို သူကျောခိုင်းရတော့မည်။ သူ့ခန္ဓာကိုယ်တွင် လှုပ်ရှားရန်အစွမ်းတွေလျော့ရဲကျလာသည်။ မျက်လုံး
များပြာဝေလာသည်။ ခက်ခဲစွာရှူနေရသည့်အသက်ရှူသံသည် တဖြည်းဖြည်းနှေးကွေးလာခဲ့သည်။ တစ်ချက် တစ်ချက်
သတိလက်လွတ်ဖြစ်သွားခဲ့သည်။ အသိစိတ်သည် ခန္ဓကိုယ်နှင့် အမှောင်ထုကြားထဲတွင် လွန်ဆွဲနေခဲ့၏။ နောက်ဆုံး
အမှောင်ထုက အနိုင်ရရှိသွားပြီး အသိစိတ်များလွင့်မျောကွယ်ပျောက်သွားလေသည်။

သူ သတိပြန်ရလာသောအခါ ဝေဒနာဟူ၍ မြူတမှုန်မှခံစားရခြင်းမရှိတော့ပေ။ ထူးဆန်းအံ့သြစရာကောင်းလောက်အောင်
ပင် သူ့တစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းနေ၏။  ကြုံတွေ့နေရသည့်အဖြစ်အပြက်တို့ကို သူ မယုံနိုင်အောင်ပင်ဖြစ်နေမိ၏။
ထိုစဉ် သူ့လက်မောင်းနှစ်ဖက်ကို တင်းကျပ်စွာဖမ်းဆီးချုပ်ကိုင်ခြင်းခံလိုက်ရသည်။ သူလှမ်းကြည့်လိုက်သောအခါ
သာမာန် လူထက်မြင့်သောခန္ဓာကိုယ်နှင့် လူနီကြီးနှစ်ဦးဖြစ်နေ၏။ ထိုလူနီကြီးကိုကြည့်ကာ သူ့တစ်ကိုယ်လုံး တဆတ်
ဆတ် တုန်သွားခဲ့သည်။    

“ မင်းက ရန်နောင် ခေါ် အငယ်ကောင် မဟုတ်လား”  

လူနီကြီးထံမှ မာထန်ထန် သြရှရှအသံက ဟိန်းထွက်လာ၏။ သူ အေးစက်ဆွံ့အသွားမိ၏။ ထိုလူနီနှစ်ဦးက သူ့ နာမည်ကို
ပင်သိနေခဲ့သည်။ သူကတော့ ထိုလူနီကြီးနှစ်ဦးကိုမသိပါ။ သို့သော် အလန့်တကြားပင် သူ ပြန်ဖြေလိုက်မိသည်။

“ ဟုတ် .. ဟုတ်ပါတယ် ”  

“ အေး .. မင်းကိုလာခေါ်တာပဲ၊  မင်းရဲ့ လူ့သက်တမ်းကုန်ဆုံးသွားပြီ၊ ဒီတော့ ယမမင်းကြီးဆီမှာ အစစ်ဆေးခံဖို့
လိုက်ခဲ့ရမယ် ”  

“ ဗျာ .. ကျွန်တော် .. ကျွန်တော် သေခဲ့ပြီ ဟုတ်လား ”  

“ ဟုတ်တယ်လေ၊ မင်းကိုယ်မင်းသတ်သေခဲ့တာပဲမဟုတ်လား ”  

သူ ထိတ်လန့်တုန်လှုပ်သွားမိသည်။ သူ သေခဲ့ပြီတဲ့။ သူအခု စကားပြောလို့ရနေသည်ပဲ။ ဒါကို သေတယ်လို့ခေါ်သလား။
တကယ်တမ်းတော့ သူ မသေချင်သေးပါ။ သေရမည်ကို သူ ကြောက်နေမိသည်။

“ ဟင့်အင်း.. ကျွန်တော် မသေချင်သေးဘူး ”  

သူ ခေါင်းကိုခါရမ်းကာ အလန့် တကြားငြင်းဆိုမိသော်လည်း အချည်းအနှီးပင်ဖြစ်၏။ သူ့ကိုကြည့်၍ လူနီကြီးနှစ်ဦးက
ဒေါသဖြင့်ခက်ထန်လာကာ အသံမာမာဖြင့်လှမ်းပြော၏။

“ မရတော့ဘူး၊ အားလုံးလွန်ကုန်ပြီ၊ ဟိုမှာကြည့်လေ မင်းရဲ့အလောင်း၊ အိမ်သားတွေတောင် မင်းသေမှန်းမသိကြ
သေးဘူး ”  

လူနီကြီးညွှန်ပြရာသို့ ကြည့်လိုက်သောအခါ အခန်းထဲတွင် ခွေခွေလေးလဲကျနေသည့် သူ့ကိုယ်သူ လှမ်းမြင်လိုက်ရ၏။
အခုမှ သူ သဘောပေါက်သွားသည်။ သူ သေဆုံးသွားခဲ့ချေပြီ။

                                                              (၂)

“ ခွပ် .. ” 

ပြင်းထန်သည့်ထိုးချက်ကြောင့် သူ ပုံလျက်သားလဲကျသွားခဲ့၏။ မျက်နှာပြင်တစ်ခုလုံး အသည်းခိုက်မတတ် နာကျင်သွား
မိသည်။ နှုတ်ခမ်းထောင့်မှ သွေးများကစီးကျလာ၏။ လဲကျသွားသည့်သူ့ကို ထူပေးမည့်သူမရှိ။ ဖေးမမည့်သူမရှိ။ သူ့ ဘက်
တွင် တစ်ယောက်မှမရှိခဲ့ပါ။ အမေ့ရဲ့အကြည့်က ဒေါသတစ်ဝက် စိတ်ပျက်ခြင်းတစ်ဝက်ရောယှက်နေ၏။ ကိုကိုကြီးနှင့်
မမကြီးကလည်း သူ့ကိုကြည့်ကာ မျက်နှာကိုမဲ့လိုက်ကြ၏။ အကြည့်အားလုံးကိုရင်မဆိုင်ရဲစွာ သူခေါင်းငုံ့နေမိ၏။ ဝမ်းနည်း
စိတ်တို့သည်သာ သူ့ထံတွင်ကိန်းအောင်းလို့လာခဲ့၏။ နာကျင်မှုပေါင်းစုံသည် သူ့ရင်ထဲစူးနစ်စွာခိုအောင်းလာခဲ့ရသည်။

 “ မိဘမျက်နှာ အိုးမဲသုတ်တဲ့ကောင်၊ ထစမ်း .. မင်း အခုချက်ချင်းထစမ်း အငယ်ကောင် ”  

အဖေ့ စကားအတိုင်း သူထရပ်လိုက်သည်။ ထိုးကြိတ်ခံထားရသည့်ဒဏ်ရာက အလွန်နာကျင်နေ၏။ သို့သော် သူ
မျက်ရည်မကျမိပါ။ အံကြိတ်၍တင်းခံထားမိ၏။ သူ မမှားသည့်ဖြစ်ရပ်တစ်ခုအတွက် သူ ခေါင်းမာ၍နေမိ၏။ အမှန်ကို
အမှန် တိုင်းရင်ဆိုင်သည်ကို အဖေတို့ဘာကြောင့်လက်မခံချင်ရသလဲ။ သူ့ရှင်းပြချက်ကိုရော အဖေတို့ ဘာဖြစ်လို့မယုံ
ကြည်ခဲ့ရသလဲ။ ဘာကြောင့်များ သူ ဘာလုပ်လုပ်အဖေတို့အကောင်းမမြင်ကြတာလဲ။ အဖေတို့၏မျက်လုံးတွင် သူ့ကိုသာ
အပြစ်တစ်ခု လိုမြင်နေခဲ့သည့်အတွက် သူဝမ်းနည်းမိသည်။

“ ကဲ .. ပြောစမ်း၊ မင်း ဘာအချိုးချိုးတာလဲ အငယ်ကောင်၊ မင်းကိုစောစောပြန်ခဲ့လို့ ငါမမှာထားဘူးလား ”  

“ သားသိပါတယ်အဖေ၊ ဒါပေမဲ့ သူငယ်ချင်းရဲ့မွေးနေ့မို့အတင်းခေါ်လို့လိုက်သွားတာပါ ”  

“ မင်း ငါ့ကိုပြန်မပြောနဲ့၊ အရက်သောက်မူးရူးပြီး ရန်ဖြစ်တာ တစ်ခါနှစ်ခါမကတော့ဘူး၊ မင်း လူမဟုတ်ဘူးလား
အငယ်ကောင်၊ တစ်ခါပြောရင် နားလည်မှပေါ့ ”  

“ ကျွန်တော် အရက်မသောက်တာအမှန်ပဲ အဖေ၊ ပြီးတော့ ရန်ဖြစ်တယ်ဆိုတာလည်း ဒီကောင်တွေ ရန်စလို့ဖြစ်တာ၊
ကျွန်တော့် အမှားမဟုတ်ဘူး ”  

“ ဘာ .. ဒီကောင်ပြောလေကဲလေပါလား.. ကဲကွာ ”  

“ ခွပ် .. ”  

အင်အားတွေအကုန်လုံးစုထည့်ထားသလားထင်ရလောက်အောင် ထိုးချက်ကပြင်းလွန်းလှသည်။ အထိုးခံရသည့် ဒဏ်ရာ
ထက် ရင်ထဲမှအုံ့ဖွဲ့လာသည့် နာကျင်မှုကအဆိုးဆုံး။ “ ဘယ်နားနာသွားလဲ သားရယ် ” ဟု ကြားချင်မိသည့် အမေ၏
စကားသံတို့သည် တိတ်ဆိတ်နေဆဲ။ “ တော်ပါ တော့ အဖေရယ် ” ဟု မတားသည့်အပြင် “ နည်းသေးတယ် ” ဟူသော
 အကြည့်တို့ဖြင့် ကြည့်နေသည့် ကိုကိုကြီးနှင့် မမကြီး။ ဝမ်းနည်းသည့်စိတ်တို့က ရင်ထဲတွင် ပြည့်နှက်အုံဖွဲ့လာခဲ့၏။
 အားလုံး ၏မျက်ဝန်းထဲတွင် သူ့ကိုသနားရိပ်တို့တစ်ချက်မှရှိမနေပါ။ အားလုံး၏ရှေ့တွင် သူက အပြစ်သားတစ်ယောက်လို
ဖြစ်နေခဲ့ရ သည်။

“ ဒီနေ့ကစပြီး အခန်းထဲကနေထွက်ဖို့မကြိုးစားနဲ့၊ အငယ်ကောင်ဆိုပြီး ဂြိုလ်မွှေတဲ့ကောင်၊ ငါ့စကားနားမထောင်ပဲ
ဒီတစ်ခါထွက်ရင်တော့ အပြီးထွက်၊ ဘယ်တော့မှ ပြန်မလာနဲ့ ”  

အဖေပြောသည့်စကားတွေက သူ့အရှိုက်ကိုတည့်တည့်ထိမှန်၏။ ဂြိုလ်ကောင်တဲ့။ ပြောရက်သည့် အဖေ့ကိုကြည့်ပြီး
ကြေကွဲစွာခံစားရ၏။ သူက ဂြိုလ်ကောင်တဲ့။ အားလုံးကိုဒုက္ခပေးနေသည့် ဂြိုလ်ကောင်တဲ့။ ထိုစကားသည်သာ သူ့နားထဲ
အကြိမ်ပေါင်းများစွာပဲ့တင်ထပ်နေခဲ့၏။

“ သူ့ကြောင့် ဒီအိမ်ကြီးက ဘယ်တော့မှကိုမအေးချမ်းရတော့ဘူး၊ အလကား ဆန်ကုန်မြေလေးကောင် ”  

ကိုကိုကြီးက ပြောပြီးထွက်သွား၏။ အမေနှင့် မမကြီးက သူ့ကိုဥပေက္ခာပြုကာ မီးဖိုချောင်ထဲဝင်သွား၏။ ထိုအခါမှ သူ
အခန်းထဲပြေးဝင်ကာ အားပါးတရငိုကြွေးလိုက်မိ၏။ အဖေ့စကားလုံးများက အဖေ့ထိုးချက်များထက်ပို၍နာကျင်မိ၏။
သူက အဖေပြောသလိုများဖြစ်နေခဲ့ပြီလား။ သူက ဒုက္ခပေးဖို့ရောက်လာသည့် ဂြိုလ်ကောင်လေးလား။ ထိုသို့သော
အတွေးတို့နှင့် နာကျင်နေသည့်ရင်က ပို၍ ပို၍ ဆင့်ကဲနာကျင်လာခဲ့ရ၏။

“အလကား ဆန်ကုန်မြေလေးကောင်၊ ဂြိုလ်မွှေဖို့ရောက်လာတဲ့ကောင် ”   ဆိုသည့်အသံများက နားထဲသို့သံရည်ပူများ လောင်းထည့်သလိုစီးဝင်လာ၏။

“ ဒီတစ်ခါထွက်ရင် အပြီးထွက်၊ ဘယ်တော့မှ ပြန်မလာနဲ့ ”  ဟူသော အဖေ့ရဲ့အသံကိုလည်း အဆက်မပြတ် ကြားယောင်
နေမိ၏။ မျက်ရည်များကလည်း အရှိန်ပြင်းစွာစီးဆင်းလာ၏။

“ ထွက်သွားပါ့မယ် အဖေရယ်၊ ဒီဂြိုလ်ကောင်လေး ထွက်သွားပါ့မယ်၊ ဘယ်တော့မှ ပြန်မပေါ်လာစေရပါဘူး အဖေရယ် ”

သူ ဝမ်းနည်းစွာရေရွတ်လိုက်ရင်း နာကျင်စွာငိုကြွေးမိ၏။ ပြတ်သားသည့်ဆုံးဖြတ်ချက်တစ်ခုကိုလည်း နောင်တကင်းစွာ
ချထားလိုက်၏။ ထိုဆုံးဖြတ်ချက်အတွက် သူဘယ်သောအခါမှ နောင်တရမည်မဟုတ်ပါ။ သူ့ဆုံးဖြတ်ချက်တို့ မှန်ကန်
သည်ဟုသာ နက်ရှိုင်းစွာယုံကြည်ထားခဲ့သည်။ သူ့အကြည့်တို့က တရွေ့ရွေ့နှင့် စင်ပေါ်တွင်တင်ထားသည့် ပိုးသတ်
ဆေးဘူးပေါ်ရောက်သွားခဲ့၏။ ပြီးနောက် ပိုးသတ်ဆေးဘူးကိုလှမ်းယူကာ သောက်ချလိုက်လေတော့၏။

                                                                  (၃)

“ ကဲ .. သွားကြရအောင် ”  

လူနီကြီးနှစ်ယောက်က သူ့လက်ကိုချုပ်ကိုင်ထားရာမှလှမ်းပြော၏။ သူ တုန်လှုပ်ခြောက်ခြားသွားမိခဲ့၏။ သူ့ကို ခေါ်သွား
တော့မည်တဲ့။ ဒါဆို အဖေတို့နှင့်သူဘယ်တော့မှတွေ့ခွင့်မရတော့ဘူးပေါ့။ ထိုအတွေးသည် တစ္ဆေတစ်ကောင်လို သူ့ကို
ခြောက်လှန့်သွားခဲ့သည်။ သူ အဖေတို့ကိုအရမ်းသတိရနေမိသည်။ အဖေတို့ဆီပြေးသွားချင်မိသည်။ သို့သော် သူ သွား၍
မရခဲ့ပါ။ လူနီကြီးနှစ်ဦးက သူ့ကိုတင်းကြပ်စွာချုပ်နှောင်ထားခဲ့သည်။

“ ခဏလေး .. ခဏလေးနေပါဦး.. ကျွန်တော် အဖေတို့ကိုတွေ့ချင်သေးတယ်၊ နောက်ဆုံးအနေနဲ့ခွင့်ပြုပေးပါဗျာ ”  

လူနီကြီးနှစ်ယောက်ကိုကြည့်ကာ သူ  ခွင့်တောင်းလိုက်မိသည်။ သူ၏မိုက်ရူးရဲဆန်သည့်လုပ်ရပ်ကြောင့် သူ ကြေကွဲစွာ
ခံစားနေရ၏။ အချိန်တိုလေးအတွင်းမှာပင် သူ သေဆုံးသွားခဲ့ပြီတဲ့။ မယုံရဲသော်လည်း အမှန်တရားကို သူ ရင်ဆိုင်ရတော့
မည်။ နောင်တတရားကိုသိမြင်လိုက်သော်လည်း သူ့ ဘဝကိုနောက်ပြန်ဆုတ်ခွင့်မရတော့ပါ။ သူသည် ဆူးကွန်ယက်ထဲသို့
မိုက်မဲစွာတိုးဝင်မိခဲ့ပြီဖြစ်သည်။

“ ကဲ .. ဒါဆို ခဏလေးတော့ ခွင့်ပြုပေးလိုက်မယ်၊ ဒါဟာ မင်းအတွက် နောက်ဆုံးအခွင့်အရေးပဲ”  

လူနီကြီးက ခွင့်ပြုလိုက်သဖြင့် သူလှမ်းကြည့်လိုက်မိသည်။ ပထမဆုံး သူ မြင်လိုက်ရသည်က အမေ့ကိုဖြစ်သည်။ အမေ
သည် သူ့အခန်းရှေ့တွင်ရပ်လျှက်ရှိ၏။ အမေ့ လက်ထဲတွင် သူအရမ်းကြိုက်သည့် ကြက်ဆီထမင်းပန်းကန်လေးကို ကိုင်
ထားခဲ့၏။

“ အငယ်ကောင်ရေ .. အမေဝင်ခဲ့မယ်နော်၊ ဒီမှာ အငယ်ကောင်လေးအကြိုက် ကြက်ဆီထမင်းဝယ်ထားတယ်၊ အဖေ့ကို
လည်း စိတ်မဆိုးပါနဲ့ကွယ်၊ အငယ်ကောင့်ကို ချစ်လွန်းလို့ဆုံးမတာပါ၊ အမေလည်း ခဏတော့ဒေါသထွက်မိတာပေါ့ကွယ်၊
ကဲ .. အဲဒါတွေမေ့ထားလိုက်တော့၊ ကြက်ဆီထမင်းစားရအောင် ”  

အမေ့နှုတ်မှချိုသာစွာချော့မော့ရင်း သူ့အခန်းထဲသို့လှမ်းဝင်လိုက်၏။ ခွေခွေလေးလဲကျနေသည့် သူ့ကိုမြင်သည်နှင့် အမေ့
မျက်ဝန်းတွေဝိုင်းစက်သွား၏။ ပြီးနောက် ကြက်ဆီထမင်းပန်းကန်သည် အောက်သို့ပြုတ်ကျသွားလေတော့၏။ အမေ့
ခန္ဓာကိုယ်သည် မယုံနိုင်ခြင်းများစွာဖြင့် တဆတ်ဆတ်တုန်လို့နေ၏။

“ အမယ်လေး .. အငယ်ကောင် ..ထစမ်းပါဦး..အကြီးကောင်နဲ့ အလတ်မ လာကြပါဦး.. ဒီမှာ အငယ်ကောင်ခေါ်လို့
မရတော့ဘူး .. ဟီး.. ဟီး.. ”  

 အမေ့၏ အလန့်တကြားငိုသံကြီးက ဟိန်းထွက်လာ၏။ ကိုကိုကြီးနှင့် မမကြီးက အခန်းထဲသို့ စိုးရိမ်တကြီးပြေးဝင်လာကြ
၏။ ကိုကိုကြီးသည် သူ့ကိုပွေ့ချီကာအိမ်ပြင်သို့ပြေးထွက်သွားခဲ့သည်။ အမေနှင့် မမကြီးက ငိုယိုလျှက် နောက်မှ ပြေးလိုက်
လာကြ၏။ ကိုကိုကြီးက တက္ကစီငှားကာ သူ့ကိုဆေးရုံသို့ခေါ်လာခဲ့သည်။ ကိုကိုကြီး၏မျက်ဝန်းတွင် မျက်ရည်များက
အဆက်မပြတ်စီးဆင်းနေခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး သူကြေကွဲစာခံစားနေခဲ့ရသည်။ ကိုကိုကြီးတို့အားလုံးက သူ့အတွက်မျက်ရည်ကျသတဲ့လား။
သူ့ကို တစ်ယောက်မှမချစ်ကြဘူးဟု သူထင်မှတ်ခဲ့သည်။ အခုတော့ အားလုံးက သူ့အတွက် မျက်ရည်ကျနေကြသည်။
သူ့ မျက်ဝန်းတွင်လည်း မျက်ရည်များစွာစီးကျလာခဲ့သည်။ ရင်နာစရာကောင်းသည့်မြင်ကွင်းကို သူတုန်လှုပ်စွာဆက်ကြည့်
နေမိ ပြန်သည်။

ဆေးရုံရှိကုတင်ပေါ်တွင် သူလဲလျောင်းနေခဲ့သည်။ ဆရာဝန်တွေက သူ့ကိုစမ်းသပ်မှုများလုပ်နေကြသည်။ ပြီးနောက်
ဆရာဝန်က အမေတို့ဘက်သို့လှည့်ကာ ဖြည်းညင်းစွာခေါင်းခါပြလိုက်သည်။ ထိုအခါ ငိုသံများက သူ့နားစည်သို့ ပြင်းထန်စွာ
ရိုက်ခတ်ထိမှန်လာခဲ့တော့၏။

“ အမယ်လေး အငယ်ကောင်ရယ်၊ အမေတို့ကိုပစ်ထားခဲ့ရက်တယ်နော်၊ သားလေးရယ် .. အငယ်ကောင်ရဲ့ ” 

အမေ့ရဲ့ငိုသံကို သူမကြားရက်ပေ။ သူ့ကြောင့် အမေ နာကျင်ကြေကွဲစွာငိုကြွေးနေရသည်။ နက်ရှိုင်းလှသည့် အမေ့ရဲ့
မေတ္တာကိုအခုမှ သူ အပြည့်အဝခံစားမိလာသည်။ အမေတို့ကိုကြည့်ပြီး သူ့ရင်တွေကြေမွအက်ကွဲကုန်ပြီထင်၏။ အမေ့
ဆီပြေးပြီး အမေ့ရင်ခွင်ထဲသို့ခိုဝင်လိုက်ချင်မိ၏။ အမေ့၏ နွေးထွေးယုယမှုကိုခံယူချင်မိ၏။ သို့သော် အမေ့ဆီသို့ သွားရန်
အခွင့်မသာခဲ့ပါ။ လူနီကြီးနှစ်ဦးက သူ့ကိုတင်းကြပ်စွာချုပ်နှောင်ထားခဲ့သည်။

“ ချစ်တဲ့သူကို တစ်ချက်ပိုရိုက်ရတယ် ဆိုတဲ့စကားကိုမကြားဖူးဘူးလား အငယ်ကောင်ရဲ့၊ ဒီအမေက ချစ်လို့ ဆုံးမတာကို
ဒီလိုထွက်သွားရလား လူမိုက်ရဲ့ ဟီး..ဟီး ”  

မငိုပါနဲ့တော့လား အမေရယ်။ ကျွန်တော် မကြည့်ရက်လို့ပါ။ ဟုတ်တယ် .. ကျွန်တော်က လူမိုက်ပါ။ မိဘက ချစ်လို့ဆုံးမ
တာကိုမနာခံခဲ့တဲ့ လူမိုက်ပါ အမေရယ်။ တံလျှပ်ကိုမှ ရေထင်ခဲ့တဲ့ လူမိုက်ပါ။

“ မိုက်လိုက်တာ အငယ်ကောင်ရယ်၊ ကိုကိုကြီးတို့ကို ဒီလောက်တောင်မုန်းရသလားကွာ၊ မင်းကိုချစ်လွန်းလို့ ဒီလိုလုပ်ရ
တာပါကွာ၊ မင်းသိရဲ့လား အငယ်ကောင်ရာ ”  

ကိုကိုကြီး၏စကားသံက သူ့နားထဲတွင်ဗုံးတစ်လုံးပေါက်ကွဲသလိုမြည်ဟီးသွားခဲ့၏။ သိပါပြီ ကိုကိုကြီးရယ်။ ကိုကိုကြီးတို့ရဲ့
နက်ရှိုင်းတဲ့မေတ္တာတရားကို ကျွန်တော် နားလည်ခဲ့ပါပြီ။ ကျွန်တော့်လိုလူမိုက်အတွက် မျက်ရည်မကျကြပါနဲ့။ ကျွန်တော်
ရင်တွေနာကျင်လွန်းလို့ပါ။

သူ ဖြေမဆည်နိုင်စွာငိုကြွေးနေမိခဲ့သည်။ ထိုစဉ်မှာပင် သူ့မြင်ကွင်းထဲသို့ဝင်လာသည်က အဖေ။ အဖေက ကျောင်းဆရာ
ပီပီ အမြဲတစေတည်ငြိမ်အေးဆေးစွာနေတတ်၏။ အခု သူမြင်နေရသည့် အဖေက အပြေးသမားတစ်ယောက်လို ဆေးရုံ
အတွင်းသို့ပြေးဝင်လာ၏။ အဖေ့ မျက်ဝန်းမှာတော့ တရစပ်စီးကျနေသည့် မျက်ရည်များစွာနှင့်။ အဖေအခုလို ဆောက်တည်
ရာမရပြေးလွှားနေသည်ကို သူတစ်ခါမှမမြင်ဖူးခဲ့ပါ။ အခုတော့ အဖေသည် တုန်လှုပ်ခြောက်ခြားစွာနှင့် ပြေးလွှားနေခဲ့ပါသည်။

“ အငယ်ကောင် .. သားလေး ”  

အဖေ့နှုတ်မှထွက်ကျလာသည့်ခေါ်သံတစ်ခု။ ထိုခေါ်သံလေးသည် သူ့နားထဲတွင် အကြိမ်ပေါင်းများစွာပဲ့တင်ထပ်နေခဲ့
သည်။ ကုတင်ပေါ်ရှိသူ့ကိုမြင်တော့ အဖေ့ ခြေလှမ်းတွေရုတ်တရက်ရပ်တန့်သွား၏။ အဖေ့ တကိုယ်လုံးတဆတ်ဆတ်
တုန်ယင်လာ၏။ ပြီးနောက် ယူကြုံးမရဖြစ်စွာနံရံသို့ထိုးလိုက်သည့် အဖေ။ အဖေ့လက်မှစီးကျလာသည့် သွေးတွေ။
အဖေ့ မျက်ဝန်းက မျက်ရည်တွေ။

ရင်နာစရာမြင်ကွင်းကိုကြည့်ပြီး သူ ကြေကွဲစွာခံစားနေရသည်။ သူ့အတွက် အားလုံးသောကပွေနေကြရသည်။ သေဆုံး
သွားသည့်တိုင်အောင် မိသားစုကိုဒုက္ခပေးခဲ့သည့် သူကိုယ်သူ ခွင့်မလွှတ်နိုင်အောင်ဖြစ်မိသည်။ အခုမှ သူက တကယ့်
ဂြိုလ်ကောင်တစ်ယောက်ဖြစ်ခဲ့ပြီပဲ။ မိသားစုကို အဆုံးစွန်အထိဒုက္ခပေးခဲ့သည့် ဂြိုလ်ကောင်တစ်ယောက်ဖြစ်ခဲ့ရပြီ။

“ အငယ်ကောင် .. သားလေး ”  

တစ်ခါမှမကြားခဲ့ရဖူးသည့် အဖေ့ရဲ့အသံ။ ညင်သာနူးညံ့မှုအပြည့်ပါသည့် အဖေ့ရဲ့အသံကိုကြားရလေ သူ့ရင်တွေ
နာကျင်လာလေဖြစ်သည်။

“ အဖေ့ကိုခွင့်လွှတ်ပါ အငယ်ကောင်ရယ်၊ ဒီလိုဖြစ်လာလိမ့်မယ်လို့ ကြိုမတွေးမိခဲ့တဲ့ အဖေ့ကိုခွင့်မလွှတ်ပါနဲ့၊ ဒီအသုံး
မကျတဲ့အဖေပဲ သေလိုက်ပါတော့လား  ”  

အဖေက သူ့နာမည်ကိုခေါ်ကာ ယူကြုံးမရဖြစ်စွာငိုေ    ကြွးနေခဲ့၏။ မကြာလိုက်ပါချေ။ ဆေးရုံဝန်ထမ်းတစ်ယောက်က သူ့
အလောင်းကိုတင်ထားသည့်လှည်းကို ရေခဲတိုက်ဘက်သို့ တွန်းသွားကြသည်။ အဖေ၊ အမေ၊ ကိုကိုကြီးနှင့် မမကြီးက
ငိုရှိုက်ကာ လိုက်သွားကြလေသည်။

ပစ္စက္ခအခြေအနေသည် သူ့အတွက် နောင်တတစ်ပွေ့တစ်ပိုက်နှင့် ယူကြုံးမရဖြစ်စေခဲ့၏။ သူ့ ရင်တစ်ခုလုံးလည်း ကွဲအက်
ကြေမွကုန်ပြီထင်၏။ သူ အားပါးတရငိုကြွေးလိုက်၏။ သူ အရမ်းမှားသွားခဲ့ပြီ။ လိမ္မာသည့်ဇာတ်ရုပ်တစ်ခုရအောင် အဖေ
တို့ပုံသွင်းပေးခဲ့ကြသော်လည်း သူကိုယ်တိုင်ကဗီလိန်ဇာတ်ရုပ်ကိုရွေးချယ်မိခဲ့သည်။ အေးမြသည့်မေတ္တာကွန်ယက်ထဲမှ
သူ မိုက်မိုက်မဲမဲရုန်းထွက်လာခဲ့မိပြီ။ အခုတော့ သူသည် ကြေကွဲခြင်းတွေကိုပွေ့ဖက်ရင်း ဘယ်တော့မှရုန်းမထွက်နိုင်သည့်
ဆူးကွန်ယက်အတွင်းသို့သက်ဆင်းမိခဲ့ပြီဖြစ်သည်။

“ ကဲ .. သွားကြရအောင် ”  

လူနီကြီးနှစ်ဦးက သူ့ကိုတင်းကြပ်စွာချုပ်ကိုင်လိုက်၏။ ပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးစွာဖြင့်မျောလွင့်သွား
သည်က တိမ်တွေဆီသို့ဖြစ်၏။ ထို့နောက် သူဘာကိုမှမသိတော့ပေ။ လွင့်မျောနေသည့်တိမ်တိုက်များက သူ့ကို စုပ်ယူ
ဝါးမြိုသွားခဲ့လေသည်။


                                                                                     Family  မဂ္ဂဇင်း
                                                                                 ဇူလိုင်လ ၊ ၂၀၁၃ ခုနှစ် ။


Monday, July 1, 2013

ပန်းတစ်ပွင့်၏ ရှင်သန်ခြင်းနိယာမ



(၁)


ဆောင်းရာသီ၏မနက်ခင်းတစ်ခုတွင် လူ့လောကအတွင်းသို့ သူမ စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထို
နေ့က နှင်းများ ဖွေးဖွေးလှုပ်ကျဆင်းလို့နေသည်တဲ့။ ထို့ကြောင့် သူမနာမည်ကို နှင်းငွေ့ဖြူ ဟု လှပစွာခေါ်
တွင်ခဲ့လေသည်။ မိဘနှစ်ပါးကမူ သူမကို သမီးဖြူ ဟုချစ်စနိုးခေါ်ကြသည်။


သူမက ဆောင်းရာသီကိုလွန်စွာချစ်မြတ်နိုးမိသည်။ နှင်းများဝေအောင်ကျနေလျှင် သူမ အရမ်းကြည်နူးမိ
သည်။ ဆောင်းရာသီ၏ချမ်းအေးသောမနက်ခင်းများအား ဖေဖေနှင့်အတူအပြေးလေ့ကျင့်ကာကုန်ဆုံးစေ
ခဲ့သည်။ ဆောင်းလေ အေးအေးရောယှက်နေသည့်မနက်ခင်းတွင် အပြေးလေ့ကျင့်ရသောအရသာက
မက်မောစရာကောင်းလှ၏။ ချမ်းအေးသော ရာသီတွင်အိပ်ယာထဲစောင်လေးနှင့်ကွေးနေရမည်ကို သူမ
 မနှစ်ခြိုက်မိပေ။ မိုးရာသီလွန်မြောက်၍ ဆောင်းရာသီဝင်တော့ မည်ကို သူမ ရင်ဖိုကြည်နူးစွာစောင့်မျှော်
တတ်ခဲ့ပြီဖြစ်သည်။


ဖေဖေက ဆရာဝန်တစ်ယောက်ဖြစ်သည်မို့ ကျန်းမာရေးကိုအထူးဂရုစိုက်၏။ ဖေဖေ့ကြောင့်လည်း သူမ
နေမကောင်းဖြစ်ခဲလှပါသည်။ သူမဘဝ၏ရည်မှန်းချက်က ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ရန်ဖြစ်သည်။
 ဖေဖေ့လို ဆရာဝန် တစ်ယောက်ဖြစ်အောင်ကြိုးစားပြီး လူတွေ၏အသက်ကိုကယ်မည်။ ဤသည်က သူမ
ဖြစ်ချင်လွန်းသည့်ရည်မှန်းချက်ဖြစ်၏။


သူမသိပ်ချစ်သော ဆောင်းရာသီက ကြေကွဲစရာကျိန်စာဆိုးများသယ်ဆောင်လာခဲ့လိမ့်မည်ဟု လုံးဝထင်
မှတ်မထားခဲ့ပေ။ သို့သော် ထိုကျိန်စာဆိုးသည် သူမ ဆယ်တန်းတက်မည့်နှစ်မှာပင် အလုံးအရင်းနှင့်
ဝင်ရောက်လာခဲ့သည်။


ထိုနေ့က နှင်းများဖွေးနေအောင်ကျဆင်းလို့နေခဲ့၏။ သိပ်သည်းသောအချမ်းဒဏ်ကိုအံတုကာ သူမနှင့်
ဖေဖေ အပြေး လေ့ကျင့်နေခဲ့သည်။ သူမတို့ပြေးနေသည့်လမ်းတစ်လျှောက်တွင် အပြေးလေ့ကျင့်သူများ
နှင့် ပြည့်လို့နေသည်။ နှင်းများ သိပ်သည်းစွာကျဆင်းနေသည်မှာ အရှေ့ကိုပင်ကောင်းကောင်းမမြင်ရပါ။
 ထို့သို့အဖြူရောင်နှင်းငွေ့များထဲ ပြေးဝင်ရသည်ကို သူမအရမ်းသဘောကျမိသည်။ မျက်နှာပေါ်သို့ဖြတ်
ရိုက်သွားသောနှင်းငွေ့နှင်းစက်များကိုခံစားရသည်မှာ မက်မောစရာပင် ကောင်းလှသေးသည်။


“ မောနေပြီလား သမီးဖြူ ”  


ပြေးနေရင်းကပင် ဖေဖေက လှမ်းမေး၏။ ဖေဖေ့ကိုမီအောင်ပြေးလိုက်နေရင်းပင် သူမပြန်ဖြေလိုက်၏။


“ မမောပါဘူး ဖေဖေရဲ့ ”  


“ ကဲ .. ဒါဆိုဆက်ပြေးကြရအောင်၊ ဖေဖေ့ လက်ကိုတွဲထား ”  
ဖေဖေကမ်းပေးသည့်လက်ကိုတွဲကာ နှင်းလွှာထုကြီးထဲပြေးဝင်လာခဲ့သည်။ မျက်နှာပေါ်သို့နှင်းငွေ့များ
ဖြတ်ရိုက်သွား ကြ၏။ ထိုအရသာကို သူမအရမ်းမက်မောလှသည်။ အေးစက်သောလေများနှင့်ထိတွေ့
နေရသည်ကိုလည်း သူမ နှစ်သက်မိ ပြန်သည်။ ဖေဖေ့လက်ကိုတွဲရင်း သူမ မမောနိုင်အောင်ပင်ပြေး
လွှားနေမိသည်။ နှင်းများအကြားသို့ပြေးဝင်နေရမည်ဆိုလျှင် သူမ မောရကောင်းမှန်းပင်မသိ။


ထိုစဉ် နှင်းငွေ့များကြားမှ ကားတစ်စီး၏ ဦးခေါင်းပိုင်းက ရုတ်တရက်ထိုးထွက်လာ၏။ ဖေဖေနှင့် သူမ
 လက်တွဲကာ ပြေးနေရာမှ အံ့အားသင့်မှင်သက်သွားကြ၏။ သို့သော် ကြာကြာအံ့အားသင့်ချိန်မရလိုက်။
ကားက သူမတို့ကိုဝင်တိုက်လိုက် သည်လား..။ သူမတို့က ကားကိုဝင်တိုက်လိုက်သည်လား ဝေခွဲမရ။
နာကျင်မှုများစုပုံကာ သူမ လွင့်စင်သွားခဲ့၏။ သူမတွဲထား သည့် ဖေဖေ့လက်သည်လည်း ပြုတ်ထွက်
သွားခဲ့၏။ ထို့နောက် သူမ၏အမြင်အာရုံများဝေဝါးလာက အသိစိတ်တို့က အမှောင် ထုထဲသို့တိုးဝင်ပျံ့
လွင့်သွားခဲ့တော့၏။


(၂)


အသိစိတ်သည် ခန္ဓာကိုယ်နှင့်ချိတ်ဆက်မိသောအခါ ပြင်းထန်သည့်နာကျင်မှုကိုခံစားလာရ၏။ လေးလံ
နေသည့် မျက်ခွံများကလည်း ဖွင့်၍မပွင့်ချင်။ အားယူ၍ဖွင့်ကြည့်လိုက်မှ စူးရှရှအလင်းရောင်တစ်ချို့တိုး
ဝင်လာ၏။အလင်းရောင်နှင့် ရင်မဆိုင်ရဲစွာ မျက်လုံးများကပြန်ပိတ်သွားခဲ့၏။ မျက်လုံးကိုဖြည်းဖြည်းချင်း
ဖွင့်ကြည့်လိုက်သောအခါ ပထမဆုံးမြင်လိုက်ရ သည်က အဖြူရောင်ဟင်းလင်းပြင်တစ်ခု။ အသေအချာ
လှမ်းကြည့်လိုက်မှ အဖြူရောင်မျက်နှာကျက်တစ်ခုဖြစ်နေ၏။


“ သမီးဖြူ .. သတိရလာပြီလားဟင် ”  


ဝမ်းသာအားရခေါ်သံတစ်ခုကနားထဲတိုးဝင်လာ၏။ မေမေ့ အသံမှန်း သူမ သိလိုက်သည်။ သူမ ဘယ်
ရောက်နေလဲ မသိရ။ ဘာဖြစ်လို့ဖြစ်နေမှန်းပင် သူမ မတွေးတတ်ပါ။ သူမ ခံစားနေရသည်ကနာကျင်
သည့်ဝေဒနာဖြစ်၏။ သူမတစ်ကိုယ်လုံး ကိုက်ခဲနာကျင်လို့နေသည်။ သူမ မေမေ့ကိုကြည့်ကာမေး
လိုက်မိ၏။


“ မေမေ .. သမီး ဘယ်ရောက်နေတာလဲဟင် ”  


“ ဆေးရုံရောက်နေတာလေ သမီးဖြူရဲ့၊ ဘာမှမဖြစ်တော့ပါဘူး၊ အားတင်းထားနော် သမီး”  


မေမေ့စကားအဆုံး အဖြစ်အပြက်တွေကို သူမ ဖျတ်ခနဲသတိရလိုက်၏။ ဖေဖေနှင့်အပြေးလေ့ကျင့်နေခဲ့
သည့် ပုံရိပ် တစ်ချို့ကို မျက်လုံးထဲမြင်ယောင်မိလာ၏။ ထို့နောက် နှင်းထုထဲက ထိုးထွက်လာသည့် ကား
တစ်စီး။ ပြီးနောက် အရှိန်ပြင်း သည့်ထိခိုက်မှု။ သူမနှင့် လက်တွဲပြုတ်သွားသည့် ဖေဖေ။ ဖေဖေ့ကို သူမ
သတိရလိုက်သည်။


“ ဖေဖေရော .. ဖေဖေ ဘယ်မှာလဲဟင် ”  


သူမ မေးလိုက်သောအခါ မေမေက အင့်ခနဲရှိုက်ငို၏။ သူမရင်ထဲ စိုးရိမ်စိတ်က ပို၍တိုးလာ၏။ ဖေဖေဘာမှ
မဖြစ်ပါစေနဲ့။ သူမ ထိတ်လန့်တကြားဆုတောင်းမိ၏။


“ မေမေ .. ဖေဖေ ဘာမှမဖြစ်ပါဘူးနော် ”  


“ သမီးရယ် .. သမီးဖေဖေလေ ”  


မေမေ့အသံက ရှိုက်သံတစ်ဝက်နှင့်ရပ်တန့်သွား၏။မေမေ့မျက်ဝန်းမှတရစပ်ကျဆင်းနေသည့်မျက်ရည်များ
က အခြေအနေတစ်ခုကို ပုံရိပ်ဖော်နေခဲ့၏။ သူမ၏ဆုတောင်းက မှားယွင်းစွာလွဲချော်သွားခဲ့ပြီပဲ။ သူမ
မယုံနိုင်စွာပင် ခေါင်းကို ခါရမ်းမိသည်။


“ ဟင့်အင်း .. သမီးမယုံဘူးမေမေ၊ သမီးကိုယ်တိုင်ဖေဖေ့ကို သွားကြည့်မယ် ”  


အဖေ့ဆီသွားရန်သူမ ထရပ်လိုက်သည်။ သို့သော် ထ၍မရ။ သူမသည် ကုတင်ပေါ်မှထ၍မရပါ။ သူမ
အောက်ပိုင်း တစ်ခုလုံး မရှိတော့သလိုပေါ့ပါးလို့နေ၏။ သူမယောင်ရမ်းကာစမ်းကြည့်လိုက်သောအခါ
ခြေတောက်ကိုစမ်းမိ၏။ သို့သော် ခြေထောက်က သူမ၏လက်ချောင်းများနှင့်ထိတွေ့မှုကိုမခံစားရ။
သူမ အောက်ပိုင်းတစ်ခုလုံးလှုပ်ရှား၍မရ။ သူမ ကြိုးစား ကာ ထရပ်လိုက်သော်လည်း အချည်းအနှီး
ပင်ဖြစ်၏။ စိုးရိမ်မှုနှင့်ထိတ်လန့်မှုတို့က သူမထံအလုံးအရင်းနှင့်စုပုံဝင်ရောက်လာ ခဲ့၏။ မေမေ့ကို
သူမ အလန့်တကြားကြည့်လိုက်မိသည်။


“ မေမေ .. သမီးခြေတောက်တွေ လှုပ်လို့မရတော့ဘူး ”  


“သမီးလေးရယ် ”  


မေမေက သူမကိုဖက်ကာတသိမ့်သိမ့်ရှိုက်ငို၏။ အသိစိတ်သည် မယုံနိုင်ခြင်းနှင့် ထိတ်လန့်ခြင်းတို့အကြား
လွန်ဆွဲသွားရ၏။နောက်ဆုံး သူမသိလိုက်ရသည်ကသူမသည်လွယ်ကူမြန်ဆန်စွာဖြစ့်ဒုက္ခိတတစ်ယောက်
ဖြစ်သွားခဲ့ခြင်းပင်ဖြစ်၏။ သူမနှင့် မေမေ ဖက်ကာငိုကြွေးရုံအပြင် မတတ်နိုင်ခဲ့ပါ။ ကံကြမ္မာဆိုးကအငြိုး
ဖြင့်တိုးဝင်ကာ သူမအား ရက်စက်စွာတိုက်ခိုက် ခဲ့၏။ သူမဘဝကို အောက်ပိုင်းတစ်ခုလုံးလှုပ်ရှားမရ
တော့သည့် ဒုက္ခိတဘဝကို ရက်ရောစွာပင်ပေးအပ်ခဲ့၏။ သူမတို့အား တိုက်ပြေးခဲ့သောကားကို အစ
အနပင်ရှာ၍မတွေ့ခဲ့။ အတိုက်ခံရသည့် သူမသည်ပင် ကားကိုသေချာစွာမမြင်လိုက်ရ။ ကံကြမ္မာကို
ယိုးမယ်ဖွဲ့ယုံမှအပ သူမ မတတ်နိုင်ခဲ့ပါချေ။


ဖေဖေ့ကို ထာဝရဆုံးရှုံးခဲ့ရသည်။ သူမဘဝလည်း ရှင်လျက်နှင့်သေဆုံးခဲ့ရသည်။ ငွေကုန်ကြေးကျခံနိုင်
သော်လည်း သူမ၏ဝေဒနာကပျောက်ကင်းခွင့်မရ။ အခြေအနေတစ်ခုခုနှင့်တွေ့ဆုံကြုံကြိုက်ပါမှ ပြန်
ကောင်းလာနိုင်မည်တဲ့။ သို့သော် မသေချာမှုက ရာနှုန်းပြည့်နေခဲ့သည်။ ဒုက္ခိတဟူသောဘဝဆိုးကို
သူမ အိပ်မက်ပင်မမက်ဖူးခဲ့ပါ။ သို့သော် အိပ်မက်ဆိုးတစ်ခု လို သူမကို နေ့ရက်တိုင်းခြောက်လှန့်လို့
နေခဲ့သည်။ သူမဘဝတွင် ပျော်ရွှင်မှုဟူသမျှဆိတ်သုဉ်းသွားခဲ့ရသည်။ ဆရာဝန် တစ်ယောက်ဖြစ်ရန်
ဟူသော ရည်မှန်းချက်သည်လည်း သူမခြေအစုံလိုပင် သေဆုံးသွားခဲ့ရသည်။


သူမ ဒုက္ခိတဘဝဖြင့်ကျင်လည်နေရသည့်တစ်လျှောက်လုံး ဟန်ဆောင်မျက်နှာဖုံးများနောက်ကွယ်မှ လူ
တို့၏ စိတ်နှလုံးကို ဖတ်ရှုနားလည်တတ်ခဲ့သည်။ တစ်ချို့က ကဲ့ရဲ့ချင်ကြသည်။ လှောင်ပြောင်ချင်ကြ
သည်။ သူဌေးသမီးဒုက္ခိတ ဟုဆိုကာ ပြက်ရယ်ပြုချင်ကြသည်။ ထိုကြောင့် သူမ အိမ်ထဲက အိမ်ပြင်
မထွက်ဝံ့။ လူတွေနှင့်မျက်နှာချင်းဆိုင်ရမည်ကိုပင် သူမကြောက်ရွံ့နေမိခဲ့သည်။ ပတ်ဝန်းကျင်နှင့်သူမ
သည် မိုင်ပေါင်းများစွာကွာဝေးသော ကမ္ဘာတစ်ခုဖြစ်ခဲ့သည်။ ဝှီးလ်ချဲ လေးပေါ်တွင်ထိုင်ရင်း သူမ၏
သီးသန့်ကမ္ဘာငယ်လေးထဲမှာပင် ရှင်သန်ခဲ့ရသည်။


သူမ၏အလှအပများသည်လည်း အရောင်မှိန်ကွယ်ပျောက်ခဲ့ရသည်။ ယခင်က ဝင်လာမစဲခဲ့သော မေတ္တာ
စာများ သည်လည်း လေနှင်ရာလွင့်သည့် အမှိုက်စများလိုပင်။ တစ်ဆယ့်ခုနစ်နှစ်ဟူသော နုပျိုမှုတို့စိုလက်
နေသည့်သူမဘဝသည် လူ တောမတိုးဝံ့အောင်ဖြစ်ခဲ့ရသည်။ သူမ စိတ်ပျက်အားငယ်စွာဖြင့် ဆယ်တန်း
ပင်မဖြေဖြစ်ခဲ့။ ဘွဲရပညာတတ်ဖြစ်၍လည်း သူမ ဘဝက ထူးခြားလာနိုင်ဖွယ်ရာစရာမရှိတော့ပါ။ သူမဘဝ
သည် မျှော်လင့်ချက်မဲ့သောချောင်တစ်ခု၌ ပိတ်မိလျက်သားဖြစ်ခဲ့လေသည်။


(၃)


“ သမီးဖြူရေ .. သမီးနာမည်နဲ့ပန်းစည်းရောက်နေတယ် ”  


အံ့သြမှုက သူမတစ်ကိုယ်လုံးသို့ပျံ့နှံ့လို့လာခဲ့သည်။မေမေ့လက်ထဲတွင် လှပစွာထုပ်ပိုးထားသည့်နှင်းဆီနီ
တစ်စည်း က သူမကိုပဟေဠိဖြစ်သွားစေ၏။ သူမလှမ်းယူလိုက်စဉ် နှင်းဆီရနံ့တို့ကသင်းပျံ့လာသည်။ ပန်း
စည်းတွင် ပို့စ်ကဒ်လေးတစ်ခု ပါလာခဲ့ပြန်သည်။ ပို့စ်ကဒ်တွင်ရေထားသောစာမှာ ရိုးရိုးကလေးပင်ဖြစ်သည်။
 “ ဖြူလေးအတွက်” တဲ့။ သူမ အံ့သြပြီးရင်း အံ့သြရသလို ရင်ထဲတွင်လည်းနာကျင်လာရသည်။


“ သမီးဖြူနော် .. ဒါဘယ်ကပန်းစည်းလဲ၊ မေမေ့ကိုလျို့ဝှက်မထားနဲ့နော်၊ ပွင့်ပွင့်လင်းလင်းပြော ”  


မေမေက သူမကိုသတိပေးသလိုလှမ်းမေး၏။ မေမေ့စကားကိုဖြေဖို့အတွက် သူမအလွန်စိတ်လှုပ်ရှားနေမိ
သည်။ သူမလို ဒုက္ခိတတစ်ယောက်ကို ပန်းစည်းပေးမည့်သူရှိပါ့မလား။ သူမကို တစ်ယောက်ယောက်က
ကျီစယ်လိုက်ခြင်းပင်ဖြစ်မည်။ပန်းစည်းကိုကြည့်ပြီး သူမရင်ထဲဝမ်းနည်းစိတ်တို့ကပြည့်နှက်လို့လာခဲ့သည်။


“ စိတ်ထဲမထားပါနဲ့ မေမေရယ်၊ တစ်ယောက်ယောက်က စနောက်လိုက်တာဖြစ်မှာပါ၊ သမီးလိုဒုက္ခိတကို
ဘယ်သူက အလေးအနက်ထားပါ့မလဲ ”  


“ သမီးဖြူရယ် .. ”  


သူမ စကားကြောင့် မေမေ မျက်ရည်ဝဲသွားသည်။ သူမရင်ထဲတွင်တော့ ကြေကွဲမှုတို့ဖြင့် လှိုင်းထန်နေခဲ့
ပြီဖြစ်သည်။ မေမေထွက်သွားသည်နှင့် သူမ ဝမ်းနည်းစွာငိုကြွေးမိသည်။ ဒီလောင်းရိပ်အောက်ကနေ
ဘယ်တော့များမှ ရုန်းထွက်ခွင့်ရနိုင် ပါ့မလဲ။ အထီးကျန်ညဆိုးရယ် သူမဆီကနေမြန်မြန်ထွက်သွားပါ
တော့။ သူမအတွက် ကြေကွဲခြင်းတွေအဆုံးမသတ်နိုင်တော့ ပါလား။ ဘယ်အချိန်များမှ သူမလွတ်
မြောက်ခွင့်ရပါ့မလဲ။ ဒီညလည်း မျက်ရည်ကိုအဖော်ပြုရင်း မိုးလင်းသွားရဦးမှာသေချာလှသည်။


တကယ်တော့ သူမ အထင်နှင့်အမြင်တက်တက်စင်အောင်လွဲသွားခဲ့ခြင်းဖြစ်သည်။ နောက်နေ့မနက်တွင်
သူမ အတွက် နှင်းဆီဖြူတစ်စည်းရောက်နှင့်နေခဲ့ပြန်သည်။သူမက ပို၍အံ့သြခဲ့ရသလို မေမေကသံသယ
အကြည့်ဖြင့်ကြည့်တတ်လာသည်။ပန်းစည်းကလေးများ၏အဖြေကို သူမ မဝံ့မရဲရှာဖွေမိသည်။သို့သော်
တိကျသေချာသည့်အဖြေတစ်ခုမရခဲ့ပေ။


နှင်းဆီပန်းစည်းများကမူ နေ့စဉ်နေ့တိုင်းဝတ္တရားမပျက်ရောက်လာခဲ့၏။ ခြောက်ကပ်နေသည့် သူမ နှလုံး
သားက လှိုက်ခုန်ပူနွေးလို့လာရသည်။ သူမအား ပန်းစည်းလေးတွေပေးပို့နေသူကိုတွေ့ချင်လာမိသည်။
 သူက ရုပ်ချောသလား။ တည်ကြည်သလား။ စသဖြင့် သူမ ပုံဖော်တတ်ခဲ့ပြီဖြစ်သည်။ ထိုပန်းစည်းများ
ကလည်း ခြောက်ကပ်နေသည့်သူမဘဝ အတွက် အိုအေစစ်တစ်ခုဖြစ်ခဲ့သည်။


ပန်းစည်းလေးတွေနေ့တိုင်းရောက်လာခဲ့သော်လည်း သူ့ကိုတော့မတွေ့ရသေးပေ။ သူ ဘာကြောင့်များ
သူမကို ရင်ဆိုင်ဖို့မဝံ့မရဲဖြစ်နေခဲ့သလဲ။ သူမကဒုက္ခိတမို့ သူ ရင်မဆိုင်ရဲခဲ့တာလား။ ဒါဆို ပန်းစည်းက
လေးတွေဘာကြောင့်ပေးပို့နေခဲ့သလဲ။ အဖြေရှာရင်း မျှော်လင့်ခြင်းတွေကပိုတိုး၍လာရ၏။


နံနက်ခင်းတိုင်းကိုလည်း သူမ ရင်ခုန်စွာစောင့်မျှော်တတ်ခဲ့သည်။ သူမ၏အသွင်ကလည်းအရင်လိုဖီးလိမ်း
ပြင်ဆင်မှု မရှိသည့်ပုံစံမျိုးမဟုတ်တော့ပါ။ လှသထက်လှအောင်ပြင်ဆင်ခြယ်သတတ်လာခဲ့၏။ မျှော်လင့်
ချက်တစ်ခုဖြင့် သူမဘဝလေး သာယာစိုပြည်မှုကိုစတင်ခံစားမိလာခဲ့၏။


သည်နေ့ရောက်လာခဲ့သောပန်းစည်းကြီးကအရင်ကထက်လှပလွန်းလှ၏။အရင်လို အရောင်တစ်မျိုးတည်း
ကိုသာ စည်းနှောင်ထားသည်မဟုတ်။ နှင်းဆီပွင့်ရောင်စုံကိုလှပစွာစည်းနှောင်ထားခြင်းဖြစ်၏။ ပန်းစည်း
တွင်ပါလာခဲ့သော စာ တစ်စောင်က သူမရင်ကို လှုပ်ခတ်သွားစေသလို သူမဘဝကိုပါပြောင်းလဲသွားစေ
ခဲ့၏။ ထိုစာလေးမှာ“ ဘဝကိုလွယ်လွယ် အရှုံးမပေးပါနဲ့၊ ကြိုးစားမှုတိုင်းမှာ အောင်မြင်မှုဆိုတာရှိစမြဲပါ ”
တဲ့။


ထိုစာလေးသည် သူမအတွက် အားတက်စေသော လမ်းပြကြယ်တစ်ပွင့်ပင်ဖြစ်သည်။ ကံကြမ္မာမုန်တိုင်း
၏တိုက်ခိုက် မှုကို သူမ လွယ်လွယ်အရှုံးပေးခဲ့သည်ပဲ။မျှော်လင့်ချက်မဲ့သောချောင်တစ်ခုတွင် သူမအရည်
အချင်းတွေမှေးမှိန်ကွယ်ပျောက် နေခဲ့သည်ပဲ။ ထိုစာလေးတစ်ကြောင်းက သူမ၏စိတ်ကို နှိုးဆွပေးခဲ့၏။
သူမ ဘဝကိုရဲရင့်စွာရင်ဆိုင်တော့မည်။ လောင်းရိပ် တစ်ခုအောက်မှလွတ်မြောက်အောင်သူမ ကြိုးစား
ရုန်းထွက်ရမည်။ 


“ သမီး ဆယ်တန်းပြန်ဖြေမယ် မေမေ ”  


“ ဝမ်းသာလိုက်တာ သမီးဖြူရယ် ”  


သူမ ပြောလိုက်တော့ မေမေက ဝမ်းသာအားရဆိုရှာသည်။ သူမ လည်းပျော်နေမိသည်။ မေမေကလည်း
 အားပေးသည်။ နေ့တိုင်းရောက်လာတတ်သည့်ပန်းစည်းများကလည်း သူမကို အားတက်စေသည်။
မေမေက သူမကို အတော်ဆုံး ဆရာများနှင့် အနီးကပ်သင်ကြားစေခဲ့သည်။ သူမအတွက် အစစ အရာ
ရာ လိုလေသေးမရှိအောင်ပံ့ပိုးပေးခဲ့သည်။ သူမ လည်း အပတ်တကုတ် ကြိုးစားသင်ယူခဲ့သည်။ သူမ
သည် အရင်လို မျှော်လင့်ချက်မဲ့နေသည့်မိန်းကလေးတစ်ယောက်မဟုတ် တော့ပါ။ သူမဘဝသည်
မျှော်လင့်ချက်ဖြင့်တလဲ့လဲ့တောက်ပနေခဲ့ပါသည်။


(၄)


သူမ၏ ကြိုးစားမှုအရာထင်ခဲ့ခြင်းက ဘဝ၏ချိုမြိန်ခြင်းအနှစ်သာရကို ပထမဆုံးခံစားရခြင်းပင်ဖြစ်၏။
ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာဖြင့် သူမအောင်မြင်ခဲ့သည်။ မေမေ၏ ပီတိအပြုံးက ကမ္ဘာပေါ်တွင်
အတောက်ပဆုံးဟုထင်မိသည်။ ထိုနေ့ကရောက်လာခဲ့သောနှင်းဆီရောင်စုံပန်းစည်းကြီးကလည်း
 အလှပဆုံးဟု သူမ မြင်မိလေသည်။ သူမ၏မျှော်လင့်ချက် တစ်ခုပြည့်မြောက်လာခဲ့သည့်နေ့တွင်
သူ့ကိုတွေ့ခွင့်မရသည့်အတွက် စိတ်မကောင်းတော့ဖြစ်မိ၏။ ပန်းစည်းလေးတွေ ထက် သူ့ကို
တိတ်တခိုးမျှော်လင့်မိခဲ့သည်။ တစ်ချိန်ချိန်တွင်တော့ သူ့ကိုတွေ့ခွင့်ရလိမ့်မည်ဟု သူမထင်မိသည်။


သူမကို စိတ်မဝင်စားလျှင် ထိုပန်းစည်းတွေရောက်လာစရာအကြောင်းမရှိပါ။ ယောကျာ်းတစ်ယောက်က
 မချစ်မနှစ်သက်သည့်မိန်းမတစ်ယောက်အတွက်နေ့စဉ်နေ့တိုင်းပန်းစည်းလေးတွေပို့ပေးလိမ့်မည်မဟုတ်
ပါ။ သူ့ရဲ့လျှို့ဝှက်မှုကို သူမ စိတ်ဝင်စားလာခဲ့သည်။ သူဘယ်တော့များရောက်လာခဲ့မလဲ။ ထိုမျှော်လင့်
ချက်လေးတစ်ခုက သူမနှလုံးသားကိုပူနွေးလှိုက် ဖိုလာစေခဲ့၏။ ပန်းစည်းများသာနေ့စဉ်ရက်ဆက်
ရောက်လာခဲ့သော်လည်း သူ ရောက်မလာခဲ့သေးပေ။ သူမလည်း အားမ လျော့မိပါ။ ဝှီးလ်ချဲလေးပေါ်
ထိုင်ရင်း ရင်ခုန်စွာမျှော်နေမိဆဲပင်ဖြစ်သည်။


“ မင်းရဲ့အောင်မြင်မှုအတွက်ဂုဏ်ယူပါတယ် ဖြူ၊ မင်းရဲ့ရည်ရွယ်ချက်တွေပြည့်မြောက်တဲ့အထိကြိုးစားပါ၊
မင်းရဲ့ ရည်ရွယ်ချက်တွေပြည့်လာတဲ့တစ်နေ့မှာတော့ ..” 


စာလေးကထိုမျှနှင့်သာအဆုံးသတ်သွားခဲ့၏။ သို့သော်သူမကျေနပ်မိပါသည်။ သူမအခုလို ဆယ်တန်း
အောင်မြင်ခဲ့သည် မှာ မေမေနှင့်သူ၏လမ်းပြမှုကြောင့်ဖြစ်၏။ မေမေနှင့်သူသာမရှိခဲ့လျှင် သူမဘဝ
အရောင်လွင့်နေရဦးမှာသေချာသည်။သို့သော် ကံကြမ္မာသည် နိမ့်တချီ မြင့်တလှည့်ဖြင့် သူမအား
ဆော့ကစားခဲ့သည်။ မုန်တိုင်းလာပြီးလျှင်လေပြည်လာ တတ်သည်ဆိုသော်လည်း သူမဘဝတွင်
တော့မုန်းတိုင်းများသာဝင်ရောက်လာခဲ့၏။ သူမသည်လည်း ကံကြမ္မာ၏ရိုက်ချက် တွင် ပြင်းထန်စွာ
အထိနာခဲ့သည်။


ထိုနေ့ကို သူမ လုံးဝမမေ့ခဲ့ပါ။ ဝှီးလ်ချဲပေါ်တွင်ထိုင်ရင်းစာဖတ်နေသော သူမသည် ပြင်းထန်သောလဲပြိုသံ
ကို ကြားလိုက်ရသည်။တစ်ဆက်တည်းမှာပင် လှေကားပေါ်မှရုပ်ပျက်ဆင်းပျက်ပြုတ်ကျလာသည့် မေမေ့
ကိုတွေ့လိုက်ရ၏။ သူမ မျက်လုံးများပြာဝေသွားခဲ့၏။ ရုတ်တရက်ဆိုသလို မေမေ့ဆီပြေးသွားမိသည်။
မေမေ့ကိုယ်မှစီးကျလာသော သွေးများကမြင်၍ ပင်မကောင်း။ ဝေဒနာကိုခံစားနေရသည့်အကြားက
မေမေ့မျက်နှာပြုံးလာ၏။ အမေ့ကိုထွေးပွေ့ထားရင်း သူမ တုန်လှုပ် ချောက်ချားနေမိခဲ့၏။


“ မေမေ ဝမ်းသာလိုက်တာ သမီးဖြူရယ် ” 


စကားတစ်ခွန်းက မေမေ့နှုတ်မှတုန်ယီလှိုက်မောစွာထွက်ကျလာ၏။ ပြီးနောက် သူမလက်ထဲမှာပင်မေမေ
 ပျော့ခွေ ကျသွားခဲ့သည်။ မေမေ့ကို သူမအတင်းလှုပ်နှိုးနေမိသည်။ သို့သော် မေမေက လောကကြီးကို
အရှုံးပေးလျှက် သူမကို မျက်ကွယ်ပြုသွားခဲ့ပြီဖြစ်သည်။ အမေ့ကိုဖက်ကာ သူမငိုကြွေးနေမိသည်။ သူမ
အတွက် အားကိုးစရာရွှေတောင်ကြီးပြိုကျခဲ့ရပြီ။ မေမေပြောခဲ့သေ စကားတစ်ခွန်းကမူ သူမနားထဲတွင်
ကြားယောင်နေမိဆဲဖြစ်သည်။ မေမေဘာကိုဝမ်းသာသွားခဲ့တာ လဲ။  သမီးအခုလိုပူဆွေးနေရတာကို
ဝမ်းသာတာလား မေမေရယ်။


ငိုရှိုက်နေရင်းပင် အဖြစ်အပြက်တစ်ခုကို သတိပြုလိုက်မိသည်။ သူမ ခြေတောက်တွေ..။ သူမ ခြေထောက်
တွေ ပြန်လှုပ်ရှားနိုင်ခဲ့ပြီ။ တိုက်ဆိုင်မှုတစ်ခုနှင့်ကြုံကြိုက်ပါမှပြန်ကောင်းလာမည်ဆိုသော ဆရာဝန်ပြောခဲ့
သည့်စကားကို ပြန်ကြား ယောင်လာမိသည်။ ဒါဆို မေမေ သိသွားခဲ့သည်ပေါ့။ သူမ ခြေတောက်တွေပြန်
ကောင်းလာခဲ့သည်ကို မေမေသိသွားခဲ့သည် ထင်၏။ ထို့ကြောင့် မေမေ ဝမ်းသာသည်ဟုပြောသွားခဲ့တာ
လား။ သို့သော် သူမ ဝမ်းမသာမိပါ။ မေမေ့အသက်နှင့်ရင်းပြီးမှ ပြန်ကောင်းလာသည့် ခြေတောက်တွေ
အတွက် သူမ မပျော်ရွှင်မိခဲ့။ ဝမ်းနည်းခြင်းတို့သည်သာ သူမရင်ကိုတိုက်စားလာခဲ့ သည်။ သူမနှလုံးသား
သည်လည်း နာကျင်ကြေကွဲခြင်းကြိုးမျှင်များဖြင့်တင်းကြပ်စွာရစ်ပတ်ချည်နှောင်ခြင်းခံခဲ့ရလေသည်။


(၅)


သူမ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ပါသည်။ အမေတစ်ယောက်၏ နောက်တဖန်မွေးဖွားပေးခဲ့သည့်ခြေ
တောက်များဖြင့် ပန်းခင်းလမ်းကိုသူမလျှောက်လှမ်းခွင့်ရခဲ့သည်။ သူမ၏ ဘဝအဖော်ကလည်း သူမ
ကဲ့သို့ပင် ဆရာဝန်တစ်ယောက်ဖြစ်သည်။ သူမအိမ်တွင် အလှပဆုံးသောအခန်းတစ်ခန်းရှိပါသည်။
ထိုအခန်းတစ်ခုလုံးတွင် ညှိုးခြောက်နေသည့်ပန်းစည်းများဖြင့်ပြည့် နှက်နေခဲ့သည်။ ထိုပန်းစည်းခြောက်မ
ျားအား နံရံပေါ်တွင် အမြတ်တနိုးချိတ်ဆွဲထားခဲ့ပါသည်။


“ ဒီပန်းစည်းခြောက်တွေကို ဘာလို့ချိတ်ဆွဲထားရတာလဲ ဖြူရယ်၊ ညှိုးခြောက်နေပြီပဲ လွှင့်ပစ်လိုက်ရော
ပေါ့ ”  


ထိုစကားက သူမနှင့်လက်ထပ်ပြီးသည့်အချိန်က မောင်ပြောခဲ့ခြင်းဖြစ်သည်။ မောင့်စကားကို သူမ
အကြောက် အကန်ငြင်းဆန်လိုက်ရသည်။ ထိုပန်းစည်းများက သူမဘဝအတွက်ဘယ်လောက်အထိ
အရေးပါခဲ့သလဲဆိုတာ သူမ အသိ ဆုံး။ ထိုပန်းစည်းလေးများ ညှိုးခြောက်နေခဲ့သော်လည်း သူမ လွှင့်မပစ်
ရက်ပါ။ ထိုပန်းစည်းများသည် သူမ၏ မီးအိမ်ရှင် တစ်ခုဖြစ်၏။ ထို့အပြင် သူမဘဝ၏လမ်းပြကြယ်တစ်ပွင့်
လည်းဖြစ်၏။


“ မရဘူးမောင်၊ ဒီပန်းစည်းလေးတွေက ဖြူ့ဘဝ ဖြူ့နှလုံးသားထဲမှာစွဲထင်နေတဲ့လမ်းပြကြယ်လေးတွေပါ
မောင်၊ ဒီပန်းစည်းတွေကို ဖြူ လွှင့်မပစ်ရက်ဘူး ”  


သူမပြောလိုက်စဉ် မောင့်မျက်နှာပေါ်တွင် သဝန်တိုရိပ်များပြည့်နှက်လာခဲ့၏။


“ ဒါဆိုဖြူက ဒီပန်းစည်းတွေပို့ပေးတဲ့သူကိုအခုချိန်ထိစွဲလန်းနေသေးတာပေါ့။ မောင်မဟုတ်တဲ့ တစ်ခြား
သူတစ် ယောက်ကို ဖြူစွဲလန်းနေသေးတာကို မောင်ဘယ်လိုနားလည်ကြည်ဖြူရမလဲ၊ သူ ဘယ်မှာလဲ ဖြူ၊
ဖြူ့စိတ်ကိုလွှမ်းမိုးထား တဲ့သူ အခုဘယ်မှာလဲဆိုတာမောင်သိချင်တယ်”  


မောင်က သူမကိုကြည့်ကာ သဝန်တိုစွာဖြင့်ဆိုလာသည်။ ထိုအခါ သူမ မျက်ဝန်းတွင် မျက်ရည်စများ
ရစ်သိုင်းလာခဲ့ ရသည်။ သူမ ရင်တစ်လုံးသည်လည်း နာကျင်လာခဲ့သည်။ ပန်းစည်းလေးတွေရဲ့ပိုင်ရှင်ကို
မောင်မေးလာခဲ့ပြီ။ ထိုအမေးကို ဖြေဆိုဖို့ သူမတွင်ခွန်အားမဲ့လွန်းနေခဲ့သည်။ သို့သော် သူမ မဖြေ၍မဖြစ်။
ထိုပန်းစည်းခြောက်လေးတွေက သူမဘဝအတွက် ဘယ်လောက်အရေးပါကြောင်း မောင် သိသင့်၏။


 “ တစ်နေ့ရောက်လာနိုးနိုးနဲ့စောင့်နေခဲ့ပေမယ့် ရောက်မလာခဲ့ဘူးမောင်၊ ရောက်မလာတဲ့အပြင်
 ပန်းစည်းတောင် မပို့ပေးတော့ဘူးလေ ”  


“ ဟင် .. ဘာဖြစ်လို့လဲ ဖြူ၊ ဘာကြောင့် ပန်းစည်းတွေမပို့တော့တာလဲ ”  


မောင့်မျက်နှာပေါ်တွင် သဝန်တိုရိပ်တို့လွင့်ပြယ်သွားပြီး စိတ်ဝင်စားရိပ်တို့ထင်ဟပ်လာခဲ့၏။ သူမ မျက်ဝန်း
တွင်တော့ မျက်ရည်စက်များကလိမ့်ဆင်းလာခဲ့၏။ မောင့်ကို ကြည့်ပြီး သူမတိုးညင်းစွာပြောလိုက်မိ၏။


“ ဒီပန်းစည်းတွေရောက်မလာတော့တာ မေမေဆုံးသွားတဲ့နေ့ကတည်းကပေါ့မောင်ရယ် ”  


“ သြော် ...မောင် နားလည်ပါပြီ ဖြူရယ်.. ”


မောင်က သူမကိုကရုဏာသက်စွာလှမ်းပြော၏။ မောင့်ရင်ခွင်ထဲခိုဝင်ရင်း သူမ ငိုကြွေးလိုက်မိသည်။ ဒီ
ပန်းစည်း ခြောက်တွေက သူမဘဝအတွက် အဖိုးတန်ဆုံးသော ရတနာတစ်ခုဆိုတာ မောင်နားလည်ခဲ့ပြီ
ထင်သည်။ မေမေ၏ လှည့်ကွက်လေးတစ်ခုကြောင့် သူမဘဝရှင်သန်ခွင့်ရခဲ့၏။ ပန်းစည်းများကိုမြင်တိုင်း
မေမေ၏အငွေ့အသက်များကို သူမ ခံစားနေရဆဲဖြစ်၏။ ပန်းစည်းကလေးတွေမည်မျှပင်ညှိုးခြောက်နေပါ
စေ သူမရင်ထဲမှာတော့ မေမေ့ရဲ့ မေတ္တာပန်းနှင့်အတူ ထာဝရရှင်သန်နေမည်ဖြစ်သည်။


                                                                           အပျိုစင်မဂ္ဂဇင်း
                                                                          ဇူလိုင်လ ၊ ၂၀၁၃ ။
  

Twitter Delicious Facebook Digg Stumbleupon Favorites More